အလက်ဇန်းဒါးအာနိုး ၊ မာတစ် ၊ ဒီယက် ၊ ရောဘတ်ဆန် တို့ရဲ့ ဒဏ်ရာပြသနာ နဲ့ ကြံ့ခိုင်မှု အခြေအနေကို ပြောပြလိုက်တဲ့ ကလော့

ယာဂန်ကလော့ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အာဆင်နယ်နဲ့ ပွဲစဉ်မှာ ဒဏ်ရာပြသနာတွေ ကြုံတွေ့ခဲ့ရတဲ့ လီဗာပူး ကစားသမား ၃ ဦး ဖြစ်တဲ့ အလက်ဇန်းဒါးအာနိုး လူး၀စ်ဒီယက် နဲ့ ဂျိုရယ်မာတစ် တို့ရဲ့ ဒဏ်ရာ အခြေအနေတွေကို ပြောပြသွားခဲ့ပါတယ်။ လီဗာပူး ကစားသမား ၃ ဦးဟာ အာဆင်နယ်ကို ၃-၂ နဲ့ ရှုံးခဲ့တဲ့ ပွဲစဉ်က ဒဏ်ရာ ပြသနာတွေကြောင့် ကာလတစ်ခု အနားယူသွားရတော့မှာပါ။

ဒီယက်ဟာ ပထမပိုင်း ပြီးခါနီးမှာ ဒူးဒဏ်ရာကြောင့် လူးစားလဲခံခဲ့ရပြီး ၆ ပတ်ကနေ ၈ ပတ်ကြား အနားယူသွားရဖို့ ရှိပါတယ်။ အာဆင်နယ်နဲ့ ပွဲစဉ်ရဲ့ ပထမပိုင်း အပြီးမှာ လူးစားလဲခံခဲ့ရတဲ့ အလက်ဇန်းဒါးအာနိုး ကတော့ ဒီယက်လောက် ဒဏ်ရာ ပြင်းထန်မှု မရှိဘဲ မာတစ် ကလည်း အာဆင်နယ်နဲ့ ပွဲစဉ်မှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် စကန်ဖတ်စစ်ဆေးရန် လိုအပ်ခဲ့ပါတယ်။

ရိန်းဂျားနဲ့ ယနေ့ညမှာ ကစားရမယ့် ချန်ပီယံလိဂ် ပွဲစဉ် မတိုင်မီ ကလော့က “အမှန်ပါပဲ။ ရှင်းရှင်းလင်းလင်း ပြောရမယ် ဆိုရင် အာဆင်နယ်နဲ့ ပွဲစဉ် အပြီး အ၀တ်လဲခန်းထဲမှာ ပြသနာက ရှိနေပြီ ဆိုတာ ရှင်းလင်းနေခဲ့ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ထရန့်နဲ့ ပက်သက်ပြီး အနည်းငယ် ကံကောင်းမယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအချိန်က သူ့ရဲ့ ခြေကျင်း၀တ် အခြေအနေက သိပ်ပြီး မကောင်းခဲ့ပါဘူး။

လူချို (ဒီယက်) ကတော့ ၆ ပတ်ကနေ ၈ ပတ်ကြား ဖြစ်နိုင်ပါတယ်။ ဘယ်လောက် ကြာမလဲဆိုတာတော့ စောင့်ကြည့်သွားပါမယ်။ လူချို့ကို ကြည့်ရတာ ဒဏ်ရာ လျှင်လျှင်မြန်မြန် ပျောက်တက်တဲ့ သူလိုပါပဲ။ ဒါပေမယ့် ဒါနဲ့ ပက်သက်ပြီး ကျွန်တော်တို့ ဂရုစိ်ုက်သွားရပါမယ်။ ပွဲအပြီး သူ့ရဲ့ လှုပ်ရှားမှုတွေ အရ ဒီထက်လည်း ဆိုးနိုင်ပါတယ်။ ပြီးတော့ ဂျိုရယ်ဟာ အနည်းငယ် နာကျင်မှု ခံစားခဲ့ရတာပါ။ ဒ့ါကြောင့် ထုံးစံအတိုင်းပဲ စကန်ဖတ် စစ်ဆေးသွားမှာ ဖြစ်ပြီး ရိန်းဂျားနဲ့ ပွဲတော့ သူမပါပါဘူး။ အမှန်ပါပဲ။ ဒါတွေဟာ ကောင်းတော့ မကောင်းပေမယ့် ဒါဟာ ကျွန်တော်တို့ရဲ့ အခြေအနေ ပါပဲ။ ကျွန်တော်တို့ ဒါကို ဖြေရှင်းသွားရပါမယ်။”

အလက်ဇန်းဒါးအာနိုး ဘယ်လောက် နားသွားရနိုင်သလဲ ဆိုတာကို မေးမြန်းရာမှာ ကလော့က “ဒါဟာ ပြောရတာ ခက်ပါတယ်။ တစ်လတော့ မရှိပါဘူး။ ၂ ပတ်လို့တော့ ကျွန်တော် ကြားရပါတယ်။ ဒါပေမယ့် ဒါဟာ မှန်သလားဆိုတာ ကြည့်သွားရမှာပါ။ ဒါဟာ လက်ရှိ ကျွန်တော် ရထားတဲ့ သတင်းပါ။ ကျွန်တော့်ကို ပြောဖို့ ခွင့်ပြုထားသလားဆိုတာတော့ သေချာမသိပါဘူး။ ဘာလို့လဲဆိုတော့ ပွဲအပြီး ကျွန်တော် သူ့ကို တွေ့လိုက်တဲ့ အချိန်မှာ ဒီထက် အကြာကြီး နားရမယ်လို့ တွေးခဲ့မိလို့ပါ။ ဒါပေမယ့် ၂ ပတ် ဆိုရင်တော့ ကျွန်တော် လွယ်ကူစွာ လက်ခံသွားမှာပါ။ ကြည့်ရတာပေါ့။” လို့ ဆိုသွားပါတယ်။

အန်ဒီရောဘတ်ဆန်ဟာ ရိန်းဂျားနဲ့ ပွဲစဉ်အတွက် အသင်းရဲ့ လူစာရင်းမှာ ပြန်လည် ပါ၀င်လာမှာ ဖြစ်ပေမယ့် ဒီပွဲစဉ်ဟာ ကာတစ်ဂျုံး နာဘီကီတာ နဲ့ အောက်စလိတ်ချိန်ဘာလိန် တို့အတွက်တော့ စောနေပါသေးတယ်။

လီဗာပူး မန်နေဂျာက “သူတို့ဟာ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်တာ ရက်ပိုင်းပဲ ရှိပါသေးတယ်။ အခြားသူတွေ ဒဏ်ရာရနေတာကြောင့် သူတို့ကို လူစာရင်းထဲ မထည့်နိုင်ပါဘူး။ ရောဘို ကတော့ အသင်းရဲ့ လူစာရင်းမှာ ပါ၀င်မှာပါ။ ကာတစ် အောက်စ် နဲ့ နာဘီ တို့တော့ မပါပါဘူး။ အရေးကြီးတာက ကောင်လေးတွေ ပြန်လာတာပါပဲ။ ဒါပေမယ့် ပြန်လာပြီး အသင်းနဲ့ ၂ ကြိမ်လောက် လေ့ကျင့်ခန်းဆင်းပြီးနောက် သူ့ကို အသုံးမပြုသွားနိုင်ပါဘူး။”

SM