နာမည်ကြီး ကစားသမားတွေကို ကိုင်တွယ်နိုင်စွမ်း မရှိကြောင်း အူဘာမီးယန်း ရဲ့ဝေဖန်မှု အပေါ် တုန့်ပြန် ပြောကြားလိုက်တဲ့ အာတေတာ

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာ အူဘာမီးယန်း ရဲ့ ပေါက်ကြားလာတဲ့ video တစ်ခု ဟာ အာဆင်နယ် ပရိသတ်တွေ အတွက် ဒေါသ ထွက်စရာ ဖြစ်ခဲ့ရပါတယ် ။ YouTuber တဦး ဖြစ်တဲ့ A Jewellers နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ အူဘာမီးယန်း က အာဆင်နယ် နည်းပြ အာတေတာ ဟာ နာမည်ကြီး ကစားသမားတွေကို ကိုင်တွယ်နိုင်စွမ်း မရှိကြောင်း ဝေဖန် တိုက်ခိုက်ခဲ့တာပါ ။

အူဘာမီးယန်း က ” ကျွန်တော်တို့ဟာ ဘာဆာနည်းပြ ဇာဗီကို သိကြပါတယ် ။ အဲဒီနောက် သူ ကိုယ်တိုင် ကျွန်တော့်ဆီ ဖုန်းခေါ်လာခဲ့ပြီး ၊ အာဆင်နယ် နဲ့ ပြဿနာတွေ ရှိတာကြောင့် ကျွန်တော့်ကို ခေါ်ဖို့ အခွင့်အရေး ရှိနေတာ သူသိကြောင်း ကျွန်တော့်ကို ပြောပါတယ် ။ ”

” နောက်ပြီး ဇာဗီက ကျွန်တော်သာ ဘာဆာကို ပြောင်းရင် ၊ သူ့အတွက် အထောက်အကူ အများကြီး ဖြစ်မှာပဲလို့ ဆက်ပြောခဲ့ပါတယ် ။ အဲဒီမှာ ကျွန်တော်ကလည်း အိုကေလေ ဆိုပြီး ပြန်ပြောခဲ့ပါတယ် ။ ဒါပေမယ့် နာမည်ကြီး စတား ဒါမှမဟုတ် ကြီးကျယ်တဲ့ ကစားသမားတွေကို အာတေတာကိုင်တွယ်နိုင်စွမ်း မရှိပါဘူး ။ ”

” သူ့အတွက် လူငယ် ကစားသမားအချို့ လိုပါတယ် ။ ဒီချာတိတ်လေးတွေက သူ ဘာလုပ်လုပ် ဘာမှပြောမှာ မဟုတ်ဘူးလေ ။ သူတို့က အာတေတာ ပြောစကားဆို အမြဲ နားထောင်ကြပါတယ် ။ ” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ် ။

အာဆင်နယ် နည်းပြ အာတေတာ ကတော့ ဒီနေ့မှာ ဘိုဒိုဂလင့် နဲ့ ကစားရမယ့် ပွဲမတိုင်မှီ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အူဘာမီးယန်း ရဲ့ပြောစကား နဲ့ ပတ်သက်ပြီး ” လူတိုင်းမှာ လွတ်လပ်စွာ ဆွေးနွေး ပြောဆို ပိုင်ခွင့် ရှိပါတယ် ။ အခု အချိန် အဝတ်လဲခန်း အတွင်း အခြေအနေက ကျွန်တော် ကြုံဖူးသမျှ ထဲမှာ အကောင်းဆုံးပါပဲ ။ ”

” ကစားသမား အားလုံးက ပျော်ရွှင်မှုတွေ ရှိနေကြသလို အပြင်းအထန် ကြိုးစား အားထုတ်မှုလည်း ရှိနေပါတယ် ။ ကစားသမားတွေ နဲ့ ဝန်ထမ်းတွေကြားမှာလည်း ဆက်ဆံရေးကောင်းတွေ ရှိနေကြပါတယ် ၊ ဒီလို အစုအဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် နည်းပြ နေရာကနေ ပါဝင်ခွင့်ရတဲ့ အတွက် ဝမ်းမြောက်စရာပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အူဘာမီးယန်း ဟာ အာဆင်နယ် က မထွက်ခင် အချိန်မှာ စည်းကမ်း ချိုးဖောက်မှုတွေကြောင့် အာဆင်နယ် အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှား ခံရပြီး ပွဲထွက်လူစာရင်း ကနေ တောက်လျှောက် ချန်လှပ် ခံခဲ့ရပါတယ် ။ အဲ့ဒီနောက်မှာတော့ အာဆင်နယ် နဲ့ အူဘာမီးယန်း တို့ဟာ နှစ်ဦးသဘောတူ စာချုပ် ဖျက်သိမ်းပြီး ဂါဘွန်သားကို အသင်းကနေ ထွက်ခွာခွင့် ပြုခဲ့ပါတယ် ။

အူဘာမီးယန်း ဟာ အာဆင်နယ် ကနေ ထွက်ခွာပြီး တစ်နှစ် မပြည့်ခင် အချိန်မှာပဲ ပရီးမီးယားလိဂ် ရဲ့လန်ဒန်ကလပ် ချဲလ်ဆီး အသင်းကို ပြန်လည် ရောက်ရှိ လာခဲ့တာပါ ။

SM