လာမယ့် ရာသီ အင်တာကနေ ချဲလ်ဆီးကို ပြန်လာရင် လူကာကူ ဘာကြောင့် အောင်မြင်နိုင်မှာလဲ ဆိုတာ သုံးသပ်လိုက်တဲ့ ဂလင်းဂျွန်ဆင်

ပြီးခဲ့တဲ့ ရာသီ အင်တာမီလန်ကနေ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅သန်းနဲ့ ခေါ်ယူခဲ့တဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူဟာ စဝယ်ဝယ်ချင်း ပွဲအချို့ကလွဲပြီး ၊ ချဲလ်ဆီး အသင်း အတွက် ဘယ်ရှုထောင့်ကမှ အကျိုးမပြုခဲ့ပါဘူး ။

ပထမဆုံး အနေနဲ့ ၄င်းဟာ ပေးရတဲ့ တန်ကြေးနဲ့ ထိုက်တန်မှု မရှိတာ သိသာလွန်းသလို ၊ ပြီးခဲ့တဲ့ တရာသီလုံး အသင်း အခက်တွေ့ခဲ့တဲ့ အချိန် Sky Italia သတင်းဌာနနဲ့ အင်တာဗျူး ဖြေပြီး ၊ အင်တာဆီ ပြန်ပြောင်းချင်ကြောင်း မကွယ်မဝှက် ထုတ်ပြောကာ ပြဿနာ အကြီးအကျယ် ရှာခဲ့ပါတယ် ။

ရာသီအကုန်မှာလည်း လူကာကူဟာ ချဲလ်ဆီးကနေ ထွက်ခွာဖို့ နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ပြီး ၊ ရှေ့နေတွေပါ ငှားခဲ့ရပေမယ့် ၊ အဆုံးမှာ ပိုင်ရှင်သစ် တော့ဒ်ဘိုလီရဲ့ ကြားဝင် ညှိနှိုင်းမှုနဲ့ အသင်းဟောင်း အင်တာမီလန်ဆီ ယူရို ၈သန်း တနှစ် အငှားနဲ့ ပြန်ရောက်သွားပါတယ် ။

တဖက်မှာ လူကာကူဟာ ချဲလ်ဆီး နည်းပြဟောင်း သောမတ်စ် တူချယ်နဲ့ အဓိက အဆင်မပြေ ဖြစ်ခဲ့တာလို့ ယေဘူယျ ကောက်ချက်ချလို့ ရပြီး ၊ အခုအခါမှာ ၄င်း ရာထူးက အထုတ်ခံခဲ့ရတာကြောင့် ၊ ဒါက လူကာကူရဲ့ အနာဂတ် အပေါ်မှာလည်း သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ် ။

လောလောဆယ်မှာ ချဲလ်ဆီးဟာ ဘာစီလိုနာကနေ ဂါဘွန် ဝါရင့် တိုက်စစ်မှူး ပီယာအမ်းမရစ် အူဘားမီးယန်းကို ခေါ်ပြီး တိုက်စစ်မှူး အခက်အခဲ အတွက် ယာယီ ဖြေရှင်းထားပေမယ့် ၊ နည်းပြသစ် ဂရေဟမ် ပေါ်တာကတော့ ကစားသမားတိုင်းကို အခွင့်အရေး ပေးနေတာကြောင့် ၊ ၄င်းရဲ့ နည်းစနစ်မှာသာ လူကာကူ အံဝင်အောင် ကြိုးစားမယ်ဆိုရင် ၊ ချဲလ်ဆီး ကစားသမား ဘဝကို ပြန်ပြီး အဖတ်ဆယ်နိုင်မှာ ဖြစ်ပါတယ် ။

ချဲလ်ဆီးနဲ့ လီဗာပူး နောက်ခံလူဟောင်း ဂလင်းဂျွန်ဆင်ကတော့ အသက် ၂၉နှစ် အရွယ်ရှိ ယင်းဘယ်လ်ဂျီယမ်သား အနေနဲ့ အရင်လို အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြန်ရအောင် လုပ်မယ်ဆိုရင် ၊ အငှားကနေ ချဲလ်ဆီးကို ပြန်လာတဲ့အခါ တဖန် ပြန်အောင်မြင်နိုင်တဲ့ အကြောင်း အခုလိုပဲ သုံးသပ်ခဲ့ပါတယ် ။

BettingOdds ဝက်ဘ်ဆိုက်နဲ့ တွေ့ဆုံခဲ့ရာမှာ ဂလင်းဂျွန်ဆင် က ” သူ ချဲလ်ဆီး ကစားသမား ဘဝကို ဘယ်လို ပြန်အဖတ်ဆယ်မလဲ ဆိုတာ လောလောဆယ်တော့ ပြောရခက်ပါတယ် ။ သူဟာ ကစားသမားကောင်း တဦး ဖြစ်ပေမယ့် ၊ ချဲလ်ဆီးမှာ သူ့ရဲ့ မှတ်တမ်းတွေက စိတ်ပျက်စရာကောင်းပါတယ် ။ ဒါကို ကျွန်တော်တို့ အားလုံးလည်း သိထားပြီးသားပါ ။ ”

” ကျွန်တော်ကတော့ သူသာ အရင်က စွမ်းဆောင်ပြခဲ့တဲ့ အကောင်းဆုံး ပုံစံတွေ ပြန်ရလာရင် ၊ တောင်ပံတိုက်စစ်တွေဆီ ထွက်ပြီး ၊ လိမ်ခေါက်ဖို့ ကြိုးစားနေတာကို ရပ်တန့်နိုင်မယ်ဆိုရင် ၊ ချဲလ်ဆီးကို ပြန်သွားတဲ့ အခါမှာလည်း အောင်မြင်လိမ့်မယ်လို့ ထင်ပါတယ် ။ ”

” ဒါဟာ သူနဲ့ လိုက်ဖက်မှုရှိတဲ့ ကစားပုံစတိုင်လ်မျိုး မဟုတ်ပါဘူး ။ ခင်ဗျာဟာ မန်နေဂျာ တဦးဆိုရင် ၊ သူ့ကို ဗဟိုချက် အထောင်တိုက်စစ်နေရာမှာပဲ တစိုက်မတ်မတ် သုံးရမှာပါ ။ ဘာလို့လဲဆိုတော့ သူဟာ ပြိုင်ဖက် ကစားသမားတွေကို တဦးချင်း ကျော်ဖြတ်နိုင်မယ့် ၊ အသင်း အတွက် နေရာလွတ် ရှာပေးနိုင်မယ့် တိုက်စစ်မှူးမျိုး မဟုတ်လို့ပါ ။ ”

” သူဟာ ဂိုးသွင်းပေးနိုင်တဲ့ လူကောင်ကြီးကြီး တိုက်စစ်မှူးမျိုးသာ ဖြစ်ပါတယ် ။ သူသာ ချဲလ်ဆီးမှာ အရင်လို ပုံစံမျိုးတွေ ပြန်ရရင် သူ ပြန်အောင်မြင်ပါလ်ိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ လူကာကူ ဟာ လက်ရှိ အင်တာမီလန်မှာ ရာသီအစ ပွဲအနည်းငယ်မှာသာ ကစားခွင့် ရပြီးနောက် ၊ ဒဏ်ရာ ရသွားတဲ့ အတွက် နောက်ပိုင်း ကစားတဲ့ ပွဲတွေကို ဆက်တိုက် လွဲချော်ထားပါတယ် ။

SPORTS MYANMAR