” သရေရလဒ်က ရှုံးသွားသလိုပါပဲ ” သူတို့ အသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဆက်ရှိနေဖို့ မထိုက်တန်ကြောင်း ဝန်ခံပြောကြားလာတဲ့ ဇာဗီ

ဘာစီလိုနာ အသင်းဟာ ရာသီမစခင်မှာ ချန်ပီယံလိဂ် ပြိုင်ပွဲ အောင်မြင်မှု ရဖို့ အားအင် ဖြည့်တင်းမှုတွေ ပြုလုပ် ခဲ့ပေမယ့် မနှစ်ကလိုပဲ ယူရိုပါလိဂ် ပြိုင်ပွဲ ဆင်းကစားရမယ့် အခြေအနေနဲ့ ကြုံတွေ့ နေရပါတယ် ။

မနေ့က အင်တာမီလန် အသင်း နဲ့ တစ်ဖက် ၃ ဂိုးစီ သရေကျခဲ့တဲ့ ပွဲအပြီးမှာတော့ ဘာစီလိုနာ အသင်း နည်းပြ ဇာဗီ က သူတို့ အသင်းဟာ နောက်တစ်ဆင့် တက်ရောက်ဖို့ ထိုက်တန်မှု မရှိကြောင်း ဝန်ခံ ပြောကြား သွားခဲ့ပါတယ် ။

ဘာစီလိုနာ အသင်းဟာ အိမ်ကွင်း နူးကမ့်မှာ ဒမ်ဘီလီ ရဲ့ သွင်းဂိုးနဲ့ ပွဲကို စတင် ဦးဆောင် နိုင်ခဲ့ပေမယ့် ဘာရယ်လာ ၊ မာတီနက်ဇ် တို့ရဲ့ သွင်းဂိုးကြောင့် နောက်ကနေ လိုက်ကစား ခဲ့ရပါတယ် ။ အဲ့ဒီနောက် လီဗန်ဒေါစကီး က ဘာစီလိုနာ အတွက် ချေပဂိုး ပြန်သွင်း ခဲ့ပေမယ့် ဂေါ့ဆန် က ပွဲပြီးခါနီးမှာ အင်တာမီလန် အတွက် တတိယမြောက်ဂိုး ထပ်မံ သွင်းယူ ပေးခဲ့ပြန်ပါတယ် ။

ဘာစီလိုနာ အသင်း ရှုံးပွဲ ကြုံတွေ့ ရမယ့် အရေးကနေ ကယ်တင် ခဲ့သူကတော့ ပိုလန်သားကြီး ပါပဲ ။ လီဗန်ဒေါစကီး ဟာ ပွဲပြီးခါနီး နာကျင် အချိန်ပိုမှာ ဘာစီလိုနာ အတွက် အဖိုးတန် ချေပဂိုး ကို ပြန်လည် သွင်းယူ ပေးခဲ့တာ ဖြစ်ပါတယ် ။

ပွဲအပြီးမှာတော့ ဘာစီလိုနာ နည်းပြ ဇာဗီ က ” ကိုယ့်အိမ်ကွင်းမှာ ကစားရတာတောင် အင်တာ ကို အနိုင်မယူနိုင်ခဲ့တာကြောင့် ဒီပြိုင်ပွဲမှာ ဆက်ရှိနေဖို့ မထိုက်တန်ဘူးလို့ပဲ ပြောချင်ပါတယ် ။ အခု အချိန်မှာ နောက်တစ်ဆင့် တက်ရေးက ကျွန်တော်တို့ အပေါ် မမူတည်တော့တဲ့ အခြေအနေ ဖြစ်သွားခဲ့ပါပြီ ။ ”

” ကျွန်တော်တို့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဆက်ရှိဖို့ မထိုက်တန်ပါဘူး ၊ ကျွန်တော် ပြောတဲ့ စကားတွေက ကြမ်းတမ်း နေနိုင်ပါတယ် ၊ တကယ့်ကို ခက်ခဲ သွားခဲ့ပါပြီ ။ ကစားသမားတွေ အမှားလုပ်တဲ့ အခါမှာ အဓိက တာဝန်ယူ တာဝန်ခံရမှာက ကျွန်တော်တို့ မန်နေဂျာတွေရဲ့အလုပ်ပါပဲ ၊ ကျွန်တော့် ကစားသမားတွေရဲ့ အမှားအပေါ် ကျွန်တော် အပြည့်အဝ တာဝန်ယူ ပါတယ် ။ ”

” ကျွန်တော်တို့ ပွဲအပေါ် ဆက်လက် အာရုံစိုက် ကစားရမယ့် အစား ဒုတိယပိုင်းမှာ ဆိုးဆိုးရွားရွား အမှားတွေ ကျူးလွန် ခဲ့ကြပါတယ် ။ ဒါပေမယ့် ဒါက ကျွန်တော့်ရဲ့ အမှားလို့လည်း ဆိုနိုင်ပါတယ် ၊ ကွင်းအတွင်းမှာ အသင်းကို အံ့အားသင့်ဖို့ ကောင်းလောက်အောင် အားပေးနေကြတဲ့ ပရိသတ်တွေ အတွက် ကျွန်တော်တို့ ဒီထက် ပိုလုပ်နိုင်ခဲ့သင့်ပါတယ် ။ ”

” ကျွန်တော် စိတ်ပျက်နေတာတော့ အမှန်ပါပဲ ၊ ချန်ပီယံလိဂ် ပြိုင်ပွဲ က ကျွန်တော်တို့ အပေါ် ညှာတာမှု ကင်းမဲ့ခဲ့ပါတယ် ၊ နှလုံးကြေကွဲ ထိခိုက် ခံစားရတဲ့ နေ့ရက်တစ်နေ့ပါ ၊ ပရိသတ်တွေ ရဲ့ အားပေးမှု အပေါ် ကျေးဇူး တင်ကြောင်း ပြောချင်ပါတယ် ။ ကျွန်တော်တို့ မျှော်လင့်ချက် အနည်းငယ် ရှိနေသေးပေမယ့် သရေရလဒ် က ရှုံးသွားသလိုပါပဲဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM