ဂန္ထဝင်နည်းပြ နဲ့ လမ်းခွဲတဲ့ ရေးဗား ၊ အင်္ဂလိပ်ကလပ်တွေ အခြေအနေကောင်းတဲ့ ကြာသပတေးည ၊ ခပ်ကြာကြာနားရမယ့် ဂိုးသမား တို့နဲ့ . . . နံနက်ခင်း အားကစားသတင်းများ

မနေ့ညက ကစားသွားခဲ့တဲ့ ယူရိုပါလိဂ် နဲ့ ယူရိုပါ ကွန်းဖရန့်စ်လိဂ် ပွဲစဉ်တွေမှာတော့ အင်္ဂလိပ် ကလပ်တွေ ဖြစ်ကြတဲ့ အာဆင်နယ် ၊ မန်ချက်စတာ ယူနိုက်တက် နဲ့ ဝက်စ်ဟမ်း တို့ ၃ သင်းစလုံး နိုင်ပွဲတွေ ရခဲ့ကြ ပါတယ် ။ ဝက်စ်ဟမ်း ကတော့ ပွဲစဉ် ၄ အပြီးမှာတင် နောက်တဆင့်ကို တက်နိုင် သွားခဲ့ ပါပြီ ။

အာဆင်နယ် က ဘိုဒို ဂလင့် ကို အဝေးကွင်းမှာ ၁-၀ ၊ မန်ယူနိုက်တက် က အိမ်ကွင်းမှာ အိုမိုနီးယား ကို ၁-၀ တို့နဲ့ နိုင်ခဲ့ ကြတာပါ ။

အခြားပွဲတွေမှာတော့ ရိုးမား နဲ့ ဘက်တစ် တို့ ၁ ဂိုးစီ သရေကျပြီး လာဇီယို ကလည်း STURM အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့ ပါတယ် ။ PSV နဲ့ ရီးရဲ ဆိုဆီဒက် တို့ကတော့ ပြိုင်ဘက်တွေကို ၅ ဂိုး ၊ ၃ ဂိုးပြတ်တွေ သွင်းပြီး အနိုင် ကစားခဲ့ကြ ပါတယ် ။

ချဲလ်ဆီး ဟာ ဘွန်ဒစ်လီဂါ ကစားသမားတွေကို မျက်စိ ကျနေပြီး အန်ကွန်ကူ ကို ခေါ်ယူဖို့ သဘောတူညီ အပြီးမှာ ဘိုင်ယန် ရဲ့ ဘင်ဂျမင် ပါဗက် ကို ထပ်မံ စိတ်ဝင်စား နေတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

ဒါ့အပြင် ချဲလ်ဆီး ပိုင်ရှင် တော့ဒ်ဘိုလီ ဟာ လီဗာပူး ၊ ရီးရဲမက်ဒရစ် တို့နဲ့ သတင်းကြီး နေတဲ့ ဒေါ့မွန် ကွင်းလယ်စတားလေး ဂျုဒ် ဘယ်လင်ဂမ် ကိုလည်း ခေါ်ယူဖို့ စိတ်ကူးနေကြောင်း ကြားသိရ ပါတယ် ။

ပြီးခဲ့တဲ့ လ တုန်းက ထုတ်ပယ် ခံခဲ့ရတဲ့ ချဲလ်ဆီး နည်းပြဟောင်း သောမတ်စ် တူချယ် ဟာ အင်္ဂလိပ် ကလပ် ၂ ခု ( ပရီးမီးယားလိဂ် ) ရဲ့ ကမ်းလှမ်းမှု ကို ငြင်းပယ် ချခဲ့တယ်လို့ သိရပါတယ် ။

လာဇီယို အသင်း ဥက္ကဌ ကလော်ဒီယို လော့တီတို က မီလန်ကိုဗစ် ဆဗစ် ရဲ့ တန်ကြေးဟာ လတိုင်း မြင့်တက် နေပြီး လက်ရှိမှာ ပေါင် ၁၀၅ သန်း တန်ကြေး ရှိနေပြီလို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

မီလန်ကိုဗစ် ဆဗစ် ဟာ မန်ချက်စတာ ယူနိုက်တက် ၊ ယူဗင်တပ် အသင်းတွေနဲ့ သတင်းထွက်ပေါ် ခဲ့ဖူးသူ ဖြစ်ပါတယ် ။

နယူးကာဆယ် ဟာ ဘရာဇီး ကလပ် ဗာစကို ဒဂါးမားစ် အသင်းမှာ ကစားနေတဲ့ ၁၈ နှစ် အရွယ် ကွင်းလယ် ကစားသမားလေး အန်ဒရီ ဆန်းတိုစ့် ကို စိတ်ဝင်စား စောင့်ကြည့် နေတယ်လို့ သိရပါတယ် ။

ဘရာဇီး ဂန္ထဝင် ကွင်းလယ် သမားကြီး ဂျူနင်ဟို ကိုယ်တိုင် ချီးကျုးပြောဆို ထားတဲ့ အဆိုပါ လူငယ်လေးကို လာလီဂါ က ဘာစီလိုနာ အပါအဝင် အသင်းများစွာက စောင့်ကြည့် နေတယ်လို့လည်း ကြားသိရ ပါတယ် ။

ဘရန့်ဖိုဒ့် အသင်းရဲ့ ဂိုးသမား သောမတ်စ် စထရာကိုရှာ ဟာ ခြေကျင်းဝတ် ဒဏ်ရာ ရရှိသွားခဲ့ တာကြောင့် ရက်သတ္တပတ် အနည်းငယ် နားရမယ်လို့ သတင်း ကြားသိရ ပါတယ် ။

အာဂျင်တီးနား ကလပ် ရေးဗား ပလိတ် ဟာ အသင်းကို ၈ နှစ်ကြာ ကိုင်တွယ် ပေးခဲ့ပြီး ကိုပါ လေဘာတာဒိုးစ် ( တောင်အမေရိက ချန်ပီယံလိဂ် ) ၂ ကြိမ် ၊ ကိုပါ အာဂျင်တီးနား ဖလား ၃ ကြိမ် ၊ ပြည်တွင်း အမှတ်ပေး ဖလား ၁ ကြိမ် အပါအဝင် ဆုဖလား ၁၃ ခု ရယူပေးကာ အသင်းသမိုင်းမှာ အအောင်မြင်ဆုံး နည်းပြ ဖြစ်ခဲ့တဲ့ မာဆယ်လို ဂယ်လာဒို နဲ့ လမ်းခွဲ လိုက်ပြီလို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

 

SPORTS MYANMAR