၎င်းရဲ့ အနာဂတ်နဲ့ ပက်သက်ပြီး မှတ်ချက်ပေးမှု လုပ်ခဲ့တဲ့ လီဗာပူးကွင်းလယ်လူဟောင်း ဟာမန်းကို ပြန်လည်တုန့်ပြန်လိုက်တဲ့ ကလော့

အန်ဖီးကွင်းလယ်လူဟောင်း ဒီဒီဟာမန်းဟာ လီဗာပူး မန်နေဂျာရဲ့ အနာဂတ်နဲ့ ပက်သက်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက မှတ်ချက်ပေးမှု လုပ်သွားခဲ့ကာ ယာဂန်ကလော့ဟာ ဒါကို မနေ့ညက ရိန်းဂျားနဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြန်လည် တုန့်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လီဗာပူးတို့ အမ်းမရိတ်မှာ အာဆင်နယ်ကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ထိပ်ဆုံးက အသင်းနဲ့ ၁၄ မှတ်ထိ ကွာဟသွားခဲ့ကာ အဆိုပါပွဲစဉ် အပြီးမှာ ဟာမန်းက တစ်ချိန်ချိန်မှာတော့ လူတွေဟာ ယာဂန်ကလော့ရဲ့ အနာဂတ်နဲ့ ပက်သက်ပြီး ဆွေးနွေးမှုတွေ ရှိလာလိမ့်မယ်လို့ ထင်မိကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

ဟာမန်းက “ဒီလီဗာပူး အသင်းကို ကြည့်ရတာ ပင်ပန်းနွမ်းနယ်နေပုံ ပါပဲ။ သူတို့ဟာ လုပ်ချင်ကိုင်ချင်စိတ် မရှိတဲ့ပုံ ပေါက်နေပြီး သူတို့ဟာ တက်ကြွမှုတွေ ပျောက်ဆုံးနေပါတယ်။ အသင်းကို အရင်ကလိုမျိုး ပြန်ဖြစ်အောင် ဘယ်လို လုပ်သွားမလဲ ဆိုတာ ကျွန်တော် မသိပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ဟာ အတိတ်မှာတုန်းက ဒီလိုမျိုး ပွဲတွေကို အနိုင်ရလေ့ရှိလို့ပါ။” လို့ ဆိုခဲ့ပါတယ်။

မနေ့ညက သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် တစ်ဦးက လီဗာပူးတို့ တက်ကြွမှုတွေ ပျောက်ဆုံးနေတယ် ဆိုတဲ့ ဟာမန်းရဲ့ မှတ်ချက်ကို သဘောတူလား ဆိုပြီး မေးမြန်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂျာမန် နည်းပြဟာ လီဗာပူး ကွင်းလယ်လူဟောင်းရဲ့ မှတ်ချက်ကို ယခုလိုပဲ ပြင်းပြင်းထန်ထန် တုန့်ပြန်ခဲ့ပါတယ်။

ကလော့က “တက်ကြွမှု ပျောက်ဆုံးနေတယ် ဆိုပြီး ဘယ်သူ ပြောတာလဲ? ဒီဒီလား? အိုး…ကောင်းပါတယ်။ နေရာတိုင်းက လေးစားမှု ရှိနေတဲ့ အရမ်းကောင်းတဲ့ သတင်း အရင်းအမြစ်ကနေပေါ့။ ဟာမန်းဟာ လီဗာပူး အတွက် ကစားပေးခဲ့သူပါ။ ဒါပေမယ့် ကစားသမားဟောင်း ဖြစ်နေတာနဲ့ပဲ ကိုယ်ပြောချင်တဲ့ အတိုင်း ပြောခွင့် မရှိပါဘူး။ အထူးသဖြင့် ကိုယ်ဘာမှ မသိတဲ့ အခြေအနေ မှာပေါ့။

ပြီးတော့ ဒီဒီဟာမန်းဟာ ခင်ဗျားတို့ရဲ့ မေးခွန်း အတွက် အသုံးချခံ ပစ္စည်း မဖြစ်သင့်ဘူးလို့ ကျွန်တော် အမှန်တကယ် ယူဆပါတယ်။ သူဒါနဲ့ မထိုက်တန်ပါဘူး။ ခင်ဗျားတို့ အနေနဲ့ ကိုယ်ပိုင် မေးခွန်းနဲ့ပဲ ကျွန်တော့်ကို မေးမြန်းပါ။ ‘တက်ကြွမှု’ ဆိုတဲ့ စကားလုံးကို အသုံးမပြုဘဲ မေးဖို့ ကြိုးစားပါ။” လို့ တုန့်ပြန်ခဲ့ပါတယ်။

ယနေ့ည ရိန်းဂျားနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်နဲ့ ပက်သက်ပြီး “ပြီးခဲ့တဲ့ အပတ်ကနဲ့ ခြားနားတဲ့ ပွဲစဉ်ကို ကျွန်တော် မျှော်လင့်ထားပါတယ်။ ကောင်လေးတွေကို လာမည့် စိန်ခေါ်မှုနဲ့ ပက်သက်ပြီး remind လုပ်ဖို့တော့ လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဥရောပ အတွေ့အကြုံကြောင့် မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ လူသားတွေ ဖြစ်နေတာကြောင့်ပါ။

ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ တူညီတဲ့ ပြိုင်ဘက်နဲ့ အိမ်ကွင်း အဝေးကွင်း ဆက်တိုက် ရင်ဆိုင် ကစားရတဲ့ အခါတိုင်းမှာ ကျွန်တော်တို့ အနေနဲ့ အိမ်ကွင်းမှာ အနိုင်ရထားတဲ့ အခါ အဝေးကွင်းပွဲ ကစားရတဲ့ အခါမှာတော့ ခက်ခဲလေ့ ရှိတာကို ကြုံခဲ့ရပါတယ်။ သူတို့ကို ဒါနဲ့ ပက်သက်ပြီး အသိပေးမှု လုပ်သွားဖို့ လိုအပ်သလား? အတိအကျ မသိပေမယ့် ကျွန်တော် ကတော့ သူတို့ကို remind လုပ်သွားမှာပါ။” လို့ ဆိုလိုက်ပါတယ်။

SM