အာဆင်နယ် ကို ရင်ဆိုင်ရ ခက်ခဲတဲ့ အသင်းဖြစ်သွားစေတဲ့ ကစားသမား တစ်ဦးကို ချီးကျူးလိုက်တဲ့ ဝက်စ်ဟမ်း နည်းပြ မိုယက်စ်

ဝက်စ်ဟမ်း အသင်း နည်းပြ ဒေးဗစ်မိုယက်စ် က ဒီရာသီမှာ အာဆင်နယ် အသင်း ရလဒ်ကောင်းတွေ ရနေတဲ့ အပေါ် အံ့အားသင့်မှု မဖြစ်မိကြောင်း ဆိုလိုက်ပြီး ဂန်းနား တို့ရဲ့ ကပ္ပတိန် မာတင် အော်ဒီဂတ် ကို ချီးကျူး သွားခဲ့ပါတယ် ။

မိုယက်စ် က talkSPORT မှာ အာဆင်နယ် အသင်း ချန်ပီယံ ခြေစွမ်း ပြနေတဲ့ အပေါ် ” ကျွန်တော် မအံ့ဩမိပါဘူး ၊ အာဆင်နယ် အသင်း အပေါ် ဝေဖန် ပြောဆိုမှုတွေကို ကျွန်တော် နားထောင်လေ့ ရှိပါတယ် ၊ ဒါပေမယ့် အခု အာဆင်နယ် က အတော်ကောင်းတဲ့ အသင်း တစ်သင်း ဖြစ်နေပါပြီ ။ ”

” ဒါပေမယ့် သူတို့ ကို ဘယ်သူမှ သိပ်ပြီး လေးစားမှု မထားကြပါဘူး ၊ အာဆင်နယ် က မာတင် အော်ဒီဂတ် ကို ခေါ်ခဲ့ပါတယ် ၊ အော်ဒီဂတ် ရောက်ရှိလာမှုက အာဆင်နယ် အသင်းမှာ ခြားနားတဲ့ အသင်း တစ်သင်း ဖြစ်သွား စေပါတယ် ၊ သူ့ကြောင့် ပြိုင်ဘက်အသင်းတွေ အတော်လေး အခက်အခဲတွေ့နေရပါတယ် ။ ”

” အာတေတာ က သူ့အသင်းကို ဘယ်လို တည်ဆောက်ရမလဲ ဆိုတာ idea ကောင်းကောင်း ရှိသူပါ ။ ပက် နဲ့ လည်း နှစ်အနည်းငယ်ကြာ လက်တွဲခဲ့ဖူးသူ ဖြစ်တာကြောင့် ပက်ဆီက အသင်းကောင်း တစ်သင်း ဖြစ်လာဖို့ ဘယ်လို ပြင်ဆင် တည်ဆောက်ရမလဲ ဆိုတာလည်း သိနေပါတယ် ၊ ကျွန်တော် ကတော့ အာတေတာ ကို ထိုက်သင့်တဲ့ ချီးကျူးမှုတွေ မလုပ်ကြဘူးလို့ ခံစားရပါတယ် ။ ”

” အာတေတာ က ဇွဲလုံ့လ ရှိသူ တစ်ဦးပါ ၊ သူက လေ့လာ သင်ယူနေဆဲ မန်နေဂျာ တစ်ဦးဆိုလည်း မှန်ပါတယ် ၊ သူ အမှားတွေ လုပ်မိတာလည်း ရှိပါတယ် ၊ ဒါပေမယ့် အမှားက ကျွန်တော်လည်း လုပ်ခဲ့ဖူးတာပါပဲ ၊ နည်းပြတိုင်းက သူတို့ရဲ့ နည်းပြ ဘဝ အစောပိုင်းမှာ အမှားအယွင်းတွေ လုပ်ခဲ့ ရှိခဲ့ကြပါတယ် ။ ”

” တစ်ခါတစ်လေမှာ ကိုယ် အသင်းကို ရောက်ချိန် လူငယ် ကစားသမားကောင်းတွေ ရှိနေတဲ့ ကံကောင်းမှုမျိုးလည်း လိုအပ်ပါတယ် ။ အာဆင်နယ် ရဲ့system မှာ လူငယ် ကစားသမားကောင်းတွေ အများကြီး ရှိနေပါတယ် ။ ” လို့ ချီးကျူး ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်း ဟာ ပရီးမီးယားလိဂ် မှာ ၉ ပွဲ ကစား ၈ ပွဲ နိုင် ၁ ပွဲ ရှုံး ရှိထားပြီး အမှတ်ပေး ဇယား ထိပ်ဆုံး မှာ ရပ်တည် နေပါတယ် ။ ဒါ့အပြင် အာဆင်နယ် အသင်းဟာ အိမ်ကွင်းမှာလည်း ရာနှုန်းပြည့် နိုင်ပွဲ ရယူ ထားပါတယ် ။

SM