အာဆင်နယ်ကို ရှုံးခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူးရဲ့ အကောင်းဆုံး ကစားသမားကို ပြောပြလိုက်တဲ့ ဂယ်ရီနဗီး

ဂယ်ရီနဗီးက လီဗာပူးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ကစားပုံ မကောင်းခဲ့ပေမယ့် ဒါဝင်နူးနက် ကတော့ တကယ် ကောင်းအောင် ကစားနိုင်ခဲ့တယ်လို့ ပြောလိုက်ပါတယ်။ အာဆင်နယ်ဟာ အမ်းမရိတ်မှာ လီဗာပူးကို အနိုင်ယူကာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာကို ပြန်လည် တက်လှမ်းလာခဲ့ပြီး ဒီရာသီမှာ နိုင်ပွဲ ၂ ပွဲနဲ့ အဆင့် ၁၀ နေရာကို ရောက်နေတဲ့ လီဗာပူးကို ၁၄ မှတ် ဖြတ်ထားနိုင်ခဲ့ပါတယ်။

လီဗာပူးဟာ အာဆင်နယ်ရဲ့ နှစ်ကြိမ်တိုင်တိုင် ဦးဆောင်ခဲ့မှုကို ပြန်လည် ချေပနိုင်ခဲ့ပေမယ့်လည်း ပွဲချိန် ၇၆ မိနစ်မှာ ဆာကာသွင်းယူခဲ့တဲ့ ပင်နယ်တီကို ပြန်လည် ချေပနိုင်ခဲ့ခြင်း မရှိဘဲ ရှုံးနိမ့်သွားခဲ့ပါတယ်။ လီဗာပူးဟာ ပထမပိုင်းမှာ အာဆင်နယ်ကို အသာစီး ကစားနိုင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာတော့ အာဆင်နယ်က အသာစီး ကစားကာ အနိုင်ဂိုးလည်း ထိုက်တန်စွာ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဂယ်ရီနဗီး ကတော့ ဒီပွဲစဉ်မှာ နူးနက်ရဲ့ performance ကို ထောက်ပြသွားခဲ့ပြီး ဥရုဂွေးစတားဟာ နွေရာသီက အန်ဖီးကို ပေါင် ၈၅ သန်းနဲ့ ပြောင်းရွေ့လာခဲ့ပြီး နောက်ပိုင်း အန်ဖီးမှာ ရုန်းကန်နေရတာကြောင့် ဝေဖန်မှုတွေ ကြုံတွေ့နေရသူ ဖြစ်ပါတယ်။

နဗီးက “နူးနက်ဟာ တကယ်ကောင်းအောင် ကစားနိုုင်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီပွဲရဲ့ ခက်ခဲတဲ့ အပိုင်းအခြားတွေမှာတောင် သူဟာ လီဗာပူးရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ပြေးလွှားမှုတွေ ကောင်းခဲ့ပါတယ်။ လီဗာပူးဟာ အထောင် တိုက်စစ်မှုး လိုအပ်နေခဲ့တာပါ။ မာနေး ထွက်ခွာသွားခဲ့တဲ့ အပြင် ဖာမီနို ကလည်း နောက်ကို တအား ဆင်းလွန်းတယ်ဆိုပြီး လီဗာပူးပွဲကို တောက်လျှောက် ကြည့်နေတဲ့သူတွေက ပြောကြပါတယ်။ ဒါ့ကြောင့် သူတို့ဟာ front three ကို ပြန်လည် တည်ဆောက်သွားခဲ့ရပါတယ်။

သူတို့ အထောင် တိုက်စစ်မှုး လိုအပ်ခဲ့ပါတယ်။ သူတို့ နူးနက်ကို ခေါ်ယူလိုက်တဲ့ အချိန်မှာ သူနဲ့ ဟာလန်းကြားမှာ နှိုင်းယှဉ်မှုတွေ ရှိခဲ့ပါတယ်။ ကွန်မြူနတီဒိုင်း ပွဲစဉ် အပြီးမှာ မီဒီယာတွေရဲ့ သတင်းခေါင်းကြီးကို ကျွန်တော် မှတ်မိနေပါသေးတယ်။ ၃ လ အကြာမှာ ကျွန်တော်တို့ရဲ့ ပြောဆိုခဲ့မှုတွေကို ပြန်ပြီး ကြည့်သင့်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

