အိုမိုနီးယားကို နိုင်ခဲ့တဲ့ ပွဲစဥ်အပြီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည် အချို့ကို ချီးကျူးလိုက်တဲ့ တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် ကတော့ အိုမိုနီးယား အသင်းကို မက် တော်မီနေး ရဲ့ နောက်ကျ မိနစ် သွင်းဂိုး နဲ့ နိုင်ခဲ့တဲ့ ပွဲစဥ် အပြီး အသင်းသား တွေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ ကျေနပ်မိကြောင်း ပြောခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာတော့ ယူရို ပါလိဂ် ပြိုင်ပွဲရဲ့ အုပ်စု ပွဲစဥ် 4 အဖြစ် အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ဆိုက်ပရက် အခြေစိုက် အိုမိုနီးယား နီကိုဆီးယား အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး 1 – 0 ဆိုတဲ့ ရလဒ် နဲ့ ကပ်နိုင်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက် ကစားသမားတွေက ဂိုးပေါက် ခြိမ်းခြောက်မှု 34 ကြိမ် အထိ လုပ်ဆောင်နိုင်ခဲ့ကြပါတယ်် ။ အဲ့ဒီထဲမှာ ကြီးမားတဲ့ အခွင့်အရေး ဖန်တီးမှု 7 ကြိမ် အထိ ပါဝင်ခဲ့ပါတယ် ။ ဒါပေမဲ့ ပြိုင်ဖက် ဂိုးသမားရဲ့ လက််စွမ်းကောင်း ပြသမှုက ယူနိုက်တက် တို့ကို အခက်ကြုံစေခဲ့ ပါတယ် ။

နောက်ဆုံးတော့ ယူနိုက်တက် တို့ဟာ ပွဲချိန် 93 မိနစ်မှာ မက် တော်မီနေး သွင်းယူပေးခဲ့တဲ့ သွင်းဂိုး တစ်ဂိုး နဲ့ ပွဲစဥ်ကို အနိုင် ကစားနိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။ အခုတော့ ယူနိုက်တက်တို့ အုပ်စုဗိုလ် ဖြစ်နိုင်ရေး မျှော်လင့်ချက် ဆက်လက် ရှင်သန်ခဲ့ရပါပြီ ။

အဆိုပါ ပွဲစဥ်အပြီးမှာတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ်က ဒီပွဲမှာ ကပ်နိုင်ခဲ့ပေမဲ့ အသင်းသားတွေရဲ့ ဂိုး ဖန်တီးနိုင်မှု စွမ်းရည် နဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု စွမ်းရည် ပိုကောင်းလာခဲ့တဲ့ အပေါ် အကောင်းမြင် ချီးကျူး သွားခဲ့လိုက် ပါတယ် ။

” ကျွန်တော်တို့ မြင်တွေ့ခဲ့ကြရတာက ဘရန့်ဖို့ဒ် နဲ့ ပွဲစဥ်ကလွဲရင် ကျွန်တော်တို့ ပွဲတိုင်း ဂိုးသွင်းနိုင်ခဲ့တယ်ဆိုတာပါပဲ ။ ဒါ့ကြောင့် ဒီအသင်းမှာ ဖန်တီးနိုင်မှု စွမ်းရည် နဲ့ ဂိုးသွင်းနိုင်စွမ်းတွေ အများကြီး ရှိနေတယ်ဆိုတာကို ကျွန််တော်တို့ သိရှိနိုင်ပါတယ် ”

” တခါတလေကျတော့ ကျွန်တော်တို့ဟာ မအောင်မြင်တဲ့ ညချမ်းတွေ ပိုင်ဆိုင်ရလေ့ ရှိတတ်ပါတယ် ။ ဒီညကတော့ အဲ့ဒီလိုည တစ်ည ဖြစ်ခဲ့ရပါတယ် ။ ဒါပေမဲ့ ကစားသမားတွေကို ကျွန်တော် ချီးကျူးချင်ပါတယ် ။ သူတို့ဟာ အခွင့်အရေးတွေ လွဲခဲ့ကြပေမဲ့ အဆုံးထိတိုက်ပွဲဝင်ခဲ့ကြတယ်လေ ”

” သူတို့ဟာ ဂိုးသွင်းနိုင်မယ်ဆိုတဲ့ ယုံကြည်ချက် ရှိနေခဲ့ကြပြီး အဆုံးသတ်မှာတော့ ဒါကို လုပ်ပြသွားနိုင်ခဲ့ကြပါတယ် ။ ကျွန်တော်တို့ ကစားသင့်တာ ဒီလို နည်းလမ်းမျိုးနဲ့ပဲလေ ။ ကျွန်တော်ဟာ ကံမကောင်းတဲ့ ညချမ်းတွေ များစွာ ကြုံတွေ့ခဲ့ဖူးပါတယ် ”

” ကျွန်တော်တို့ ကစားပုံကောင်းတယ် ၊ အခွင့်အရေးတွေ ဖန်တီးကြတယ် ၊ ဒါပေမဲ့ ဂိုးမသွင်းနိုင်တဲ့ ညမျိုးပေါ့ဗျာ ။ ဘောလုံးဆိုတာ ဂိုးသွင်းယူခြင်းပါပဲ ။ ကျွန်တော်တို့ ဒါကို လုပ်နိုင်ဖို့ လိုပါတယ် ” လို့ တန်ဟတ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar