ရှော – မာလာစီယာ နှိုင်းယှဉ်မှုကို လုပ်ပြခဲ့ပြီး မန်ချက်စတာယူနိုက်တက် ရဲ့ ရာသီကုန်ရပ်တည်မှုကို ခပ်တည်တည်နဲ့ ခန့်မှန်းသွားခဲ့တဲ့ ပေါလ်စခိုး

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမားဟောင်းကြီး ပေါလ်စခိုး ဟာ ရာသီအဖွင့် ၂ ပွဲဆက်တိုက် ရှုံးနိမ့် ခဲ့စဉ်က အသင်းဟောင်း ကို ဥရောပ ဝင်ခွင့်နဲ့ လွဲချော်မှာ စိုးရိမ်မိကြောင်း ထုတ်ဖော် ပြောဆိုခဲ့ဖူး ပါတယ် ။

ယူနိုက်တက် ဟာ အဲရစ်တန်ဟတ် ရဲ့ ပရီးမီးယားလိဂ် အဖွင့် ၂ ပွဲ ကို ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီး ကစားသမား ဟောင်းတွေရဲ့ ဝေဖန်မှုကို အပြင်းအထန် ခံခဲ့ရ ပါတယ် ။

ဒါပေမယ့် လက်ရှိမှာတော့ သူတို့ဟာ အဆင့် ၅ နေရာကို ပြန်လည် ရောက်ရှိ လာခဲ့ပါပြီ ။

ယူနိုက်တက် ဟာ ဘရိုက်တန် ၊ ဘရန့်ဖိုဒ့် တို့နဲ့ ပွဲအပြီး ကစားရတဲ့ ၆ ပွဲမှာ ၁၅ မှတ် ရယူနိုင်ခဲ့ပြီး မန်စီးတီး တသင်းကိုသာ ဂိုးပြတ် ရှုံးခဲ့ ပါတယ် ။

ကျန်တဲ့ ပွဲတွေမှာ လီဗာပူး ၊ အာဆင်နယ် တို့လို အသင်းကြီးတွေကို ယူနိုက်တက် အနိုင် ကစားခဲ့ပြီး ဥရောပ ဝင်ခွင့်ကို ပြန်လည် ချိန်ရွယ်လာနိုင် ခဲ့ပြီဖြစ်ပါတယ် ။

မနေ့ညက ယူနိုက်တက် ရဲ့ ယူရိုပါလိဂ် ပွဲစဉ် ကို BT Sports ကနေ တင်ဆက်ရင်း စခိုး က အသင်းဟောင်းရဲ့ နောက်ပိုင်း ခြေစွမ်းတွေဟာ သူ့ကို စိတ်သက်သာရာ ရစေခဲ့တယ်လို့ ဖွင့်ဟ ပြောဆိုခဲ့ ပါတယ် ။

ဒါ့အပြင် ယူနိုက်တက် အနေနဲ့ အခုလို ရလဒ်တွေကို တည်တည်ငြိမ်ငြိမ် ဖြစ်အောင် ဆက်လက် စွမ်းဆောင်နိုင် ပါက ရာသီ အကုန်မှာ အဆင့် ၂ နေရာအထိ ရောက်လာနိုင်ကြောင်း စခိုးက သုံးသပ် ခန့်မှန်း သွားခဲ့ ပါတယ် ။

“ပထမ ၂ ပွဲ အပြီးမှာ Top Six ဝင်ခွင့်နဲ့ ပတ်သက်ပြီး ကျွန်တော် တော်တော်လေး စိတ်ပူခဲ့ မိပါတယ် ။ ဒါပေမယ့် သူတို့ ပြန်ပြီး တုန့်ပြန် ခဲ့တဲ့ ပုံစံ ၊ နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲကို အနိုင် ကစားခဲ့တဲ့ ပုံစံတွေက သူတို့ကိုယ် သူတို့ အခွင့်အရေး ပြန်ပေး လိုက်သလို ပါပဲ ။ မန်စီးတီး ပြီးရင် အကောင်းဆုံး အသင်းတောင် ဖြစ်လာနိုင်ပါတယ်”

“ယူနိုက်တက် မှာ သူတို့ ရည်မှန်းထားတာတွေကို အရယူ နိုင်မယ့် လူအင်အား ရှိပါတယ် ။ တချို့ အတွက် က ဝေဖန် ဆုံးဖြတ်ဖို့ သိပ်စောလွန်း နေပါသေးတယ် ။ အချိန်ကြာလာတာနဲ့ အမျှ အသင်းသားတွေ ၊ ဝန်ထမ်းတွေ နဲ့ နည်းပြအကြားက ဆက်သွယ်မှုတွေ အားကောင်းလာမှာပါ ။ အခု သူတို့ကို Top Four ဝင်ခွင့်အတွက် ကျွန်တော် စိတ်ကူးကြည့်လို့ ရပါပြီ” လို့ စခိုးလ် က ပြောဆို ခဲ့ပါတယ် ။

ဆက်လက်ပြီး စခိုးလ် က ယူနိုက်တက် ရဲ့ ဘယ်နောက်ခံလူ နေရာအတွက် လုခ်ရှော က မာလာစီယာ ထက် အနည်းငယ် ပိုကောင်းနိုင်တယ်လို့ သုံးသပ် ပြောဆိုခဲ့ ပါတယ် ။

အခု ရာသီမှ အသင်းကို ပြောင်းရွှေ့လာတဲ့ နယ်သာလန် နောက်ခံလူ မာလာစီယာ ဟာ နည်းပြ တန်ဟတ် ရဲ့ နှစ်သက်မှုကို ရရှိထားပြီး ဘယ်နောက်ခံလူ နေရာမှာ လုခ်ရှောကို ကျော်ပြီး ပွဲထွက်ခွင့် ပိုမို ရရှိခဲ့ပါတယ် ။

ဒါပေမယ့် နောက်ပိုင်း ပွဲအနည်းငယ်မှာတော့ မာလာစီယာ ရဲ့ စွမ်းဆောင်ရည် ကျဆင်းလာခဲ့ပြီး လုခ်ရှော က ပိုမို ခြေစွမ်းပြ ကစားလာခဲ့ပါတယ် ။

မနေ့ညက ပွဲမှာလည်း မာလာစီယာ ဟာ ပွဲထွက် စာရင်းမှာ ပါလာခဲ့ပေမယ့် ရှော နဲ့ လူစားလဲ ခံခဲ့ရပါတယ် ။

“ဒီနည်းပြ ဘာတွေ တွေးနေတယ် ၊ ဘာတွေ လုပ်မယ်ဆိုတာကို ပြောရခက် ပါတယ် ။ ကြံ့ခိုင်မှု အပြည့် ရှိနေရင် ရှော က အင်္ဂလန် ရဲ့ အကောင်းဆုံး ဘယ်နောက်ခံလူ တယောက်ပါ ။ အခုညလည်း သူ ကစားတာ ကောင်းပါတယ် ။ လာမယ့် တနင်္ဂနွေမှာလည်း သူ ဝင်ကစားခွင့် ရပြီး သူ့အစွမ်းကို ပြနိုင်မယ်လို့ ကျွန်တော် မျှော်လင့် ပါတယ်”

“မာလာစီယာ က လိဂ်အသစ် ကနေ ရောက်လာတဲ့ လူငယ်လေးပါ ။ သူ ဒီမှာ မြန်မြန် အသားကျသွား ပါတယ် ။ ဒါပေမယ့် သူတို့ ၂ ယောက်ထဲက ရွေးမယ် ဆိုရင်တော့ လုခ်ရှော က နည်းနည်း ပိုကောင်းတဲ့ ဘယ်နောက်ခံလူပါ” လို့ စခိုးလ် က ပြောဆို ခဲ့ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် ပိတ်ရက်မှာ နယူးကာဆယ် အသင်းနဲ့ ရင်ဆိုင် ကစားရမှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR