ရိန်းဂျားကို ၇-၁ နဲ့ လီဗာပူးတို့ နိုင်ခဲ့တဲ့ပွဲမှာ ချန်ပီယံလိဂ် စံချိန်သစ်ကို ရရှိသွားခဲ့တဲ့ မိုဆာလား

မိုဟာမက်ဆာလားဟာ မနေ့ညက ရိန်းဂျားကို လီဗာပူးတို့ ၇ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အရန်ခုံကနေ ထလာကာ အန်ဖီးကလပ် အတွက် ဟက်ထရစ် သွင်းယူပြီး ချန်ပီယံလိဂ်မှာ မှတ်တမ်းသစ် ရေးထိုး နိုင်ခဲ့ပါတယ်။ ယာဂန်ကလော့ဟာ အောက်တိုဘာ ပွဲကျပ်ကာလ အတွင်း လန်းဆန်းမှု ရှိနေစေရန် ကစားသမား တစ်ချို့ကို အနားပေးသွားခဲ့ကာ ရိန်းဂျားနဲ့ ပွဲစဉ်မှာ ဆာလားဟာ လီဗာပူးရဲ့ ပွဲထွက် ကစားသမား စာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ ကစားသမား ၆ ဦးထဲက တစ်ဦး ဖြစ်ခဲ့ပါတယ်။

လီဗာပူး နံပါတ် ၁၁ ဟာ ပွဲချိန် ၆၇ မိနစ်မှာ လူစား၀င်လာခဲ့ပြီး ၁၅ မိနစ် အတွင်းမှာ ရိန်းဂျား ဂိုးပေါက်ထဲကို ၃ ဂိုး သွင်းယူ နိုင်ခဲ့ပါတယ်။ ဆာလားဟာ အဆိုပါ ဂိုး ၃ ဂိုး အတွက် အချိန် ၆ မိနစ် ၁၂ စက္ကန့်သာ ယူခဲ့ရပြီး ဒါဟာ ချန်ပီယံလိဂ် ပြိုင်ပွဲ သမိုင်းတစ်လျှောက် အမြန်ဆုံး ဟက်ထရစ် သွင်းယူနိုင်တဲ့ ကစားသမား ဖြစ်လာခဲ့ ပါတယ်။

ပြီးခဲ့တဲ့ စံချိန်ရှင် ကတော့ လီယွန်တိုက်စစ်မှုးဟောင်း ဘာဖီတင်ဘီဂိုမစ် ဖြစ်ပြီး ၎င်းဟာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က ဒီနမိုဇာဂရက်ကို ၇-၁ နဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲစဉ်မှာ လီယွန် အတွက် တစ်ဦးတည်း ၄ ဂိုး သွင်းယူခဲ့ပြီး ဟက်ထရစ် ရဖို့ အတွက် အချိန် ၇ မိနစ် ယူခဲ့ရပါတယ်။

ဆာလားဟာ အခုဆိုရင် ပရီးမီးယားလိဂ် ကလပ် တစ်ခုတည်း အတွက် ချန်ပီယံလိဂ် သွင်းဂိုး အများဆုံး ကစားသမား အဖြစ်နဲ့လည်း ဦးဆောင်လျက် ရှိနေပြီး ၃၈ ဂိုး သွင်းယူထားခဲ့ကာ ဒီဒီယာဒရော့ဘာ (ချဲလ်ဆီး) နဲ့ ဆာဂျီယိုအဂွေးရိုး (မန်စီးတီး) တို့ရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အီဂျစ်စတားဟာ လီဗာပူးရဲ့ သမိုင်းမှာ စတီဗီစတန်တန် (၁၉၈၉) နဲ့ စတီဗင်ဂျာရတ် (၂၀၁၀) တို့ပြီးနောက် လူစား၀င်လာပြီးနောက် ဟက်ထရစ် သွင်းယူနိုင်တဲ့ တတိယမြောက် ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

အခုဆိုရင် ဆာလားဟာ လီဗာပူး အတွက် ၂၆၇ ပွဲမှာ သွင်းဂိုး ၁၆၄ ဂိုးထိ ရရှိသွားခဲ့ပြီ ဖြစ်ပြီး ဒါဟာ ကလပ်သမိုင်းတစ်လျှောက် ၈ ယောက်မြောက် သွင်းဂိုး အများဆုံး ကစားသမား ဖြစ်ကာ မိုက်ကယ်အို၀င် (၁၅၈) ကို အဝေးမှာ ချန်ထားခဲ့နိုင်ပြီး ကန်နီဒဲလ်ဂလစ်ခ်ျကို လိုက်မှီရန် ၈ ဂိုးသာ လိုပါတော့တယ်။ ဆာလားဟာ ဒီရာသီမှာ လီဗာပူးနဲ့ အတူ ပုံစံကောင်း ပြသရန် ရုန်းကန် နေရသူ ဖြစ်ပြီး ဒီပွဲစဉ်က ဟက်ထရစ် ကတော့ အီဂျစ် လက်ရွေးစင်ရဲ့ ယုံကြည်မှုကို များစွာ တိုးစေမှာ ဖြစ်ကာ ဒီရာသီမှာ ၎င်းရဲ့ သွင်းဂိုး ပမာဏကလည်း ၈ ဂိုးထိ ရှိသွားခဲ့ပါပြီ။

ဆာလား အနေနဲ့ ကတော့ ရိန်းဂျားနဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဟက်ထရစ်ဟာ ဒီရာသီ သူ့ရဲ့ ပုံစံကောင်း အစ ဖြစ်သွားမယ်လို့ မျှော်လင့်နေမှာ ဖြစ်ပြီး လီဗာပူးဟာ လာမည့် တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် မန်စီးတီးကို အန်ဖီးမှာ လက်ခံ ကစားရမှာ ဖြစ်ပါတယ်။

SM