လီဗာပူး နဲ့ ပွဲက အာဆင်နယ် ရဲ့ ပထမဂိုး ခွင့်ပြု/မပြု ဆုံးဖြတ်ရာမှာ VAR ချို့ယွင်းချက် ရှိခဲ့ကြောင်း ထွက်ပေါ်လာ

လီဗာပူး အသင်းကို ၃-၂ နဲ့ အနိုင်ရခဲ့တဲ့ ပွဲတွင် အာဆင်နယ် အသင်း ရဲ့ ပထမဂိုးမှာ ဆာကာ ဘောလုံး လက်ခံ ရယူစဉ် လူကျွံမှု ရှိ/မရှိ VAR က အဆုံးအဖြတ်ပေး သက်သေပြနိုင်ခဲ့ခြင်း မရှိခဲ့တာကြောင့် မာတင်နယ်လီ ရဲ့ သွင်းဂိုးကို ခွင့်ပြု ပေးခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ် ။

အာဆင်နယ် နဲ့ လီဗာပူး ပွဲတွင် ပွဲအစ ၅၈ စက္ကန့်မှာတင် မာတင်နယ်လီ က ဂန်းနားတို့ အတွက် ဦးဆောင်ဂိုး သွင်းယူ ပေးခဲ့တာပါ ။ ဒါပေမယ့် မာတင်နယ်လီရဲ့ သွင်းဂိုးမှာ ဘန်ဝှိုက် ဘောလုံး ပေးလိုက်ချိန် ဆာကာ လူကျွံ အနေအထားတွင် ရှိ/မရှိ အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ရပါတယ် ။

ESPN ရဲ့ဖော်ပြချက်အရ VAR စနစ် ရဲ့ အဓိက နည်းပညာ ဖြစ်တဲ့ Hawk-eye ကင်မရာ ငါးလုံးစလုံးဟာ ဆာကာ လူကျွံ အနေအထားမှာ ရှိမရှိ ကို မိမိရရ ပြတ်ပြတ်သားသား ရိုက်ကူး နိုင်ခဲ့ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ် ။

ဒါကြောင့် offside line ရွေးဆွဲပြီး ဆာကာ လူကျွံ အနေအထားမှာ ရှိနေခဲ့သလားဆိုတာ အဆုံးအဖြတ် ပေးနိုင် ခဲ့ခြင်း မရှိခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် Halfway line မှာ ရှိတဲ့ ကင်မရာ တစ်လုံးဟာလည်း မာတင်နယ်လီ ရဲ့ သွင်းဂိုးကို replay ပြသဖို့ အတွက် ဖြစ်ပြီး offside ဖြစ်မဖြစ် တွက်ချက်ပေးနိုင်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ် ။

beIN Sports ရဲ့ သုံးသပ်သူ ရစ်ချတ်ကီး ကလည်း ဆာကာလူမကျွံဘူးလို့ ခန့်မှန်း တွက်ဆ ခဲ့တဲ့ တာဝန် ရှိသူတွေကို ဝေဖန် သွားခဲ့ပါတယ် ။ ” ဆာကာ က ဘောလုံး လက်ခံရရှိချိန်မှာ လူကျွံ အနေအထား ဖြစ်နေခဲ့ပါတယ် ၊ အရှင်းကြီး လူကျွံ နေခဲ့ပါတယ် ။ ”

” ဆာကာ လူမကျွံကြောင်း သက်သေပြဖို့ ကျွန်တော်တို့ တာဝန်ရှိသူတွေကို တောင်းဆို ခဲ့ပါတယ် ၊ သူတို့ ဆာကာ လူကျွံ မကျွံ ဆုံးဖြတ်ချက် ချရာမှာ ဘယ်လို line ရေးဆွဲ ခဲ့သလဲ ဆိုတာ သိချင်တာကြောင့်ပါ ။ ”

” သူတို့ မပြ နိုင်ပါဘူး ၊ ဘာကြောင့် မပြနိုင်တာလဲ ဆိုတာကလည်း ရှင်းရှင်းလေးပါပဲ ၊ သူတို့ line ဆွဲပီး ဆုံးဖြတ် ခဲ့တာ ဟုတ်မနေလို့ပါပဲ ၊ သူတို့ ဘက်က ခန့်မှန်းပြီး ဆုံးဖြတ် ခဲ့တာပါ ။ ” လို့ ဝေဖန် သွားခဲ့ပါတယ် ။

SM