စာချုပ်သစ် မချုပ်ရသေးတဲ့ အာဆင်နယ် စတား တဦးကို ချဲလ်ဆီးသို့ ပြောင်းရွှေ့ဖို့ တိုက်တွန်းလိုက်တဲ့ ဂလင်းဂျွန်ဆင်

လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ် အသင်းဟာ လတ်တလော အားထားရတဲ့ လူငယ် ကြယ်ပွင့် ၂ဦး ဖြစ်တဲ့ အင်္ဂလန် လက်ရွေးစင် တောင်ပံ ကစားသမား ဘူကာယို ဆာကာနဲ့ ဘရာဇီး လက်ရွေးစင် တောင်ပံ ကစားသမား ဂါဘရီရယ် မာတင်နယ်လီတို့ကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ကြိုးစားလျက်ရှိပါတယ် ။

ဆာကာဆိုရင် မနေ့က ကစားခဲ့တဲ့ ဘိုဒို အသင်းနဲ့ ယူရိုပါလိဂ်ပွဲမှု အသင်း အတွက် တလုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး ၊ မာတင်နယ်လီဟာလည်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ လီဗာပူးနဲ့ ပရီးမီးယားလိဂ် Big Match မှာ ပွဲအစ တမိနစ်မှာ ကတည်းက ဂိုးသွင်းပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ် ။

သို့ပေမယ့် ဆာကာဟာ အာဆင်နယ်နဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အခြေအနေ ကောင်းနေပြီး ၊ မာတင်နယ်လီကတော့ စာချုပ်သစ်နဲ့ နီးစပ်မှု မရှိသေးဘူးလို့ သိရပါတယ် ။ မာတင်နယ်လီ ဟာ ဒီမတိုင်ခင်ကတည်းက အသင်းကြီး အချို့ရဲ့ စိတ်ဝင်စားမှုကို ရရှိထားတာကြောင့် ၊ ယခုနှစ် အတွင်း စာချုပ်သစ် မချုပ်နိုင်ရင် လာမယ့် ရာသီ ၄င်းရဲ့ အပြောင်းအရွှေ့ကို စောင့်ကြည့်ရဖွယ် ရှိနိုင်ပါတယ် ။

အသက် ၂၁နှစ် အရွယ်ရှိ မာတင်နယ်လီဟာ ၂၀၁၉ ခုနှစ်မှာ ပေါင် ၉သန်းနဲ့ ရောက်လာပြီး ၊ အခုအခါမှာ အာဆင်နယ်ရဲ့ အဓိက တိုက်စစ် ကစားသမား တဦး အဖြစ် ရပ်တည်နေပါတယ် ။ ၄င်းနဲ့ အာဆင်နယ် အကြား စာချုပ်ဟာ ၂၀၂၄ ခုနှစ် ဇွန်လအကုန် အထိ ဖြစ်ပြီး ၊ ယခုနှစ် ရာသီ အတွင်း စာချုပ်သစ် ချုပ်ဆိုခွင့်တော့ ရှိနေပါတယ် ။

ပြီးခဲ့တဲ့ရာသီမှာရော ၊ ယခုနှစ် ရာသီမှာပါ ခြေစွမ်းပြသထားနိုင်တာကြောင့် မာတင်နယ်လီဟာ စာချုပ်သစ်မှာ လစာ ကြီးကြီးမားမား တိုးရဖို့ အလိုရှိနေပြီး ၊ ထိုအကြောင်းကြောင့်လည်း အခုအချိန် အထိ စာချုပ်သစ် ကိစ္စ နီးစပ်မှု မရှိသေးတာလို့ သိရပါတယ် ။

ချဲလ်ဆီး နောက်ခံလူဟောင်း ဂလင်းဂျွန်ဆင်ကတော့ စာချုပ်သစ် ကိစ္စ အဆင်မပြေနေတဲ့ မာတင်နယ်လီကို လာမယ့် ရာသီမှာ အသင်းပြောင်းဖို့ တိုက်တွန်းရင်း ၊ ချဲလ်ဆီးဟာ ၄င်းကို ဆွဲဆောင်နိုင်တဲ့ ကလပ် ဖြစ်ကြောင်း BettingOdds ဝက်ဘ်ဆိုက်နဲ့ တွေ့ဆုံရာမှာ အခုလိုပဲ သုံးသပ်ခဲ့ပါတယ် ။

ဂလင်းဂျွန်ဆင် က ” သူဟာ အရမ်း စိတ်လှုပ်ရှားစရာကောင်းတဲ့ လူငယ် ကြယ်ပွင့် တဦးပါ ။ ဒီတော့ ချဲလ်ဆီးဟာ သူ့လို ကစားသမားမျိုးကို ခေါ်ယူဖို့ စိတ်ဝင်စားမယ် ဆိုတာ ကျွန်တော် တထစ်ချ ယုံကြည်ပါတယ် ။ လက်ရှိ စာချုပ် ပြီးဆုံးဖို့ နီးလာလေလေ ၊ ချဲလ်ဆီး အနေနဲ့ သူ့ကို ခေါ်ဖို့ အလားအလာ ပိုကောင်းလေလေပါပဲ ။ ”

” ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ နှစ်တွေ အတွင်း ပရီးမီးယားလိဂ်မှာ အောင်မြင်မှု အတွက် သိပ်ပြီး မပြိုင်ဆိုင်နိုင်ပေမယ့် ၊ ကြီးကျယ်တဲ့ ကလပ် တသင်း အဖြစ် ဆက်ရှိနေဆဲပါ ။ ဒီတော့ မာတင်နယ်လီလို ကစားသမားမျိုး အတွက် ချဲလ်ဆီးဟာ စွဲမက်ဖွယ်ကောင်းတဲ့ ကလပ် အဖြစ် ရှိနေပါတယ် ။ ”

” လာမယ့် နွေရာသီ စာချုပ် တနှစ်ပဲ ကျန်မယ့် အနေအထားဆို ၊ ချဲလ်ဆီးက မာတင်နယ်လီကို ခေါ်ဖို့ အလိုရှိနိုင်သလို ၊ ကစားသမားဖက်ကလည်း အသင်းပြောင်းချင်မှာပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR