တိုမိုရီကို တိုက်ရိုက် အနီနဲ့ ထုတ်ခဲ့တဲ့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက် ဘာကြောင့် မှန်ကန်လဲ ဆိုတာ သုံးသပ်လိုက်တဲ့ ရီယို ဖာဒီနန်

မနေ့ညက ဆန်စီရိုမှာ ကစားခဲ့တဲ့ အေစီမီလန် – ချဲလ်ဆီး ပွဲမှာ ဧည့်သည် ချဲလ်ဆီးက ၀ – ၂ ရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့် ၊ လူပြော အများဆုံး ဖြစ်ခဲ့တာကတော့ ပွဲချိန် ၁၈မိနစ်က မီလန် ခံစစ်မှူး ဖီကာယို တိုိမိုရီရဲ့ တိုက်ရိုက် အနီကတ် ဖြစ်ပါတယ် ။

ဒီမတိုင်ခင်က ၂သင်းလုံး အပြန်အလှန် ထိုးဖောက် ကစားခဲ့ကြပေမယ့် ၊ တိုမိုရီ အနီထိပြီးတဲ့နောက် ၊ အိမ်ရှင်ဖက်က တန်ပြန်တိုက်စစ်ကိုသာ အားကိုးဖို့ ကြိုးစားခဲ့ရတဲ့ အတွက် ယင်းအခိုက်အတန့်ဟာ ပွဲအပေါ် ကြီးကြီးမားမား သက်ရောက်မှု ရှိစေခဲ့ပါတယ် ။

ထိုအနီဟာ ဘောလုံးပရိသတ် အများစု အတွက် အနီ မဟုတ်ပေမယ့် ၊ စည်းမျဉ်း စာအုပ်ထဲက အတိုင်း ပွဲတွင်း ကျင့်သုံးရမယ့် ကွင်းလယ်ဒိုင် အတွက် မဖြစ်မနေ ပေးရမယ့် အနီမျိုး ဖြစ်နေပါတယ် ။ တိုမိုရီဟာ တယောက်တည်း လွတ်လွတ်ကျွတ်ကျွတ် ပြေးတက်သွားတဲ့ မေဆင်မောင့်ကို အနောက်ကနေ မထိတထိ ဆွဲဖို့ ကြိုးစားခဲ့ပါတယ် ။

ဒီနေရာမှာ မေဆင်မောင့် ဟာ ဆွဲချခံရမှန်း သိပေမယ့် ၊ လှဲတောင် မချခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာသာဆို ပင်နယ်တီပင် ရချင်မှ ရမှာ ဖြစ်ပါတယ် ။ သို့ပေမယ့် ထိုပွဲကို ကိုင်တွယ်ခဲ့တဲ့ ဂျာမန်လူမျိုး ကွင်းလယ်ဒိုင် ဆိုင်းဘတ်ကတော့ ထိုအခြေအနေကို ကွက်ကွက်ကွင်းကွင်း မြင်ခဲ့ပြီး ၊ စည်းမျဉ်းအတိုင်း လုပ်စရာရှိတာ လုပ်သွားခဲ့ပါတယ် ။

တိုမိုရီ အတွက်တော့ အသင်းဟောင်းနဲ့ တွေ့တဲ့ ၂ပွဲလုံးမှာ ပွဲအပေါ် ကြီးကြီးမားမား ပြောင်းလဲစေတဲ့ အမှားမျိုးတွေ လုပ်ခဲ့မိပြီ ဖြစ်ပါတယ် ။ မနေ့ညက သူ့ရဲ့ ဆုံးဖြတ်ချက် အမှားကြောင့် မီလန်တို့ ပေးဆပ်မှု ကြီးမားခဲ့ပြီး ၊ လက်ကျန် ၂ပွဲလုံး ရလဒ်ကောင်း ရဖို့ မဖြစ်မနေ ကြိုးစားရတော့မှာ ဖြစ်ပါတယ် ။