နူးနက်ဟာ မန်စီးတီးကို အနိုင်ရခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ လီဗာပူး အတွက် ဂိုးသွင်းပေးခဲ့တဲ့ အပြင် ဖူဟမ်နဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာလည်း တစ်ဂိုးသွင်းကာ တစ်ဂိုး ဖန်တီးပေးခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်နဲ့ပွဲက သွင်းဂိုးဟာ အဆိုပါ ပွဲစဉ်နောက်ပိုင်း ပထမဦးဆုံး ဂိုးရခဲ့တာ ဖြစ်ပြီး ပဲလေ့စ်နဲ့ပွဲမှာ ဥရုဂွေးစတားရဲ့ အနီကတ်ဟာ အသင်းမှာ အထိုင်ကျဖို့ ကြိုးစားနေမှု အပေါ် ထိခိုက်မှု ရှိစေခဲ့ပါတယ်။

နဗီးက “ခရစ်စတယ်ပဲလေ့စ်နဲ့ ပွဲစဉ်က အနီကတ်နဲ့ ထုတ်ပယ်ခံရမှုဟာ သူ့ကို ထိခိုက်စေခဲ့ပါတယ်။ ဒါနဲ့ ပက်သက်ပြီး သံသယ ဖြစ်စရာ မရှိပါဘူး။ ဒါပေမယ့် အာဆင်နယ်နဲ့ပွဲမှာ နူးနက်ဟာ တကယ့်ကို ကောင်းတဲ့ လက္ခဏာတွေ ပြသခဲ့ပါတယ်။ သူဟာ အမ်းမရိတ်မှာ ပြိုင်ဘက်ခံစစ်ကို အန္တရာယ် ရှိစေခဲ့ပါတယ်။ ခံစစ်ကို ကျော်ပြီး ပြေးလွှားတာ နဲ့ pressing တွေ ကောင်းကောင်း လုပ်ခဲ့ပါတယ်။

ဒါပေမယ့် တစ်စုံတစ်ခု ကတော့ ပျောက်ဆုံးနေသလို ပါပဲ။ လီဗာပူး ပရိတ်သတ်တွေက ဒါဟာ ကွင်းလယ်ကြောင့်လို့ ပြောကြမှာပါ။ သူတို့ဟာ တိုက်စစ်မှုး ၄ ယောက်နဲ့ ကစားနေပြီး ကျွန်တော့်ရဲ့ အမြင်ကတော့ pressing တွေ လုပ်တဲ့နေရာမှာ ကွင်းလယ်ရဲ့ energy နည်းပါးနေမှုကို ဖာထေးတဲ့ အနေနဲ့ ဒီလို လုပ်ဆောင်တာ ဖြစ်မယ်လို့ ထင်ပါတယ်။ အာဆင်နယ်နဲ့ ပွဲမှာ နူးနက်က ပြသနာ မဟုတ်ပါဘူး။ သူဟာ ပြသနာ မဟုတ်ခဲ့ပါဘူး။

အသင်းရဲ့ အခြား နေရာတွေမှာ ပြသနာ ရှိနေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ လီဗာပူးရဲ့ ကစားအားနဲ့ ကြံ့ခိုင်မှု ကျဆင်းသွားခဲ့တာကသာ အကြီးမားဆုံး ပြသနာလို့ ကျွန်တော် ထင်ပါတယ်။ အာဆင်နယ်ဟာ ဒုတိယပိုင်းမှာ လီဗာပူးထက် ပိုမို ကောင်းမွန်ကာ ပိုမို ကြံ့ခိုင်သန်မာတဲ့ပုံမျိုး ဖြစ်ခဲ့ပါတယ်။” လို့ ပြောလိုက်ပါတယ်။

SM