တော့ဒ်ဘိုလီရဲ့ လုပ်ရပ် တခု အပေါ် မေးခွန်းထုတ်ရင်း ၊ ချဲလ်ဆီး စတား တဦးနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်မိကြောင်း ဖွင့်ဟလာတဲ့ ဘောလက်

ချဲလ်ဆီး အသင်းဟာ ယခုနှစ် ဘောလုံးရာသီ မစတင်ခင် လပိုင်း အလိုမှာ ပိုင်ရှင် အပြောင်းအလဲ ဖြစ်ခဲ့ပြီး ၊ တော့ဒ်ဘိုလီ ဦးဆောင်တဲ့ အမေရိကန် စီးပွားရှင် ရှယ်ယာစုဟာ ရုရှားဘီလျံနာ ရိုမန် အေဘရာမိုဗစ်ခ်ျထံက ပေါင် ၄ဘီလီယံနဲ့ တရားဝင် ဝယ်ယူခဲ့ပါတယ် ။

ခေတ်သစ် ချဲလ်ဆီး ဖြစ်လာဖို့ တော့ဒ်ဘိုလီ ဟာ အသင်းကို ခေါင်းအစ ခြေအဆုံး အပြောင်းအလဲ လုပ်ပစ်ဖို့ ကြိုးစားလျက်ရှိပြီး ၊ ထိပ်ပိုင်း ရာထူး အများစုကို သူ ယုံကြည် အားထားရတဲ့သူတွေနဲ့ တာဝန် ပြောင်းလဲ လွှဲအပ်ပေးထားတာကို တွေ့ရမှာ ဖြစ်ပါတယ် ။

အထူးသဖြင့် အသင်း တသင်းရဲ့ အရေးကြီးဆုံး နေရာ တနေရာ ဖြစ်တဲ့ နည်းပြ ရာထူးမှာ ခြင်္သေ့ပြာ DNA အပြည့်ရှိတဲ့ ဂျာမန်လူမျိုး နည်းပြ သောမတ်စ် တူချယ်ကို အိုင်ဒီယာချင်း မတူလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တော့ဒ်ဘိုလီ တယောက် ဖယ်ရှားပစ်ခဲ့ပြီး ၊ ၄င်းနေရာမှာ ဘရိုက်တန် နည်းပြဟောင်း ဂရေဟမ် ပေါ်တာကို ရေရှည် စီမံကိန်း ၅နှစ် စာချုပ်နဲ့ တာဝန်ပေးထားပါတယ် ။

ချဲလ်ဆီး ကွင်းလယ်လူဟောင်း မိုက်ကယ် ဘောလက်ကတော့ ၄င်းနဲ့ တနိုင်ငံတည်းသား နည်းပြ ဖြစ်သူ သောမတ်စ် တူချယ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့တဲ့ တော့ဒ်ဘိုလီရဲ့ ဆုံးဖြတ်ချက် အပေါ် မေးခွန်းထုတ်ရင်း ၊ ၄င်းရဲ့ လုပ်ရပ် မှန်မမှန် ဆိုတာ အချိန်က စကားပြောသွားမှာ ဖြစ်ကြောင်း အခုလိုပဲ ဖွင့်ဟလာပါတယ် ။

Sport Bild နဲ့ တွေ့ဆုံခဲ့ရာမှာ ဘောလက် က ” တူချယ်ကို နည်းပြ ရာထူးကနေ ထုတ်ပယ်ခဲ့တဲ့ အပေါ် ကျွန်တော် အတော်လေး အံ့အားသင့်ခဲ့မိပါတယ် ။ နည်းပြ တယောက်ကို ဒီလို ခပ်မြန်မြန် ရာထူးကနေ ထုတ်ခဲ့တာကို ကျွန်တော် ဘယ်လိုမှ နားမလည်နိုင်ပါဘူး ။ အထူးသဖြင့် တူချယ်ဟာ ချဲလ်ဆီး အတွက် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးပေးခဲ့ပြီး ၊ အရမ်း အောင်မြင်ခဲ့တာပါ ။ ”