ပွဲအပြီး BT Sport ရဲ့ သုံးသပ်ချက် အစီအစဉ်မှာတော့ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ခံစစ်မှူးဟောင်း ရီယို ဖာဒီနန်ကတော့ တိုမိုရီရဲ့ အနီဟာ မှန်ကန်မှု ရှိကြောင်း ထောက်ခံရင်း ၊ ချဲလ်ဆီးနဲ့ ၂ပွဲမှာ ကျူးလွန်ခဲ့တဲ့ အမှားတွေက ၄င်းကို ကမ္ဘာ့ဖလားနဲ့ လွဲချော်စေနိုင်ကြောင်း သတိပေးသွားခဲ့ပါတယ် ။

ဖာဒီနန် က ” လူငယ် နောက်ခံလူ တဦးအနေနဲ့ ခင်ဗျားဟာ တိုမိုရီ တယောက် ဘယ်လိုလုပ်ပြီး ဒီအခြေအနေထဲ ရောက်သွားလဲ ဆိုတာကို မေးခွန်းထုတ်ရပါမယ် ။ မောင့်ရဲ့ လှုပ်ရှားပုံက ကောင်းခဲ့ပြီး ၊ ဘောလုံးကွင်းရဲ့ ဘယ်နေရာမှာမဆို ဒါက ပြစ်ဒဏ်ဘော ဖြစ်ပါတယ် ။ စည်းမျဉ်းက စည်းမျဉ်းပါပဲ ။ ဒါက တိုက်ရိုက် အနီ ဖြစ်ပါတယ် ။ ”

” ချဲလ်ဆီးနဲ့ တွေ့ခဲ့တဲ့ နောက်ဆုံး ၂ပွဲမှာ သူဟာ ပွဲရဲ့ အလှည့်အပြောင်း အခိုက်အတန့် ၂ခုမှာ အမှားလုပ်ခဲ့ပါတယ် ။ ဒီနေရာမှာ ဂါရတ်သာဆို ‘ ငါ သူ့ကို လက်ရွေးစင် အသင်းမှာ မရွေးခဲ့တာ မှန်ခဲ့တယ် ‘ လို့ စဉ်းစားနေမိမှာပါ ။ တိုမိုရီဟာ ဒီအခြေအနေမှာ အာရုံလွတ်ခဲ့ပြီး ၊ မေဆင်မောင့်ကို သူ့နောက်ကနေ ကျော်တက်ခွင့် ပေးခဲ့မိပါတယ် ။ ”

” စတမ်းဖို့ဒ်ဘရစ်ခ်ျမှာတုန်းက သူဟာ အူဘားမီးယန်းရဲ့ သွင်းဂိုး မတိုင်ခင် ဘောလုံး ရှင်းထုတ်ဖို့ နေရာယူတဲ့ပုံ လွဲခဲ့ပါတယ် ။ သူ့အတွက် ကိုယ်ရည်သွေးရမယ့် ပွဲကြီး ၂ပွဲမှာ ဒီလို သိသာထင်ရှားတဲ့ အမှား ၂ခု လုပ်ခဲ့မိခြင်းဟာ အင်္ဂလန် လက်ရွေးစင် အသင်းမှာ နေရာ တနေရာ ရဖို့ အခက်တွေ့စေပါတယ် ။ ဒီ၂ပွဲမှာ သူ့အတွက် ဒီထက် ပိုဆိုးတဲ့ အရာမျိုး ထပ်မရှိနိုင်တော့ပါဘူး ။ ”

” ဒါပေမယ့် သူဟာ ငယ်သေးတာကြောင့် ၊ ထိပ်တန်းအဆင့်မျိုး သူ ပြန်ရောက်လာပါဦးမယ် ။ ကျွန်တော်ကတော့ အင်္ဂလန် ဂျာစီ ဝတ်ဆင်ခွင့်ရဖို့ ၊ ကမ္ဘာ့ဖလား ဆင်နွှဲခွင့်ရဖို့ အခွင့်အရေး တခုနဲ့ သူ ထိုက်တန်မှု ရှိနေတုန်းပဲလို့ ယုံကြည်နေဆဲပါ ။ ဒါပေမယ့် ဒီလို ပွဲမျိုးဟာ ဂါရတ်ရဲ့ အမြင်နဲ့ ဘယ်လိုမှ ထပ်တူကျစေမှာ မဟုတ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR