ပင်နယ်တီ မကန်ခင် ဂျော်ဂျင်ဟို လေဆာနဲ့ အထိုးခံခဲ့ရခြင်း အပေါ် မှတ်ချက်ရင်း ၊ ချဲလ်ဆီး စတား တဦးကို ဘာအစွမ်းမှ သူ မပေးခဲ့ဘူးလို့ ဖွင့်ဟလာတဲ့ ဂရေဟမ် ပေါ်တာ

ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၄ မှာ ပွဲချိန် ၁၈မိနစ် ကတည်းက တယောက်လျော့ခဲ့တဲ့ အိမ်ရှင် အေစီမီလန် အသင်းကို ဆန်စီရိုမှာ ပထမပိုင်းက သွင်းဂိုးတွေနဲ့ အတူ ၀ – ၂ ရလဒ်နဲ့ အနိုင်ရကာ ၊ အုပ်စု E ရဲ့ အမှတ်ပေးဇယားကို စတင် ဦးဆောင်ခွင့် ရခဲ့ပါတယ် ။

ပြီးခဲ့တဲ့ အပတ်က စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ မီလန်ကို ၃ – ၀ နဲ့ နိုင်ခဲ့တဲ့ ချဲလ်ဆီးတို့ အဝေးကွင်းမှာလည်း ပုံမှန် အတိုင်း တိုက်စစ်ဖွင့် ကစားခဲ့ပြီး ၊ မေဆင်မောင့်ကြောင့် ရခဲ့တဲ့ ပင်နယ်တီကနေ ဂျော်ဂျင်ဟို အမှားအယွင်းမရှိ ကန်သွင်း အဆုံးသတ်ခဲ့လို့ ဧည့်သည်တို့ အဖွင့်ဂိုး စရခဲ့ပါတယ် ။

အဲဒီနောင် ၁၀မိနစ် အကြာမှာ ချဲလ်ဆီးတို့ ဂိုးမြူးနေတဲ့ ဂါဘွန်ဝါရင့် တိုက်စစ်မှူး ပီယာအမ်းမရစ် အူဘားမီးယန်းဆီက ဒုတိယ ဦးဆောင်ဂိုး ရခဲ့လို့ ၊ ပွဲက ထိုအချိန်ကတည်းက အဆုံးသတ်သွားခဲ့တယ်လို့ ယေဘူယျ ဆိုနိုင်ပါတယ် ။ ချဲလ်ဆီးဟာ လက်ရှိ နည်းပြ ဂရေဟမ် ပေါ်တာ လက်ထက်မှာ ပြိုင်ပွဲစုံ ၅ပွဲကစား ၊ ၄ပွဲနိုင် ၊ တပွဲသရေ ရထားပါတယ် ။

တဖက်မှာ ဂျော်ဂျင်ဟို ဟာ ပင်နယ်တီ မကန်ခင် ပွဲကြည့်စင်မှ မီလန် ပရိသတ် အချို့ရဲ့ လေဆာထိုးခြင်းကို ခံခဲ့ရပြီး ဒါနဲ့ ပတ်သက်ပြီး ဂရေဟမ် ပေါ်တာ က ” ကျွန်တော်တော့ ဘာလေဆာမှ မမြင်ခဲ့ပါဘူး ။ ဂျော်ဂျီကလည်း ဒီအကြောင်း ကျွန်တော့ကို ပြန်မပြောပြခဲ့ပါဘူး ။ ဒါကို ကျွန်တော် သတိမထားမိတာလည်း ဖြစ်မှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ပေါ်တာ က နိုင်ငံတကာပွဲကာလပြီးနောက် ၃ပွဲကစား ၊ ၃ဂိုး သွင်းထားတဲ့ အူဘားမီးယန်းနဲ့ ပတ်သက်ပြီး ” ကျွန်တော်တို့ ဘာမှ ထွေထွေထူးထူး ပုံသွင်းပေးခဲ့တာမျိုး မရှိပါဘူး ။ လက်ရှိ သူ့ရဲ့ ဂိုးသွင်းပုံစံကောင်းတွေက သူ့အပေါ်မှာသာ အားလုံး မူတည်ပါတယ် ။ သူဟာ ဒီတလော ကိုယ့်ရဲ့ ကြံ့ခိုင်မှု ပုံစံကို တည်ဆောက်နေတာပါ ။ သူဟာ ခက်ခဲတဲ့ နွေရာသီ ကာလကို ကျော်ဖြတ်လာခဲ့ရတယ် ဆိုတာ အရင်က ကျွန်တော်တို့ ဆွေးနွေးခဲ့ဖူးပါတယ် ။ ”

” ဒါကြောင့် သူ့ကို ကစားခွင့် မိနစ်တွေကို သေသေချာချာ စီမံခန့်ခွဲပြီး ပေးနေရတာပါ ။ မိနစ်များများ ပိုကစားရလေလေ သူဒီထက် ပိုကြံ့ခိုင်လေလေ ၊ ကျွန်တော်တို့နဲ့ သူနဲ့ အပြန်အလှန် ပိုနားလည်လေလေပါပဲ ။ လူတိုင်းဟာ သူ့ရဲ့ အရည်အသွေးကို သိကြပါတယ် ။ ”

” သူ့ကို ကြည့်ရတာ ချဲလ်ဆီးမှာ ဘောလုံး ကစားရတာ ပိုပြီး ပျော်ရွှင်လာတဲ့ပုံပါပဲ ။ နောက်ပြီး ဂိုးတွေ ပုံမှန်ရဖို့က သူ့အတွက် အရေးကြီးပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဒါ့အပြင် ပေါ်တာ က ဆန်စီရိုက နိုင်ပွဲနဲ့ ပတ်သက်ပြီး ” ရလဒ် အပေါ် အားရကျေနပ်မှု ရှိလား ? ကျွန်တော်တို့ ဒီရလဒ်ကို မဖြစ်မနေ ကျေနပ်ရပါမယ် ။ ဆန်စီရိုကို လာပြီး အနိုင်ရဖို့ ဆိုတာ အရမ်းကြီး မရိုးရှင်းပါဘူး ။ ဒါကို ခင်ဗျားတို့ ပွဲအစကတည်းက မြင်တွေ့ရမှာ ဖြစ်ပါတယ် ။ သူတို့ ပရိသတ်တွေရဲ့ အားပေးမှုက အံ့မခန်းပါပဲ ။ ”

” ခြုံပြောရရင် ကျွန်တော်တို့ ကစားပုံ ကောင်းခဲ့ပါတယ် ။ အဖွင့်ဂိုး အရင်ရဖို့က အရေးကြီးပြီး ၊ ပင်နယ်တီနဲ့ အနီက ပွဲအခြေအနေကို လုံးလုံးကြီး ပြောင်းလဲပစ်ခဲ့ပါတယ် ။ ကျွန်တော်တို့ဟာ ၁၀ယောက်တည်းကျန်တဲ့ ပြိုင်ဖက်ကို လုံးဝ လျှော့မတွက်ခဲ့ပါဘူး ။ ဒါကိုလည်း ကျွန်တော်တို့ ကောင်းကောင်း ရင်ဆိုင်နိုင်ခဲ့တယ်လို့ ထင်ပါတယ် ။ ”

” ၃မှတ်အပြည့် ၊ Clean Sheet နဲ့ ၂ဂိုးပါ ရခဲ့တာကြောင့် ကျွန်တော်တို့ ဝမ်းမြောက်မိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ချဲလ်ဆီး အသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ် ပွဲအဖြစ် အက်စတွန် ဗီလာ အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ် ။

SPORTS MYANMAR