” ပိုင်ရှင်သစ်ဟာ ကိုယ်ပိုင် ဖီလိုဆိုဖီအသစ် ၊ အိုင်ဒီယာအသစ်တွေနဲ့ အသင်းကို ပြန်ပြီး တည်ဆောက်ချင်တယ် ဆိုတာ ခင်ဗျား မြင်တွေ့ရမှာပါ ။ လူတိုင်းဟာ သူတို့ ယုံကြည် အားထားရမယ့်သူတွေကိုပဲ အနားမှာ ရှိစေချင်ပါတယ် ။ ဒါကြောင့်လည်း သူတို့ တူချယ်ကို ခက်ခက်ခဲခဲနဲ့ ရာထူးက ထုတ်ခဲ့ရပါတယ် ။ ”

” ဒါက ရေရှည်မှာ အလုပ်ဖြစ်မလား ဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရပါမယ် ။ ခင်ဗျားဟာ အောင်မြင်ပြီးသား ဖြစ်တဲ့ အသင်းကြီး တသင်းကို ဂရုတစိုက်နဲ့ စီမံခန့်ခွဲရမယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ။ ချဲလ်ဆီးဟာ စိတ်ဆတ်တဲ့ အပြောင်းအလဲမျိုးတွေ မလိုအပ်ပါဘူး ။ တော့ဒ်ဘိုလီဟာ ဒီလို ခံယူချက်နဲ့ အသင်းကို မတူညီတဲ့ ပုံစံနဲ့ ကိုင်တွယ်နိုင်ဖို့ ကြိုးစားနေတာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တူချယ် လက်ထက်မှာ ပွဲထွက်ခွင့် ပုံမှန် ရခဲ့တဲ့ ဂျာမန် လက်ရွေးစင် တိုက်စစ်မှူး ကိုင်ဟာဗက်ဇ် ဟာ လက်ရှိ နည်းပြ ဂရေဟမ် ပေါ်တာ လက်ထက်မှာတော့ အလှည့်ကျ စနစ်နဲ့သာ ကစားခွင့် ရနေပြီး ၊ နံပါတ် ၁၀ role ၊ အထောင်တိုက်စစ် နေရာတွေမှာ ကစားရပါတယ် ။ ဘောလက် ကတော့ နောက်ချန်တိုက်စစ်မှူးနဲ့ လိုက်ဖက်တဲ့ ဟာဗက်ဇ်ကို ချဲလ်ဆီးမှာ အံဝင်မှု မရှိတဲ့ နည်းစနစ်နဲ့ မြင်တွေ့ရတဲ့ အတွက် စိတ်မကောင်းဖြစ်မိကြောင်း အခုလိုပဲ မှတ်ချက်ပြုခဲ့ပါတယ် ။

ဘောလက် က ” ကိုင်ဟာ ချဲလ်ဆီးကို ရောက်မလာခင်ကတည်းက အရည်အချင်း ပြည့်ဝပြီးသား ကစားသမား တဦးပါ ။ အထောင်တိုက်စစ်မှူး ကဏ္ဍမှာ သူ ကောင်းကောင်းကြီး ဖြည့်ကစားပေးနိုင်ပါတယ် ။ ဒီလို သူ ကစားခွင့် မရတာ ကျွန်တော် စိတ်မကောင်းပါဘူး ။ ဘာလို့လဲဆိုတော့ သူဟာ တိုက်စစ်မှူးရဲ့ နောက်ချန် အနေနဲ့ ကစားတာ ပိုပြီး ကိုက်ညီမှု ရှိလို့ပါ ။ ”

” အဲဒီ နေရာမှာဆို သူ့ရဲ့ အရည်အသွေးတွေ ပိုပြီး ထိထိမိမိ အသုံးချနိုင်ပါတယ် ။ ဒီတော့ ဟာဗက်ဇ်ဟာ အထောင်တိုက်စစ်ထက် နောက်ချန် တိုက်စစ်မှူး အဖြစ် ကစားတာ ပိုကောင်းတယ်လို့ ယူဆနိုင်ပါတယ် ။ တဖက်မှာ သူ ဒီလို စွမ်းဆောင်နိုင်ဖို့ ဆိုတာက နည်းပြ ဖြစ်သူနဲ့ ဆက်ဆံရေး ကောင်းဖို့ လိုတယ် ဆိုတာ ခင်ဗျားတို့ သိထားသင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR