အာတီတာကို တိုက်ခိုက်ဝေဖန်ခဲ့တဲ့ အူဘားမီးယန်း အပေါ် ပြန်လည် မေးခွန်းထုတ်လိုက်တဲ့ ကာဆာနို

အာဆင်နယ် တိုက်စစ်မှူးဟောင်း တဦးလည်းဖြစ် ၊ လက်ရှိ ချဲလ်ဆီး တိုက်စစ်မှူးလည်း ဖြစ်တဲ့ ပီယာအမ်းမရစ် အူဘားမီးယန်း ဟာ သူ့ရဲ့ ဆရာဟောင်း ဖြစ်တဲ့ အာဆင်နယ် နည်းပြ မီခေးလ် အာတီတာကို အသင်းက မထွက်ခွာမီ လပိုင်း အတွင်း ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေ အတွက် ပြန်လည် တုန့်ပြန် တိုက်ခိုက်ခဲ့ပါတယ် ။

YouTube ပေါ်မှာ တက်လာတဲ့ ထိုဗီဒီယို ဟာ ဘာစီလိုနာသို့ စရောက်ရောက်ချင်းက လုပ်ခဲ့တဲ့ အင်တာဗျူး အကြောင်း ဖြစ်ပေမယ့် ၊ ချဲလ်ဆီးကို ပြောင်းလာပြီး ရက်သတ္တပတ် အချို့ အကြာမှာ ထွက်ပေါ်လာခဲ့ပါတယ် ။

အူဘားမီးယန်း က ” ဘာစီလိုနာက ကျွန်တော့ အဖေကို ဖုန်းစခေါ်တဲ့ အချိန်ကို ကျွန်တော် မှတ်မိနေပါသေးတယ် ။ ကျွန်တော်တို့ဟာ ဘာဆာနည်းပြ ဇာဗီကို သိကြပါတယ် ။ အဲဒီနောက် သူ ကိုယ်တိုင် ကျွန်တော့ဆီ ဖုန်းခေါ်လာပြီး ၊ အာဆင်နယ်မှာ ပြဿနာတွေ ရှိတာကြောင့် ကျွန်တော့ကို ခေါ်ဖို့ အခွင့်အရေး ရှိနေတာ သူသိကြောင်း ကျွန်တော့ကို ပြောပါတယ် ။ ”

” နောက်ပြီး ဇာဗီက ကျွန်တော်သာ ဘာဆာကို ပြောင်းရင် ၊ သူ့အတွက် အထောက်အကူ အများကြီး ဖြစ်မှာပဲလို့ ဆက်ပြောခဲ့ပါတယ် ။ အဲဒီမှာ ကျွန်တော်ကလည်း အိုကေလေ ဆိုပြီး ပြန်ပြောခဲ့ပါတယ် ။ ဒါပေမယ့် နာမည်ကြီး စတား ဒါမှမဟုတ် ကြီးကျယ်တဲ့ ကစားသမားတွေကို သူ ကိုင်တွယ်နိုင်စွမ်း မရှိပါဘူး ။

 

” သူ့အတွက် လူငယ် ကစားသမားအချို့ လိုပါတယ် ။ ဒီချာတိတ်လေးတွေက သူ ဘာလုပ်လုပ် ဘာမှပြောမှာ မဟုတ်ပါဘူး ။ သူတို့က အမြဲ စကားနားထောင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

အာတီတာနဲ့ အူဘားမီးယန်းတို့ အကြား အဆုံးသတ်ခန်းက မလှခဲ့ပေမယ့် ၊ အာတီတာ စရောက်ရောက်ချင်း နှစ်မှာတော့ ချဲလ်ဆီးကို ၂ – ၁ နဲ့ အနိုင်ရပြီး အက်ဖ်အေဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ် ။ ယင်းဗီဒီယို ထွက်လာပြီး နောက်ပိုင်း အူဘားမီးယန်းက အခုလိုပဲ ဖြေရှင်းချက်ပေးခဲ့ပါတယ် ။

အူဘားမီးယန်း က ” အဲဒီ ဗီဒီယိုက ကျွန်တော် ဘာဆာကို စရောက်ခဲ့တဲ့ အချိန်တုန်းက လုပ်ခဲ့တဲ့ အင်တာဗျူး အကြောင်းပါ ။ အဲဒီအချိန်တုန်းက ကျွန်တော်ဟာ စိတ်ထဲမှာ မခံမရပ်မှုတွေ များခဲ့ပါတယ် ။ လက်ရှိ အာဆင်နယ်ဟာ အခုအချိန်မှာ အရမ်းကောင်းနေပါတယ် ။ ဒီတော့ သူတို့ ဒီရာသီကို ကောင်းကောင်း ကျော်ဖြတ်နိုင်ဖို့ ကျွန်တော် ဆုတောင်းပါတယ် ။ ချဲလ်ဆီးနဲ့ တွေ့မယ့် နိုဝင်ဘာ ၆ရက်နေ့က လွဲရင်ပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

အင်တာမီလန်နဲ့ အေစီမီလန်တိုက်စစ်မှူးဟောင်း အန်တိုနီယို ကာဆာနို က အာတီတာကို ဝေဖန်ခဲ့တဲ့ အူဘားမီးယန်း အပေါ် မေးခွန်းထုတ်တဲ့ အနေနဲ့ ” အခုတော့ အူဘားမီးယန်းလည်း ဒီအကြောင်း စပြောလာပါပြီ ။ အာတီတာကို နာမည်ကြီး ကစားသမားတွေကို မကိုင်တွယ်တတ်တဲ့ နည်းပြလို့ သူ ပြောရဲခဲ့တယ်လား ။ ”

” သူ ကိုယ်တိုင်ကရော တကယ့် ချန်ပီယံ တဦး ဖြစ်နေရဲ့လား ? ဒါပေမယ့် သူဟာ ဘောလုံးကို ခြေထဲမှာတောင် ကောင်းကောင်း မထိန်းတတ်သေးပါဘူး ။ အာတီတာ အာဆင်နယ်ကို စကိုင်ခဲ့တုန်းက အသင်းက ကဏ္ဍတိုင်းမှာ ချူချာခဲ့ပါတယ် ။ ခြေစွမ်း မပြနိုင်ခဲ့တဲ့ ကစားသမား အများကြီး ရှိခဲ့တဲ့ အထဲ သူလည်း တဦး အပါအဝင် ဖြစ်ပါတယ် ။ ”

” အာတီတာ အကြောင်း ပြောမယ့် အစား ၊ သူ့အနေနဲ့ ဘောလုံး အကြောင်းပဲ အာရုံစိုက်သင့်ပါတယ် ။ အာတီတာ ကိုင်တွယ်နေတဲ့ အာဆင်နယ်ဟာ လက်ရှိ ကမ္ဘာပေါ်မှာ အရေးကြီးဆုံးလိဂ်ရဲ့ အဆင့် ၁ နေရာမှာ ရှိနေတာပါ ။ ကျွန်တော့ အတွက်တော့ ဒါက ရူးလောက်စရာကောင်းတဲ့ မှတ်ချက် တရပ် ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR