မာရှယ်အပါအဝင် အသင်းရဲ့ ဒဏ်ရာရ ကစားသမားတွေရဲ့ အနေအထားကို ထုတ်ပြောလိုက်တဲ့ တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် က တိုက်စစ်မှူး အန်သိုနီ မာရှယ်ဟာ နယူးကာဆယ် အသင်းနဲ့ ပွဲစဥ်မှာ ပြန်လည် ပါဝင်လာနိုင်ဖွယ် ရှိနေပေမဲ့ ကြားပွဲ အဖြစ် ကစားရမယ့် ယူရို ပါလိဂ် ပြိုင်ပွဲကို လွဲချော်ဖို့ ရှိကြောင်း ပြောခဲ့လိုက်ပါတယ် ။

အန်သိုနီ မာရှယ်ဟာ လက်ရှိ ဘောလုံး ရာသီမှာ ဖနောင့် ဒဏ်ရာ ၊ ကြွက်သား ဒဏ်ရာ ၊ နောက်ကျော ဒဏ်ရာတွေ ရရှိခဲ့တဲ့ အတွက် ဒီရာသီ ယူနိုက်တက်တို့ ကစားခဲ့ကြတဲ့ ပွဲစဥ် 11 ပွဲမှာ 7 ပွဲ အထိ ကစားခွင့် လွဲချော်ခဲ့ရတာပဲ ဖြစ်ပါတယ် ။

အခုလည်း သူဟာ ဒဏ်ရာ ပြသနာ ရှိနေသေးတာကြောင့် သောကြာနေ့ နံနက် ကစားရမယ့် အိုမိုနီးယား နီကိုဆီးယား နဲ့ ပွဲစဥ်မတိုင်မီ အသင်းနဲ့ လေ့ကျင့်ရေးတွေ မပြုလုပ််နိုင်ခဲ့တာ ဖြစ်ကြောင်း အဲရစ် တန်ဟတ် က ပွဲကြို သတင််းစာ ရှင်းလင်းပွဲမှာ ပြောခဲ့လိုက်ပါတယ် ။

” ဒီနေ့ မဟုတ်သေးပါဘူး ၊ တနင်္ဂနွေ ပွဲစဥ်မတိုင်မီမှာ သူ ဘယ်လောက်အထိ တိုးတက်လာမလဲဆိုတာကို စောင့်ကြည့်ရမှာပါ ။ ဒဏ်ရာနဲ့ ပတ်သက်လို့ ကျွန်တော် သူနဲ့ စကားတွေ အများကြီး ပြောဆိုခဲ့ပြီးပါပြီ ။ အဲ့တာနဲ့ ပတ်သက်လို့ အတော်လေး မကျေမနပ် ဖြစ်နေခဲ့ရပါတယ် ”

” သူ့ရဲ့အရည်အသွေးနဲ့ ကစားပေးခွင့် ရရှိခဲ့တဲ့ ပွဲစဥ်တွေမှာ ကောင်းကောင်း ကစားပြနိုင်ခဲ့ပါတယ် ။ တနင်္ဂနွေ​နေ့ တုန်းကလည်း အန်တိုနီ အတွက် ဂိုးတောင် ဖန်တီးပေးနိုင်ခဲ့ပါသေးတယ် ။ သူ့ရဲ့ ဖိအားပေး ကစားပုံကလည်း တကယ့်ကို ကောင်းလှပါတယ် ”

” သူဟာ အသင်းအတွက် အရေးပါသူ ဖြစ်ပြီး ကစားပုံတွေလည်း ကောင်းမွန်ခဲ့ပါတယ် ။ ဒါပေမဲ့ သူဒဏ်ရာရရှိသွားခဲ့ပါတယ် ။ ဒါဟာ သူ့အတွက်ရော အသင်းအတွက်ပါ တကယ့်ကို စိတ်မကျေမနပ် ဖြစ်ချင်စရာ ကောင်းလွန်းလှပါတယ် ”

” သေချာတာပေါ့ ၊ ကျွန်တော်ဟာ အသင်းသားတိုင်းကို အသင့်ရှိစေချင်သူပါ ။ တခါတလေ သူတို့ မပါဝင်နိုင်ကြရင် စိတ်မကျေမနပ် ဖြစ်ရပါတယ် ။ ပြီးတော့ ပွဲစဥ်တွေ ဆက်တိုက် ကစားရဖို့ ရှိနေတဲ့ အခိုက်အတန့်မျိုးမှာ သူတို့တွေကို ဆုံးရှုံးရတာ စိတ်ပျက်စရာပါပဲ ”

” သူတို့ မပါဝင်နိုင်တဲ့ အခြေအနေတွေကို ကျွန်တော် ကိုင််တွယ် ဖြေရှင်းနိုင်ဖို့ ကြိုးစားနေပါတယ် ။ လက်ရှိ အချိန််မှာတော့ ကစားပေးနိုင်သူတွေ အပေါ်ပဲ ကျွန်တော် အာရုံံစိုက်နေပါတယ် ” လို့ တန်ဟတ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

လက်ရှိ အချိန်မှာ ယူနိုက်တက် အသင်း ခေါင်းဆောင် ဟယ်ရီ မက်ဂွားယားလည်း ဒဏ်ရာ ရရှိနေဆဲ ဖြစ်ပြီး ကွင်းလယ်လူ ဗန်ဒီ ဘိခ် နဲ့ နောက်ခံလူ ဝမ် ဘစ်ဆာကာ တို့လည်း အသင်းနဲ့ ပူးပေါင်းနိုင်ခွင့် မရှိကြသေးဘူးလို့ သိခဲ့ရပါတယ် ။

#Sports_Myanmar