‘လိဂ်ဝမ်းအဆင့်သာ ရှိတဲ့ ခံစစ်ကစားပုံ’ လို့ ဆိုကာ အလက်ဇန်းဒါးအာနိုးကို ဝေဖန်လိုက်တဲ့ စပါးကစားသမားဟောင်း

စပါး ကွင်းလယ်လူဟောင်း ဂျေမီအိုဟားရားဟာ ထရန့်အလက်ဇန်းဒါးအာနိုးကို ၎င်းရဲ့ ‘လိဂ်ဝမ်းအဆင့်သာ ရှိတဲ့ ခံစစ်ကစားပုံ’ အတွက် ဝေဖန်ပြစ်တင် သွားခဲ့ပြီး လီဗာပူးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အာဆင်နယ်ကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အလက်ဇန်းဒါးအာနိုးရဲ့ ခံစစ်ကစားပုံဟာ နောက်ထပ် တစ်ကြိမ် ထပ်မံ ဆိုးရွားခဲ့ပြီး အာဆင်နယ်ရဲ့ အဖွင့်ဂိုး ၂ ဂိုးမှာ ၎င်းရဲ့ အမှားတွေ ပါဝင်နေကာ ပထမပိုင်း အပြီးမှာ ဂိုးမက်ဇ်နဲ့ လူစားလဲခံခဲ့ရပြီး ကလော့ကတော့ ဒါဟာ ဒဏ်ရာကြောင့်သာ ဖြစ်တယ်လို့ ထုတ်ဖော်ခဲ့ပါတယ်။

ယာဂန်ကလော့ရဲ့ အသင်းကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ တာထွက်ဆိုးရွားနေခဲ့ပြီး အန်ဖီးကလပ်ဟာ အဖွင့်ပွဲစဉ် ၈ ပွဲမှာ နိုင်ပွဲ ၂ ပွဲသာ ရသေးပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၁၀ နေရာကို ကျဆင်းနေခဲ့ပါတယ်။ အိုဟားရားက အလက်ဇန်းဒါးအာနိုးဟာ တိုက်စစ်ကို လိုက်ပါပံ့ပိုးတဲ့ နေရာမှာ ချန်ပီယံလိဂ် level မှာ ရှိနေပေမယ့် ခံစစ်ပိုင်း မှာတော့ အင်္ဂလန်ဘောလုံးလောကရဲ့ တတိယအဆင့် ဖြစ်တဲ့ လိဂ်ဝမ်း level မှာသာ ရှိနေတယ်လို့ ဆိုခဲ့ပါတယ်။

အိုဟားရားက “အကယ်၍ ကျွန်တော်သာ ဒီအချိန်မှာ လီဗာပူးနဲ့ ရင်ဆိုင်ကစားရတော့မယ် ဆိုရင် မန်နေဂျာဘက်က ပထမဦးဆုံး ပြောဆိုသွားမယ့် အရာကတော့ ‘ဘောလုံးကို ဘယ်ခြမ်းရောက်အောင် ပို့ပြီး ထရန့်နဲ့ one-on-one ရင်ဆိုင်နိုင်အောင် လုပ်ပါ’ ဆိုပြီး ဖြစ်ပါတယ်။ ဘာလိုလဲဆိုတော့ ခံစစ် ကစားပုံမှာ သူဟာ league one အဆင့်မှာပဲ ရှိနေပါတယ်။ တကယ့်ကို လိဂ်ဝမ်းအဆင့် ခံစစ် ကစားပုံပါပဲ။ ဒါပေမယ့် တိုက်စစ်ပိုင်းမှာတော့ သူဟာ ချန်ပီယံလိဂ် level ရှိပါတယ်။

ယာဂန်ကလော့ကလည်း ဒါကို သိနေမှာပါ။ သူဟာ ထရန့်ရဲ့ တိုက်စစ် အရည်အသွေးတွေကို နှစ်သက်ပါတယ်။ ဒါပေမယ့် ခံစစ်ကစားပုံ မှာတော့ သူဟာ တကယ့်ကို ဖရိုဖရဲ ပါပဲ။ အာဆင်နယ်ရဲ့ ဒုတိယဂိုးကို ကြည့်လိုက်ပါ။ သူဘယ်သွားနေတာလဲ? ဒါဟာ သူ့ရဲ့ ကြီးမားတဲ့ ပျော့ကွက်ပါပဲ။ ကျွန်တော် ထရန့်ကို နှစ်သက်ပါတယ်။ သူဟာ ငယ်ငယ်လေးနဲ့ အရမ်းကို ကောင်းတဲ့ ကစားသမား ဖြစ်နေတာပါ။ ဒီအသက်အရွယ်လေးနဲ့ ကျွန်တော့်ထက် ဆုဖလားတွေ ပိုမို ရထားခဲ့ပြီးပါပြီ။ ဒါပေမယ့် နောက်ခံလူ တစ်ဦး အနေနဲ့ သူဟာ လုံလောက်တဲ့ ကောင်းမွန်မှု မရှိပါဘူး။

သူ့အနေနဲ့ ဒီအပိုင်း နဲ့ ပက်သက်ပြီး အလုပ်လုပ်သွားဖို့ လိုအပ်ပါတယ်။ one-on-one သင်ပေးမယ့် နည်းပြတစ်ဦးကို ငှားလိုက်ပါ။ ထရန့် အနေနဲ့ ခံစစ်ပိုင်းနဲ့ ပက်သက်ပြီး ဖြေရှင်းသွားဖို့ လိုအပ်နေပါပြီ။” လို့ ပြောသွားပါတယ်။

အလက်ဇန်းဒါးအာနိုးဟာ လွန်ခဲ့တဲ့ ၂၀၁၆-၁၇ ရာသီက လီဗာပူး အတွက် ပထမဦးဆုံး ကစားခွင့်ကို ရရှိလာခဲ့ပြီးနောက် ကလော့ရဲ့ လက်အောက်မှာ အဓိက ကစားသမား အဖြစ် လျှင်မြန်စွာ တိုးတက်လာခဲ့ကာ ညာနောက်ခံလူ နေရာကို သိမ်းပိုက်နိုင်ခဲ့ပြီး အန်ဖီးကလပ်ကို ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလား အားလုံးကို ဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့ပါတယ်။

SM