လီဗာပူးတို့ ခေါ်ယူစေချင်တဲ့ အာဆင်နယ် စတားကို ပြောပြလိုက်တဲ့ ဟက်စကီး

အီမီလီဟက်စကီးက အာဆင်နယ်စတား မာတင်နယ်လီကို သူ့ရဲ့ အသင်းဟောင်း လီဗာပူးတို့ ခေါ်ယူတာကို မြင်ချင်တယ်လို့ ၀န်ခံသွားခဲ့ပါတယ်။ ဘရာဇီး တိုက်စစ် ကစားသမား မာတင်နယ်လီဟာ ဒီရာသီမှာ အာဆင်နယ်ရဲ့ အရေးပါဆုံး ကစားသမားတွေ ထဲက တစ်ဦး အဖြစ် ရပ်တည်နေပြီး ၄ ဂိုးသွင်းကာ ၂ ဂိုး ဖန်တီးပြီး ဂန်းနား တို့ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၁ နေရာမှာ ရပ်တည်နိုင်အောင် ကူညီပေးခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ အပတ်က အာဆင်နယ်တို့ လီဗာပူးကို ၃-၂ နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ်မှာ ခြေစွမ်းပြ ကစားခဲ့သူ ဖြစ်ပြီး အသင်း အတွက် ၁ မိနစ်မှာတင် အဖွင့်ဂိုး သွင်းယူပေးခဲ့သလို ဆာကာရဲ့ ဂိုးအတွက်လည်း ဖန်တီးပေးခဲ့ပါတယ်။ ဟက်စကီးဟာ ဒီရာသီ မာတင်နယ်လီရဲ့ ကစားပုံ အပေါ် နှစ်သက်လျက် ရှိနေပြီး လီဗာပူး အနေနဲ့ ဘရာဇီး စတားကို ခေါ်ယူရန် သေချာပေါက် ကြိုးစားသင့်တယ်လို့ အကြံပေးလိုက်ပါတယ်။

လီဗာပူးဟာ ဒီရာသီမှာ တာထွက် ဆိုးရွားနေခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၈ ပွဲ ကစား နိုင်ပွဲ ၂ ပွဲသာ ရရှိထားခဲ့ကာ အဆင့် ၁၀ နေရာကို ရောက်ရှိနေခဲ့ပါတယ်။ ဒ့ါကြောင့်လည်း လူတော်တော်များများက လီဗာပူးဟာ နွေရာသီက ဆာဒီယိုမာနေးကို လက်လွှတ်ခဲ့ရတဲ့ ဒဏ်ကို ခံစားနေရတယ်လို့ သုံးသပ်နေကြပါတယ်။

ဟက်စကီးက “ခင်ဗျားတို့ ဒီရာသီ သူ့ရဲ့ အပြင်းအထန် အားထုတ်ကစားမှုကို ကြည့်လိုက်ပါ။ ဒီရာသီ သူ့ရဲ့ ကစားနေပုံ အရ သူ့လိ်ုမျိုး ကစားပြထားတဲ့ ကစားသမားဟာ အပြင်မှာ များများစားစား မရှိပါဘူး။ သူဟာ မိနစ် ၉၀ ပြည့် တိုက်စစ်မှာကော ခံစစ်အတွက်ပါ non-stop ကစားနေတာပါ။ သူဟာ ပြိုင်ဘက် ကစားသမားတွေကို မောင်းကစားနိုင်တဲ့ အရည်အသွေး ၊ ကစားကွက် ကနေ ဆွဲထုတ်ကာ out of postion ဖြစ်အောင် လုပ်နိုင်တဲ့ စွမ်းရည်တွေ ရှိနေပါတယ်။

သူဟာ ယုံကြည်မှု ပြည့်၀ကာ ဘောလုံးကစားတာ သက်တောင့်သက်သာ ရှိပြီး နောက်ခံလူ တစ်ဦး အနေနဲ့ သူ ဂိုးကန်သွင်းမှာလား ၊ ဖြတ်တင်ဘော လုပ်မှာလား ၊ လိမ်ခေါက် ကျော်ဖြတ်မှာလား ဆိုတာကို ခန့်မှန်းလို့ မရပါဘူး။ သူဟာ တအားကို တော်တဲ့ ကစားသမားပါ။ လူတိုင်း တွဲဖက် ကစားချင်ပြီး ရင်ဆိုင်ရတာ မုန်းတီးတဲ့ ကစားသမားမျိုးပါ။ သူဟာ ပြိုင်ဘက်ကို လုံး၀ နားချိန် မပေးပါဘူး။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြောစရာ အခိုက်အတန့် တစ်ခု ရှိခဲ့ပါတယ်။ ဂျိုရယ်မာတစ်ဟာ လေထဲက ဘောလုံးကို ရှင်းထုတ်ဖို့ ကြိုးစားနေခဲ့ပြီး သူဟာ ဒီအခြေအနေကို လုံး၀ ထိန်းချုပ်ထားတဲ့ ပုံစံမျိုး ရှိခဲ့ပါတယ်။ အဲဒီနောက် မာတင်နယ်လီဟာ ရုတ်တရက် ပေါ်လာခဲ့ပြီး သူ့ကို close down လုပ်ကာ ဘောလုံးကို ရယူသွားခဲ့ပါတယ်။

သူဟာ အခုချိန်မှာ ပိုမို တောင့်တင်းသန်မာလာခဲ့ပါတယ်။ သူ့ရဲ့ ယခု form ကတော့ ထိန်းချုပ်ရတာ ခက်ခဲပါတယ်။ မာတစ်နဲ့ ကိစ္စမှာဆိုရင် ၅၀-၅၀ အခြေအနေတောင် မဟုတ်ပါဘူး။ မာတစ်က ၇၀-၃၀ အခြေအနေကို ယူထားခဲ့တာပါ။ ဒီလို ကစားသမားမျိုးကို ကိုယ့်ရဲ့ အသင်းမှာ အမြဲတမ်း လိုချင်မိပါတယ်။” လို့ ဆိုသွားပါတယ်။

SM