ဒီရာသီကုန်မှာ လီဗာပူးတို့ ပရီးမီးယားလိဂ်ဇယားရဲ့ ဘယ်အဆင့်မှာ ရပ်တည်နိုင်မလဲဆိုတာ ခန့်မှန်းလိုက်တဲ့ ရစ်ကီလမ်းဘတ်

ရစ်ကီလမ်းဘတ်က သူ့ရဲ့ အသင်းဟောင်း လီဗာပူးဟာ ဒီရာသီကုန်မှာ အာဆင်နယ်ရဲ့ အထက်မှာ ရပ်တည်နိုင်လိမ့်မယ်လို့ ထောက်ခံသွားခဲ့ပြီး ယာဂန်ကလော့ရဲ့ အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၂ နေရာမှာ ရပ်တည်နိုင်လိမ့်မယ်လို့ ထောက်ခံသွားပါတယ်။

အာဆင်နယ်ဟာ ဒီရာသီမှာ တာထွက်ကောင်းမွန်လျက် ရှိနေပြီး ၉ ပွဲ ကစားပြီးချိန်မှာ အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နေပါတယ်။

လီဗာပူးကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အာဆင်နယ်ကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဒီရာသီမှာ နိုင်ပွဲ ၂ ပွဲသာ ရထားပြီး အဆင့် ၁၀ နေရာကို ရောက်နေပါတယ်။ ဂန်းနားတို့ဟာ ပြီးခဲ့တဲ့ ၆ ရာသီ ဆက်တိုက် ချန်ပီယံလိဂ် ၀င်ခွင့် မရခဲ့ပေမယ့် ဒီရာသီမှာတော့ အခြေအနေ ကောင်းလျက် ရှိနေပါတယ်။

ဒါပေမယ့်လည်း လီဗာပူး တိုက်စစ်မှုးဟောင်း လမ်းဘတ် ကတော့ ယာဂန်ကလော့ရဲ့ အသင်းဟာ နောက်တစ်ကြိမ် အာဆင်နယ်ရဲ့ အထက်မှာ ရပ်တည်နိုင်အုံးမယ်လို့ ဆိုခဲ့ပါတယ်။

လမ်းဘတ်က “ဒါဟာ လီဗာပူး နည်းပြ ဘ၀ တစ်လျှောက် ယာဂန်ကလော့ ပထမဦးဆုံး အမှား လုပ်ခဲ့တာပါပဲ။ သူဟာ ဒီနွေရာသီမှာ လုံလောက်တဲ့ ကစားသမား ခေါ်ယူမှု မလုပ်ခဲ့ပါဘူး။ ကျွန်တော့် အနေနဲ့ သိပ် အများကြီး မဝေဖန်ချင်ပါဘူး။ ပြီးခဲ့တဲ့ နှစ်တွေ အတွင်း မန်ချက်စတာစီးတီးကို သူတို့ရဲ့ ယှဉ်ပြိုင်ခံပုံဟာ တကယ့်ကို မယုံနိုင်စရာပါပဲ။ ဒီရာသီ သူတို့ ခြေစွမ်းပိုင်း ကျဆင်းနေတာ ကတော့ စိတ်ပူစရာပါပဲ။ ဒါပေမယ့် ဒါဟာ နားလည်လို့ ရပါတယ်။

ကျွန်တော်တို့ ပြန်လာလိမ့်မယ်လို့ ထင်ပါတယ်။ လီဗာပူး ဒုတိယ နေရာနဲ့ အဆုံးသတ်နိုင်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ဟာ ၁၀ ပွဲ ၁၅ ပွဲဆက်တိုက် နိုင်ပွဲတွေ ယူနိုင်တဲ့ အရည်အသွေး ရှိထားပြီးသားပါ။

အာဆင်နယ်ဟာ တအားကို တာထွက် ကောင်းခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် ရမှတ် ၉၀ ကျော် ရဖို့ ဆိုတာ ဘယ်လောက်တောင် ခက်ခဲသလဲဆိုတာ သူတို့ မကြာခင် သဘောပေါက်လာပါလိမ့်မယ်။ မန်စီးတီးဟာ ပရီးမီးယားလိဂ် ဖလားကို နောက်တစ်ကြိမ် လွယ်ကူစွာ ဗိုလ်စွဲသွားမှာပါ။” လို့ ပြောသွားပါတယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့ ရာသီတုန်းက တစ်ရာသီအတွင်း ဖလား ၄ လုံး အောင်မြင်မှုကို ရရှိရန် ၂ ပွဲအလိုမှာ ရှိခဲ့တဲ့ အသင်း ဖြစ်ပြီး ဒီရာသီ တာထွက်ကတော့ မနှစ်က အသင်းကို လုံး၀ မမှတ်မိနိုင်လောက်အောင် ဖြစ်နေခဲ့ပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့ ရာသီက အက်ဖ်အေဖလား နဲ့ ကာရာဘောင်ဖလား တို့နဲ့သာ ကျေနပ်ခဲ့ရကာ ပရီးမီးယားလိဂ် title race ရဲ့ နောက်ဆုံးနေ့မှာ မန်စီးတီးရဲ့ အံ့ဖွယ် comeback ကြောင့် တစ်မှတ်တည်းနဲ့ ချန်ပီယံဆုနဲ့ လွဲခဲ့သလို ချန်ပီယံလိဂ် ဖိုင်နယ်မှာလည်း ရီးရဲယ်မက်ဒရစ်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

SM