အိုးထရက်ဖိုဒ့် က “ဟင်း” ချရတဲ့ ယူရိုပါလိဂ် ပွဲမှာ ဘယ် ယူနိုက်တက် ကစားသမားတွေ ဘယ်လောက် ကောင်း/ညံ့ ခဲ့ကြသလဲ

စကော့ မက်တော်မီနေး ရဲ့ ၉၀+၃ မိနစ် အနိုင်ဂိုး ဟာ ယူနိုက်တက် ပရိသတ်တွေကို စိတ်သက်သာရာ ရစေခဲ့မှာ အသေအချာပါပဲ ။

အခွင့်အရေးတွေ အကောင်းဆုံး အသုံးမချနိုင်မှု ၊ အိုမိုနီးယား ဂိုးသမားရဲ့ စပါယ်ရှယ် လက်စွမ်းပြမှုတွေဟာ ယူနိုက်တက် ကို အိမ်ကွင်း မှာ ၃ မှတ်မရဘဲ ပြီးဆုံးဖို့ နီးကပ် စေခဲ့ ပါတယ် ။

အခုချိန် မှာတော့ ၄ ပွဲကစား ၉ မှတ် နဲ့ နောက်တဆင့် တက်ဖို့ အလားအလာကောင်းသွားခဲ့သလို အုပ်စုဗိုလ် နေရာကိုပါ မျှော်လင့်လို့ ရသွားခဲ့ပါပြီ ။

အိုမိုနီးယား နဲ့ ကစားခဲ့တဲ့ ပွဲက ယူနိုက်တက် အသင်းသားတွေရဲ့ Rating တွေကတော့ –

ဒါးဗစ် ဒဟဲယား – ၆

စပိန်သား အတွက် ဒီကနေ့ ထွေထွေ ထူးထူး ကာကွယ်ခဲ့ရတာမျိုး မရှိပါဘူး ။ အသင်းရဲ့ ကစားကွက်ထဲ လိုက်ပါပြီး အရင်က မမြင်ရတဲ့ ရှေ့တက် ကစားပုံတွေ လုပ်လာနိုင်တာကတော့ အမြတ်ထွက်ခဲ့တယ်လို့ ပြောရမှာပါ ။

ဒီယေဂို ဒါးလော့ – ၅

တိုက်စစ်ကို ကြိမ်ဖန်များစွာ လိုက်ပါခဲ့ ပေမယ့် အကျိုးပြုတဲ့ အဆုံးသတ် စွမ်းဆောင်ချက်တွေ မရှိခဲ့ ပါဘူး ။ ပေါ်တူဂီ ညာနောက်ခံလူတွေ အချင်းချင်း ယှဉ်ကြည့်မယ်ဆိုရင် ကန်ဆယ်လို ကို မီဖို့ ဆိုတာ ဒါးလော့ အတွက် အဝေးကြီးမှ အဝေးကြီးလို့ ပြောရမယ့် ပွဲမျိုး ဖြစ်ခဲ့ပါတယ် ။

ဗစ်တာ လင်ဒီလော့ဖ် – ၅

ဒီနေ့ပွဲမှာ အိုမိုနီးယား က အခွင့်အရေး ၂ ကြိမ်သာ ရခဲ့ပါတယ် ။ အဲ့အထဲက တကြိမ်က လင်ဒီလော့ဖ် ကို နှပ်ချ သွားခဲ့တာပါ ။ ဒီလိုပွဲမျိုးမှာ ဘာမှ မစွမ်းဆောင်ပြနိုင်တာ ကိုကပဲ အမှတ်နည်းဖို့ ထိုက်တန်နေပါပြီ ။

လီဆန်ဒရို မာတီနက် – ၅

မာတီနက် လည်း ထိုနည်းလည်းကောင်း ပါပဲ ။ ရှေ့ပွဲတွေ က ကစားခဲ့တဲ့ ပုံစံနဲ့ ချိန်ထိုးကြည့်ရင် ဒီည တွေ့ခဲ့ရတဲ့ မာတီနက် က တခြားတယောက်လို့တောင် ထင်ချင်စရာ ကောင်းခဲ့ ပါတယ် ။

မာလာစီယာ – ၅

မာလာစီယာ တယောက် ပုံစံကောင်း မပြနိုင်ခဲ့တာ နည်းနည်း ကြာနေပါပြီ ။ အခုပုံစံ အတိုင်းဆိုရင် ဒီလ ထဲမှာ တိုက်စစ် လိုက်ပါမှု ပိုကောင်းလာတဲ့ လုခ်ရှော ကို နေရာ ပြန်ဖယ်ပေးရနိုင်ပါတယ် ။

ကက်စမဲရိုး – ၇

ကက်စမဲရိုး ကတော့ တဖြည်းဖြည်း နဲ့ ယူနိုက်တက် ကွင်းလယ်မှာ အရေးပါတဲ့ ကစားသမား ဖြစ်လာနေ ပါပြီ ။ ဒီနေ့ ပွဲမှာလည်း တိုက်စစ်လိုက်ပါမှု ကောင်းခဲ့သလို ခံစစ်မှာလည်း အားကိုး ခဲ့ရပါတယ် ။ ပထမပိုင်းမှာ ယူနိုက်တက် ရဲ့ အကောင်းဆုံး ကစားသမားလို့တောင် ပြောရမှာပါ ။

ဖရက်ဒ် – ၅

အားသန်တဲ့ နေရာမှာ ကစားခဲ့ရ သလို ကက်စမဲရိုး အကူလည်း ရှိခဲ့ ပေမယ့် ခြေမပေါ်ခဲ့ ပါဘူး ။ အခွင့်ကောင်း တကြိမ် ( ခေါင်းတိုက်ချက် ) ကိုပါ ဖြုန်းတီးခဲ့ ပါသေးတယ် ။ အဲရစ်ဆင် ရဲ့ အရေးပါမှုကို ဖရက်ဒ် ရဲ့ အားနည်းချက်တွေက ပိုပြိး သိသာ ထင်ရှား စေခဲ့တာပါပဲ ။

အန်တိုနီ – ၅

ဖရက်ဒ် လွဲသွားတဲ့ ခေါင်းတိုက်ချက် ကို ဖြတ်တင်ပေးခဲ့တာက လွဲရင် ဘာမှ ထူးထူးခြားခြား မလုပ်ပြ နိုင်ခဲ့ ပါဘူး ။ ဒါကြောင့်လည်း ဆန်ချို နဲ့ လူစားလဲ ခံခဲ့ရတာပါ ။

ဘရူနို ဖာနန်ဒက်စ် – ၅

လွန်ခဲ့တဲ့ ၂ နှစ်ကျော် လောက်တုန်းက ခြေစွမ်းတွေပြ ဂိုးတွေသွင်းခဲ့တဲ့ ဖာနန်ဒက်စ် ဟာ ပေါ်တူဂီ မှာ ကျန်ရစ် ခဲ့ ပါပြီ ။ မနေ့ညက တသင်းလုံးမှာ အဆုံးသတ် စွမ်းဆောင်မှု အညံ့ဆုံး ဖြစ်ခဲ့သလို ကာယပိုင်း ၊ နည်းစနစ်ပိုင်း မှာလည်း စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ် ။

ရက်ဖိုဒ့် – ၆

ကံတရား နဲ့ မတိကျမှု ၃၀% ၊ အူဇိုဟို ( အိုမိုနီးယား ဂိုးသမား ) ရဲ့ လက်စွမ်းပြမှု ၇၀% တို့က ရက်ဖိုဒ့် ရဲ့ ကြိမ်ဖန်များစွာသော ကြိုးစားမှုတွေကို အရာမထင်အောင် လုပ်သွားခဲ့ ပါတယ် ။

ကန်ချက်တွေ သေသပ်ပေမယ့် အဆုံးသတ် စွမ်းရည် ကတော့ အားရစရာ မရှိခဲ့ပါဘူး ။

ရိုနယ်ဒို – ၆

အမှားတွေ သိပ်မလုပ်မိ ခဲ့ပါဘူး ။ ဒါပေမယ့် သူ့ရဲ့ အဓိက တာဝန်ကိုတော့ ပျက်ကွက်ခဲ့ ပါတယ် ။ ဂိုးသွင်းဖို့ပါ ။

လူစားဝင် ကစားသမားများ –

လုခ်ရှော – ၆

ဆန်ချို – ၆

အဲရစ်ဆင် – ၆

တော်မီနေး – ၇ တို့ပဲ ဖြစ်ကြပါတယ် ။

ယူနိုက်တက် ဟာ လာမယ့် ပိတ်ရက် မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် နယူးကာဆယ် အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာပါ ။

 

SPORTS MYANMAR