ပုံစံကောင်းပြနေတဲ့ ဖာမီနို ၊ အမြန်ဆုံး ဟက်ထရစ်သွင်းယူခဲ့တဲ့ ဆာလား….ရိန်းဂျား ၁-၇ လီဗာပူး ပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာ အချက်များ

လီဗာပူးဟာ ပြိုင်ဘက်ကို နောက်တစ်ကြိမ် ထပ်မံ ဦးဆောင်ဂိုး ပေးခဲ့ရပေမယ့်လည်း ရိန်းဂျားကို ဒုတိယပိုင်းမှာ အကောင်းဆုံး ခြေစွမ်းပြကာ ၇-၁ နဲ့ ဂိုးပြတ် ချေမှုန်းနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ နောက်တဆင့်ကို တက်ရောက်နိုင်ရန် အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိသွားခဲ့ပါတယ်။

ရိန်းဂျား ၁-၇ လီဗာပူး
(ဂိုး – ရိန်းဂျား (အာဖီး ၁၇) ၊ လီဗာပူး (ဖာမီနို ၂၃ ၅၄ ၊ နူးနက် ၆၆ ၊ ဆာလား ၇၅ ၈၀ ၈၁ ၊ အယ်လီယော့ ၈၇)

၁~အလုပ်ဖြစ်သွားခဲ့တဲ့ လူအပြောင်းအလဲ
တီယာဂိုဟာ ဒီအချိန်မှာ လီဗာပူး အတွက် အရေးပါဆုံး ကစားသမား ဖြစ်နေပေမယ့်လည်း စပိန်ကွင်းလယ်လူရဲ့ ကြံ့ခိုင်မှု အခြေအနေ အပြင် မန်စီးတီးနဲ့ ပွဲစဉ်လည်း ရှိနေတာကြောင့် ဒီပွဲစဉ်မှာ ၎င်းကို ပွဲထွက်စာရင်းမှာ အသုံးမပြုခဲ့တာ ကတော့ အံ့သြစရာ မဟုတ်ပါဘူး။ အံ့သြစရာကတော့ ဆာလားကို ချန်လှပ်ခဲ့မှု ဖြစ်ပြီး ကလော့ကတော့ မန်စီးတီးနဲ့ ပွဲအတွက် လန်းဆန်းနေစေရန် ရည်ရွယ်ထားပုံ ပါပဲ။ ဂျိုတာ ကတော့ ပွဲထွက်ကစားရန် လုံလောက်တဲ့ ကြံ့ခိုင်မှု မရှိတာကြောင့် ပွဲထွက်စာရင်းကနေ ချန်လှပ်ခံခဲ့ရကာ ကယ်ဗယ်ဟို ၀င်ကစားခွင့် ရခဲ့ပါတယ်။

အာဆင်နယ်နဲ့ ပွဲစဉ်က လူစာရင်းကို အပြောင်းအလဲ ၆ ခု လုပ်ခဲ့ကာ ကလော့ဟာ ၄-၄-၂ ကစားကွက်ကို သုံးသွားခဲ့ပြီး အယ်လီယော့ နဲ့ ကာဗယ်ဟို တို့ကတော့ ဘယ်ညာတောင်ပံတွေမှာ ကစားသွားခဲ့ကာ ဖာမီနို နူးနက် တို့က တိုက်စစ်ကို ဦးဆောင်ခဲ့ပါတယ်။ လီဗာပူးဟာ ကွင်းလယ်လူ ၂ ဦးကို ခံစစ်ရှေ့ကနေ ကာကွယ် ကစားစေခဲ့ကာ ခံစစ်ကို လုံခြုံအောင် လုပ်ခဲ့ပြီး မန်စီးတီးနဲ့ပွဲမှာလည်း ဒါမျိုး ပုံစံ ထပ်လုပ်သွားမလား ဆိုတာ စိတ်၀င်စားစရာပါပဲ။

၂~ပုံစံကောင်းရနေတဲ့ ဖာမီနို
ဒီပွဲစဉ်က သွင်းဂိုး ၂ ဂိုးကြောင့် ဖာမီနိုဟာ လက်ရှိမှာ လီဗာပူးရဲ့ သွင်းဂိုး အများဆုံး ကစားသမား အဖြစ် ရပ်တည်နေပြီး ရာသီအစက ဒါကို ဘယ်သူမှ ထင်ထားခဲ့မှာ မဟုတ်ပါဘူး။ ဖာမီနိုဟာ ဂိုးရှေ့မှာ ပုံစံကောင်းရနေတဲ့အပြင် ပင်နယ်တီ ဧရိယာ ပြင်ပမှာလည်း ကောင်းမွန်တဲ့ ရွေ့လျားမှုတွေ ချိတ်ဆက်မှုတွေ ပြုလုပ်ပေးနေပြီး အခွင့်အရေးရတိုင်း ၆ ကိုက်စည်းထဲကနေ အဆုံးသတ် ဂိုးသွင်းလိုစိတ်ကိုလည်း ပြသနေပါတယ်။

ဖာမီနိုဟာ ဒီပွဲစဉ်မှ လီဗာပူး အတွက် ချေပဂိုးနဲ့ အရေးပါတဲ့ ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တဲ့ အပြင် ဒါ၀င်နူးနက်ရဲ့ ဂိုးအတွက်လည်း လှပတဲ့ ဖန်တီးမှုကို လုပ်ပေးခဲ့ပါတယ်။ အာဆင်နယ်နဲ့ပွဲမှာ ၎င်းကို ပွဲထွက်စာရင်းကနေ ချန်လှပ်ခဲ့တဲ့ ကလော့ရဲ့ ဆုံးဖြတ်ချက်က အံ့သြစရာ ဖြစ်ခဲ့ပြီး မန်စီးတီးနဲ့ ပွဲစဉ်မှာတော့ ဒါမျိုးကို မြင်ရမယ်လို့ မထင်မိပါဘူး။ လီဗာပူးရဲ့ တိုက်စစ်ပိုင်းမှာ ဒီယက် ဒဏ်ရာရနေတဲ့ အပြင် ဂျိုတာ ကလည်း ကြံ့ခိုင်မှု မပြည့်အ၀ ဖြစ်နေတာကြောင့် ကလော့ အနေနဲ့ ဒီအချိန်မှာ ပုံစံကောင်း ရနေတဲ့ ဖာမီနိုကို ဆက်တိုက် သုံးစွဲသွားရမှာ ဖြစ်ပါတယ်။

၃~Super Sub
၆ မိနစ် ၁၂ စက္ကန့်!
ဆာလားဟာ ဒီပွဲစဉ်အပြီးမှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် အမြန်ဆုံး ဟက်ထရစ် စံချိန်ကို ရရှိသွားခဲ့ပါတယ်။ အီဂျစ်စတားဟာ ပွဲချိန် ၆၇ မိနစ်မှာ လူစား၀င်လာပြီးနောက် ၇၅’ ၈၀’ ၈၁’ မိနစ်တွေမှာ ၃ ဂိုးဆက်တိုက် ရယူပြီး စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ လီဗာပူး ကို ရောက်လာခဲ့ပြီးနောက် ဆာလား အတွက် အရုန်းကန်ရဆုံး ရာသီတစ်ခု ဖြစ်နေပေမယ့်လည်း အီဂျစ်စတားဟာ ဒီရာသီမှာ ကလပ်အတွက် ၈ ဂိုး သွင်းယူထားပြီးပါပြီ။ ဒါဟာ တဆင့်နိမ့်တဲ့ ရိန်းဂျား ဖြစ်နေပေမယ့်လည်း ဆာလားဟာ သူ့ရဲ့ တည်ငြိမ်မှု နဲ့ ကောင်းမွန်တဲ့ အဆုံးသတ် စွမ်းရည်တွေကို ပြသခဲ့ပါတယ်။

အကယ်၍ ကလော့ အနေနဲ့ ၄-၄-၂ ကစားကွက်ကို ဆက်လက် သုံးစွဲသွားခဲ့မယ်ဆိုရင် ဆာလားကို တောင်ပံမှာ ထားကစားမယ့် အစား ဂိုးပေါက်နဲ့ ပိုမို နီးကပ်တဲ့ အထောင်တိုက်စစ် ၂ နေရာမှာ ဖာမီနိုနဲ့ တွဲဖက် ကစားပေးသင့်ပါတယ်။ ဒါဟာ လာမည့် တနင်္ဂနွေနေ့ မန်စီးတီးနဲ့ ပွဲကြီးပွဲကောင်း မတိုင်မီ ဆာလား အတွက်ကော လီဗာပူး အတွက်ပါ ယုံကြည်မှုတွေ ပိုတိုးသွားမယ့် ပွဲစဉ် ဖြစ်ခဲပါတယ်။

၄~Hits and misses
ရိန်းဂျားနဲ့ ပွဲစဉ်မှာ ဖာဘင်ညိုရဲ့ first-time passes ၊ ဘောလုံးယှဉ်လုမှု နဲ့ ပြိုင်ဘက် ကစားကွက်ကို ဖျက်ဆီးမှု တစ်ချို့ဟာ ကောင်းမွန်မှု ရှိခဲ့ပေမယ့်လည်း တစ်ချို့ ကစားပုံတွေကတော့ အားရစရာ အနေအထားမှာ ရှိမနေပါဘူး။ ဒါဟာ ဘရာဇီးစတားရဲ့ ပုံမှန် standard ရဲ့ ၃၀% လောက်ပဲ ရှိမှာပါ။ ဟန်ဒါဆန်ဟာ ဘောလုံးရှိနေချိန်မှာ စွမ်းဆောင်ရည် ကောင်းမွန်တဲ့သူ ဖြစ်ပေမယ့် double-pivot ကစားရာမှာတော့ ၎င်းရဲ့ ခံစစ် ကစားဟန်က မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ပထမပိုင်းမှာ အာဖီး အနေနဲ့ ကြီးမားတဲ့ နေရာလွတ်တွေ ရခဲ့တဲ့ အပြင် ကိုနာတေးရဲ့ block နဲ့ ရိန်းဂျားရဲ့ သွင်းဂိုးဟာ နောက်ကနေ ဂိုးစည်းထဲ ပြေး၀င်လာတဲ့ ကွင်းလယ်လူ ဆီကနေ လာခဲ့တာပါ။

အခြားတစ်ဖက်မှာတော့ ဂိုးမက်ဇ်ဟာ ပွဲစတင်ပုံ နှေးကွေးခဲ့ကာ ဆိုးရွားတဲ့ pass တစ်ခု လုပ်ခဲ့ပေမယ့် တစ်ဖြည်းဖြည်း တိုးတက်လာခဲ့ပါတယ်။ ဖာမီနိုရဲ့ ဂိုးအတွက် assist လုပ်ပေးခဲ့တဲ့အပြင် ကောင်းမွန်တဲ့ ခံစစ် ကစားပုံတွေလည်း ပြသခဲ့ပါတယ်။ အယ်လီယော့ ကတော့ ပွဲထွက်နေရာ အတွက် ကောင်းစွာ ခြိမ်းခြောက်နိုင်တဲ့ အရည်အသွေး ပြသခဲ့သလို ပထမဦးဆုံး ချန်ပီယံလိဂ် သွင်းဂိုးကိုပါ ရယူခဲ့ပါတယ်။ ကယ်ဗယ်ဟို ကတော့ အသင့် မဖြစ်သေးဘူးဆိုတာ ထင်ရှားခဲ့ပြီး ရိန်းဂျားရဲ့ အဖွင့်ဂိုးမှာ အမှားကျူးလွန်ခဲ့သလို pass တွေ ဆုံးဖြတ်ချက်တွေမှာ လိုအပ်မှု ရှိနေခဲ့ပါတယ်။ တိုက်စစ်မှာ ဒါ၀င်နူးနက် ကတော့ ၅၀-၅၀ ဖြစ်ပြီး လုပ်အားကောင်းပေမယ့် ခံစစ်မှုးတွေရဲ့ ဖျက်ထုတ်မှုတွေ အကြိမ်ကြိမ် ခံရတာကြောင့် စိတ်ပျက်ခဲ့ရပါတယ်။ ဒါပေမယ့် လူစားလဲ မခံရမီ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

၅~နောက်တဆင့်တက်ဖို့ နီးစပ်သွားခဲ့တဲ့ လီဗာပူး
အဖွင့်ပွဲစဉ်မှာ နာပိုလီကို ဆိုးဆိုးရွားရွား ရှုံးခဲ့တာကြောင့် လီဗာပူးရဲ့ နောက်တဆင့် တက်ရေးဟာ သံသယတွေ တိုးပွားခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးဟာ အိုင်ယက် ၊ ရိန်းဂျား (အိမ်ကွင်း ၊ အဝေးကွင်း) တို့ကို ၃ ပွဲဆက် အနိုင်ရခဲ့တာကြောင့် နာပိုလီကို ၂ ပွဲဆက် ရှုံးခဲ့တဲ့ တတိယနေရာက အိုင်ယက်ကို ၆ မှတ်ထိ ဖြတ်ထားနိုင်ခဲ့တဲ့ အပြင် ဂိုးကွာခြားလည်း အပြတ်အသတ် အသာစီး ရယူနိုင်ခဲ့ပါတယ်။ လီဗာပူး အနေနဲ့ အမ်းစတာဒမ်မှာ သရေတစ်မှတ် ဆိုရင် နောက်တဆင့်အတွက် လုံလောက်မှု ရှိသွားမှာ ဖြစ်ပြီး နာပိုလီနဲ့ နောက်ဆုံးပွဲစဉ်မှာ အဓိက ကစားသမားတွေကို အနားပေးနိုင်မယ့် အခွင့်အရေး ရှိသွားမှာ ဖြစ်ပါတယ်။

SM