ရိစ်ဂျိမ်းစ်ရဲ့ ဒဏ်ရာ အကြောင်း အသိပေးရင်း ၊ တိုမိုရီ တိုက်ရိုက် အနီနဲ့ အထုတ်ခံရခြင်း အပေါ် မှတ်ချက်ပေးလိုက်တဲ့ ဂရေဟမ် ပေါ်တာ

ချဲလ်ဆီး အသင်းဟာ မနေ့ညက ဆန်စီရိုမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ် ၄ မှာ အေစီမီလန် အသင်းကို ပထမပိုင်းက သွင်းဂိုးတွေနဲ့ အတူ ၀ – ၂ ရလဒ်နဲ့ သက်တောင့်သက်သာ နိုင်ခဲ့ပါတယ် ။ မီလန်ဖက်ကတော့ ပွဲချိန် ၁၈မိနစ်ကတည်းက တယောက်လျော့သွားခဲ့လို့ လက်ကျန် ပွဲချိန်တလျှောက် အထူး ရုန်းကန်ခဲ့ရပါတယ် ။

မီလန် ခံစစ်မှူး ဖီကာယို တိုမိုရီ တိုက်ရိုက် အနီနဲ့ အထုတ်မခံရခင် ၂သင်းလုံး အပြန်အလှန် တိုက်စစ်ဆင် ကစားခဲ့ကြပေမယ့် ၊ တယောက်လျော့သွားပြီးနောက် ၊ အိမ်ရှင်ဖက်က ခံစစ်သာ အားပြုခဲ့ရသလို ၊ ချဲလ်ဆီးဖက်က ဒုတိယ ဦးဆောင်ဂိုးပါ ထပ်ရသွားတာကြောင့် ပထမပိုင်း်မပြီးခင်ကတည်းက ပွဲက ပြီးသလောက် ဖြစ်သွားခဲ့ပါတယ် ။

တိုမိုရီရဲ့ တိုက်ရိုက်အနီဟာ ပြင်းထန်လွန်းတယ်လို့ ဘောလုံး ပရိသတ် အများစုက ယူဆကြပေမယ့် ၊ ကွင်းလယ်ဒိုင်ကတော့ စည်းမျဉ်း စာအုပ်ထဲက အတိုင်း လုပ်စရာ လုပ်သွားတယ်လို့ ကောက်ချက်ဆွဲရမှာ ဖြစ်ပါတယ် ။

ဂိုးသမားနဲ့ တဦးချင်း အနေအထားမှာ ရှိနေခဲ့တဲ့ ချဲလ်ဆီး ကွင်းလယ်လူ မေဆင်မောင့်ကို တိုမိုရီ တယောက် မမှီမကမ်းနဲ့ အနောက်ကနေ မထိတထိ ဆွဲလှဲဖို့ ကြိုးစားခဲ့တာကို ဂျာမန်လူမျိုး ကွင်းလယ်ဒိုင် ဆိုင်းဘတ်က မြင်ခဲ့တာကြောင့် VAR ပင် မကြည့်ပဲ ၊ တိုက်ရိုက် အနီနဲ့ ထုတ်ကာ ပြတ်သားတဲ့ ဆုံးဖြတ်ချက် ချခဲ့ပါတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာ က တိုမိုရီရဲ့ အနီကို သူ သေသေချာချာ မမြင်ခဲ့ပေမယ့် ၊ ဒိုင်က အနီပေးဖို့ ဆုံးဖြတ်ခဲ့တာကို လက်ခံရမှာ ဖြစ်ကြောင်း ဖွင့်ဟရင်း ၊ ၁၁ယောက်ချင်း ကန်ခဲ့ရရင်တော့ ၄င်းတို့ ထိုပွဲကို အနိုင်ရဦးမယ့် အကြောင်း ယုံကြည်မှုရှိရှိ အခုလိုပဲ မှတ်ချက်ပြုခဲ့ပါတယ် ။

ပေါ်တာ က ” ကျွန်တော် မြင်တဲ့ နေရာက ကြည့်ရင်တော့ ဘာမှ သေသေချာချာ မမြင်ခဲ့ရပါဘူး ။ မေဆင်က ဂိုးသွင်းတော့မယ့် အနေအထားကိုတော့ ကျွန်တော် တွေ့ခဲ့ရပြီး ၊ အကယ်၍ သူ ( တိုမိုရီ ) က မေဆင်ကို ဆွဲခဲ့တယ် ဆိုရင်တော့ ဆွဲတယ်လို့ပဲ သတ်မှတ်ရမှာပါ ။ ဒါပေမယ့် ဗီဒီယို အနှေးကွက်နဲ့တော့ သေသေချာချာ မကြည့်ရသေးပါဘူး ။ ”

” ဒါက ကျွန်တော်တို့ အတွက် ကြီးမားတဲ့ အခိုက်အတန့် ဖြစ်ခဲ့ပါတယ် ။ ပထမဆုံး အနေနဲ့ ဒီ ပင်နယ်တီနဲ့ အနီကတ်ဟာ မီလန်ရဲ့ နဂို အစီအစဉ်ကို ပြောင်းလဲပစ်လိုက်သလို ဖြစ်စေတယ် ဆိုတာ အားလုံးလည်း သဘောတူကြမှာပါ ။ ကျွန်တော်တို့ အတွက်တော့ ပြိုင်ဖက်က တယောက်လျော့လည်း လျှော့ပေါ့လိုက်လို့ မရပါဘူး ။ ”

” ပြိုင်ဖက်က ၁၀ယောက်တည်း ကျန်တဲ့ ပွဲတွေဆို ဘယ်သောအခါမှ တည့်တိုး ချဉ်းကပ်တဲ့ အနေအထား မရတော့ပါဘူး ။ အထူးသဖြင့် ဘယ်လို လုပ်ရပ်မျိုးကနေမဆို ဂိုးသွားနိုင်သလို ၊ အိမ်ကွင်း ပရိသတ်တွေကလည်း တယောက်လျော့သွားတဲ့ အပေါ် မာန်ဖီကြမှာပါ ။ ဒီတော့ ဒီအခြေအနေက အမှန်တကယ် ခက်ခဲခဲ့ပါတယ် ။ ”

” ဒါက ကျွန်တော်တို့ အတွက် ကြီးမားတဲ့ အခိုက်အတန့် ဆိုတာ မှန်ပေမယ့် ၊ ၁၁ယောက်ချင်း ဆိုရင်လည်း ကျွန်တော်တို့ ဒီပွဲကို နိုင်ဖို့ လုံလောက်တဲ့ ခြေစွမ်းမျိုး ရှိတယ်လို့ ခံစားရပါတယ် ။ ဒါပေမယ့် ကွင်းလယ်ဒိုင်က ဒီဆုံးဖြတ်ချက်ကို ချတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့လည်း ဒီအတိုင်း ဆက်သွားရမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဒုတိယပိုင်းမှာ ချဲလ်ဆီးတို့ ပွဲကို အရာရာ ထိန်းချုပ်နိုင်ခဲ့ပေမယ့် ၊ ထိန်းချုပ်မရခဲ့တာကတော့ အားထားရတဲ့ ညာနောက်ခဲလူ ရိစ်ဂျိမ်းစ်ရဲ့ ဒဏ်ရာပဲ ဖြစ်ပါတယ် ။ ဒုတိယပိုင်း အစ ၁၀မိနစ် ဝန်းကျင်မှာ မီလန် ဘယ်နောက်ခံလူ သီယို ဟာနန်ဒက်ဇ်နဲ့ အပြိုင် ဘောလုံး ဖြတ်ထုတ် တားဆီးဖို့ ကြိုးစားရင်း ၊ ဂျိမ်းစ် တယောက် မတော်တဆ ဒဏ်ရာ ရခဲ့ပါတယ် ။

ဒါနဲ့ ပတ်သက်ပြီးလည်း ပေါ်တာ က ” ရိစ်ရဲ့ ဒဏ်ရာ ပြင်းထန်မှု မရှိဘူးလို့ပဲ ကျွန်တော်တို့ မျှော်လင့်ပါတယ် ။ အသေးစိတ် ဒဏ်ရာ အခြေအနေ သိရဖို့တော့ လာမယ့် ၂၄နာရီကနေ ၄၈နာရီ အထိ စောင့်ရဦးမှာပါ ။ ဘာလို့လဲဆိုတော့ ဒီဒဏ်ရာကို ခုကတည်းက ကြိုမှန်းပြီး ပြောဖို့က စောလွန်းသေးလို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR