“သူတို့က သဘောအရမ်းကောင်းကြပါတယ် ၊ ဒါပေမယ့် . . .” – မန်ယူနိုက်တက် ကို ဝယ်ဖို့ ကြိုးစားခဲ့ကြောင့် ဖွင့်ဟလာတဲ့ ဗြိတိန်အချမ်းသာဆုံးပုဂ္ဂိုလ်

ဗြိတိန် ရဲ့ အချမ်းသာဆုံး စီးပွားရေး လုပ်ငန်းရှင်ကြီး ဆာ ဂျင် ရတ်ကလစ်ဖ် က သူဟာ မန်ချက်စတာ ယူနိုက်တက် ကို ဝယ်ယူဖို့ ဆန္ဒ ရှိခဲ့ ပေမယ့် အသင်းပိုင်ရှင်တွေက ရောင်းဖို့ စိတ်ကူး မရှိခဲ့ ကြပါဘူးလို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ယူနိုက်တက် အသင်းကို ၂၀၀၅ ခုနှစ် ကတည်းက ဂလေဇာ မိသားစု က ပိုင်ဆိုင်ထားပြီး ပရိသတ်တွေက အသင်းကို ရောင်းချပေးဖို့ ဆန္ဒပြမှုတွေ ရှိနေပါတယ် ။

ဆာ ဂျင် ရတ်ကလစ် ဟာ မန်ချက်စတာ ယူနိုက်တက် ပရိသတ် တယောက်လည်း ဖြစ်ပြီး လန်ဒန် မှာ နေထိုင်တာကြောင့် ချဲလ်ဆီး အသင်းရဲ့ ပွဲတွေ ( အိမ်နှင့် နီးသည့် ) ကိုလည်း သွားရောက် ကြည့်ရှု တတ်သူ ဖြစ်ပါတယ် ။

ရတ်ကလစ်ဖ် ဟာ ချဲလ်ဆီး ကိုရော မန်ချက်စတာ ယူနိုက်တက် ကိုပါ ဝယ်ယူဖို့ အတွက် ကြိုးစား ခဲ့ဖူး ပေမယ့် ၂ သင်းစလုံး နဲ့ အဆင်မပြေ ခဲ့တာကြောင့် ပြင်သစ် ကလပ် နိစ် ( Nice ) မှာ သွားရောက် မြှပ်နှံ ခဲ့ပါတယ် ။

“ဂျိုအယ် နဲ့ အဗမ် ( ဂလေဇာ ) တို့နဲ့ ကျွန်တော် တွေ့ဖြစ်ခဲ့ ပါတယ် ။ သူတို့က တကယ် သဘောကောင်းတဲ့ သူတွေပါ ။ ဒါပေမယ့် အသင်း ( မန်ချက်စတာ ယူနိုက်တက် ) ကတော့ ရောင်းဖို့ မဟုတ်ဘူးလို့ ပြောခဲ့ ကြပါတယ်”

“ဒီနွေမှာ ကျွန်တော် ကမ်းလှမ်းမှု ၂ ခု လုပ်ခဲ့ ပါတယ် ။ ချဲလ်ဆီး ရယ် ၊ ပြီးတော့ မန်ချက်စတာ ယူနိုက်တက် ရယ်ပေါ့ ။ ကျွန်တော်တို့ လုပ်ငန်းမှာက ရှေ့ဆက် သွားနေဖို့ လိုပါတယ် ။ တနေ့နေ့မှာတော့ မန်ချက်စတာ ယူနိုက်တက် ကို ရောင်းဖြစ်လောက် ပါတယ်ဆိုပြီး ထိုင်စောင့်နေလို့ မရပါဘူး” ဆိုပြီး ဆာ ဂျင်ရတ်ကလစ်ဖ် က ပရီးမီးယားလိဂ် ထိပ်သီး အသင်းတွေကို ဝယ်ယူဖို့ ကြိုးစား ခဲ့ပုံတွေကို ပြန်ပြောင်း ပြောပြသွားခဲ့ ပါတယ် ။

ဆက်လက်ပြီး ယူနိုက်တက် ရဲ့ သက်တမ်းရှည် ပရိသတ် တယောက် ဖြစ်တဲ့ ဆာ ဂျင်ရတ်ကလစ်ဖ် က ၁၉၉၉ ခုနှစ် တုန်းက အရှုံးကနေ ပြန်လာပြီး ဘိုင်ယန်မြုးနစ် ကို အနိုင်ကန်ကာ ချန်ပီယံလိဂ် ဖလား ဆွတ်ခူး ခဲ့မှုဟာ သူ့ရဲ့ အနှစ်သက်ဆုံး မန်ချက်စတာ ယူနိုက်တက် အခိုက်အတန့် ဖြစ်တယ်လို့လည်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

လက်ရှိမှာ ဆာ ဂျင်ရတ်ကလစ်ဖ် ဟာ အားကစားလောက ထဲကို သူ့ရဲ့ ရင်းနှီးမြှပ်နှံမှုတွေ ဆက်လက် ထည့်သွင်း နေပြီး ဖော်မြူလာဝမ်း ပြိုင်ကား အသင်းတသင်း ကိုလည်း ပိုင်ဆိုင် ထားတယ်လို့ သိရှိရ ပါတယ် ။

ပြင်သစ် ကလပ် နိစ် ( Nice ) နဲ့ ဆွစ်ဇာလန် ကလပ် တို့ကို ပိုင်ဆိုင်ထားတဲ့ ရတ်ကလစ်ဖ် က ဘောလုံးဟာ သူ အဓိက ရင်းနှီးမြှပ်နှံ ချင်တဲ့ အားကစား ဖြစ်တယ်လို့ ဖွင့်ဟခဲ့ ပါတယ် ။

သူဟာ မန်စီးတီး ပိုင်ရှင် မူဘာရက် နဲ့ တွေ့ဆုံ စကားပြောခဲ့ပြီး စီးတီး ၊ PSG တို့ကို အရှေ့အလယ်ပိုင်း သူကြွယ်တွေက အင်အားကြီးမား လာအောင် လုပ်ဆောင်ခဲ့သလိုမျိုး ပြင်သစ် က သူပိုင်ဆိုင်တဲ့ Nice ကိုလည်း လုပ်ဆောင်သွားဖို့ စိတ်ကူး ရှိကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR