အာဆင်နယ် အသင်း အမှတ်ပေးဇယား ထိပ်ဆုံး ရောက်နေတာ ဘယ်ကစားသမားကြောင့်လဲ ဆိုတာ ပြောပြလိုက်တဲ့ စတူးအပ်ပီယာစ့်

အင်္ဂလန် အသင်း နောက်ခံလူဟောင်း စတူးအပ် ပီယာစ့် ဟာ ဒီရာသီ အာဆင်နယ် အသင်း ရဲ့ စွမ်းဆောင်ရည် ကို အထင်ကြီး သဘောကျလျက် ရှိနေပါတယ် ။ ဒါ့အပြင် ပီယာစ့် က အာဆင်နယ် အသင်း အမှတ်ပေးဇယား ထိပ်ဆုံး ရောက်နေတဲ့ အဓိက အကြောင်းအရင်းကိုလည်း သုံးသပ် ပြောကြား လိုက်ပါတယ် ။

ပီယာစ့် က မန်စီးတီး က ဂျေးဇု ကို အာဆင်နယ် အသင်းထံ ရောင်းပေးလိုက်တာဟာ အာဆင်နယ် အသင်း ထိပ်ဆုံးမှာ ရပ်တည် နေနိုင်တဲ့ တစ်ခုတည်းသော အကြောင်းအရင်း ဖြစ်တယ်လို့ ဆိုလိုက်တာပါ ။

ဂျေးဇု ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ မန်စီးတီး အသင်း ကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်း နဲ့ ရောက်ရှိ လာခဲ့သူ ဖြစ်ပါတယ် ။ ဂျေးဇု ဟာ ရာသီကြို ခြေစမ်းပွဲမှာကတည်းက အာဆင်နယ် အတွက် ၅ ပွဲ ကစား ၇ ဂိုးသွင်း ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ် ။

ဘရာဇီး လက်ရွေးစင် ဂျေးဇု ဟာ ရာသီသစ် စတင်ချိန်မှာလည်း အာဆင်နယ် အတွက် ပရီးမီးယားလိဂ် ၉ ပွဲဆက် ပွဲထွက် ကစားထားပြီး ၅ ဂိုးသွင်း ၊ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ် ထားနိုင်ပါတယ် ။ ဂျေးဇု ဟာ မန်စီးတီး အသင်းမှာ super sub သာ ဖြစ်ခဲ့ပေမယ့် အာဆင်နယ် မှာတော့ တိုက်စစ်ကို ဦးဆောင်ရတဲ့ အဓိက ကစားသမား ဖြစ်လို့ နေခဲ့ပါပြီ ။

ဂျေးဇု ရဲ့ ခြေစွမ်းကောင်းတွေ နဲ့ အတူ အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် ၉ ပွဲ ကစား ၈ ပွဲ နိုင် ၁ ပွဲ ရှုံး နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည် နေပြီး ဒုတိယနေရာက လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီး အသင်းကို ၁ မှတ် ဖြတ် ထားနိုင်ပါတယ် ။

ပီယာစ့် က talkSPORT မှာ ” အာဆင်နယ် ရဲ့ ခေါ်ယူမှုတွေ ထဲမှာ အသင်းကို ကြီးကြီးမားမား သက်ရောက်သွားစေခဲ့တာက ဂျေးဇု ကို ခေါ်ယူ လိုက်နိုင်တာပါပဲ ။ သူ့ကြောင့်ပဲ အာဆင်နယ် က အခုအချိန် အဆင့် ၃ သို့ ၄ မှာ ရပ်တည် မနေဘဲ ထိပ်ဆုံးမှာ ရပ်တည် နေနိုင်တာပါ ။ ”

” သူက အာဆင်နယ် အတွက် ခွန်အားတွေ ယူဆောင်လာပေးသလို သွင်းဂိုးတွေလည်း သွင်းယူ ပေးနေပါတယ် ။အာဆင်နယ် အသင်း ရဲ့တိုက်စစ် အတွက် အရာ အားလုံး သူ လုပ်ဆောင် ပေးနေတာပါ ၊ ခုတစ်လောမှာ လီဗာပူး က မာနေးကို ရောင်းလိုက်တဲ့ အကျိုးကျေးဇူး ကို ခံစားနေရတယ်လို့ ပြောဆိုမှုတွေ များနေပါတယ် ။ ”

” မန်စီးတီး လည်း ဂျေးဇု ကို ရောင်းပြီး ဟာလန်း ကိုသာ ပြန်မခေါ်နိုင်ခဲ့ရင် ခုလို ဝေဖန်မှုတွေ ကြုံရနိုင်ပါတယ် ။ မန်ချက်စတာ စီးတီး အထက်မှာ ရပ်တည် နေနိုင်တဲ့ တစ်သင်းတည်းသော အသင်းက အာဆင်နယ် ပါ ၊ အာဆင်နယ် အသင်း မန်စီးတီး အထက်မှာ ရပ်တည် နေနိုင်တဲ့ အကြောင်းအရင်းကလည်း တစ်ခု တည်း ရှိပါတယ် ။ ”

” အဲ့ဒါကတော့ မန်စီးတီး က ဂျေးဇု ကို ရောင်းပေးလိုက်တာကြောင့်ပါပဲ ၊ အာဆင်နယ် ပေးလိုက်ရတဲ့ ဈေးက ဂျေးဇု အသက်အရွယ် နဲ့ ဆို သိပ်တန်တယ်လို့ ဆိုနိုင်ပါတယ် ၊ အသက် ၂၅ နှစ်အရွယ် ကစားသမား အတွက် ပေါင် ၄၅ သန်းဆိုတာက တန်လွန်းမက တန်ပါတယ်ဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM