မီလန်ခရီးစဉ်မှာ ချဲလ်ဆီး စတား ၂ဦး ဘာကြောင့် မလိုက်ပါခဲ့လဲ ဆိုတာ ရှင်းပြရင်း ၊ သီယာဂို ဆေးလ်ဗားရဲ့ နောက်ဆုံးရ ကြံ့ခိုင်မှု အခြေအနေ အကြောင်း အသိပေးလိုက်တဲ့ ဂရေဟမ် ပေါ်တာ

ချဲလ်ဆီး အသင်းဟာ ယနေ့ညမှာ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၄ အဖြစ် အေစီမီလန် အသင်းကို မီလန်မြို့ရှိ ဆန်စီရိုကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ အပတ်က စတမ်းဖို့ဒ်ဘရစ်ချ်မှာတော့ ချဲလ်ဆီးဟာ အေစီမီလန်ကို ၃ – ၀ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ် ။

ထိုပွဲမှာ အဖွင့်ဂိုး သွင်းခဲ့တဲ့ ပြင်သစ် ကြယ်ပွင့် ခံစစ်မှူး ဝက်စ်လေ ဖိုဖာနာ ဒဏ်ရာ ရသွားတာကြောင့် ၊ ယနေ့ည မီလန်နဲ့ ပွဲကို လွဲချော်ထားသလို ၊ အခြား ချဲလ်ဆီး ဝါရင့် ကြယ်ပွင့် ၂ဦး ဖြစ်တဲ့ တောင်ပံ ကစားသမား ဟာကင် ဇီယက်ချ်နဲ့ ကွင်းလယ်လူ အန်ဂိုလို ကန်တေတို့လည်း ဖိုဖာနာနည်းတူ အသင်းနဲ့ လိုက်ပါလာခဲ့ခြင်း မရှိပါဘူး ။

ဇီယက်ချ် ဟာ စနေနေ့ည က ဝုလ်ဗ်နဲ့ ပရီးမီးယားလိဂ် ပွဲမှာ လူစားဝင် ပါဝင်နိုင်ခဲ့သလို ၊ ကန်တေဆိုရင်လည်း ထရိန်နင်မှာ ပူးပေါင်း ပါဝင်ထားတာ ၂ပတ်ဝန်းကျင် ရှိခဲ့ပြီ ဖြစ်ပါတယ် ။ မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာ က ၎င်းတို့ ၂ဦး မီလန် ခရီးစဉ်ကို ဘာကြောင့် မလိုက်ခဲ့လဲ ဆိုတာ အခုလိုပဲ ရှင်းလင်းခဲ့ပါတယ် ။

ပေါ်တာ က ” ဟာကင်က နေမကောင်းဖြစ်နေပါတယ် ။ အန်ဂိုလိုကျတော့ ကစားဖို့ သင့်မသင့် စောင့်ကြည့်နေရတုန်း အဆင့်မှာပါ ။ ထရိန်နင်မှာတော့ သူ့ရဲ့ တုန့်ပြန်မှုတွေက ကောင်းနေပါတယ် ။ ဒီတော့ နောက်ထပ် သူ့ရဲ့ သတင်းတွေကို ဆက်လက် နားစွင့်တာပေါ့ ။ ဟာကင်ကတော့ လည်ချောင်းနာနေပါတယ် ။ ဒါကြောင့် သူမလိုက်နိုင်တာပါ ။ ”

” အန်ဂိုလိုရဲ့ ကြံ့ခိုင်မှု အခြေအနေက ထွေထွေထူးထူး စိတ်ပူစရာတော့ မရှိပါဘူး ။ ဒါပေမယ့် မီလန် ခရီးစဉ်မှာ သူ မလိုက်နိုင်ခဲ့တာက သူ့အတွက်ရော ၊ ကျွန်တော်တို့ အတွက်ပါ စိတ်ပျက်စရာပါ ။ ဒီတော့ ကျွန်တော်တို့ ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပြီး ၊ ကြံ့ခိုင်မှု အနေအထား အတိမ်အနက်ကို သေသေချာချာ စစ်ဆေးရမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ မီလန်နဲ့ ပထမတကြိမ် စတမ်းဖို့ဒ်ဘရစ်ချ်မှာ ရင်ဆိုင်ခဲ့စဉ် က ပွဲချိန်ပြည့် ကစားပေးခဲ့တဲ့ ဘရာဇီး ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗားဟာ ဝုလ်ဗ်နဲ့ ပွဲမှာ မပါဝင်ခဲ့တာကြောင့် ယနေ့ည ပွဲအတွက် အပြည့်အဝ အနားရထားပါတယ် ။

သီယာဂို ဆေးလ်ဗားရဲ့ ကြံ့ခိုင်မှု အခြေအနေနဲ့ ပတ်သက်ပြီး ပေါ်တာ က ” ပြီးခဲ့တဲ့ အပတ် မီလန်နဲ့ ကျွန်တော်တို့ ကစားခဲ့ရတုန်းက သီယာဂို တယောက် အဆင်ပြေခဲ့ပါတယ် ။ ဒါပေမယ့် ဝုလ်ဗ်နဲ့ မကစားမီ သူ့မှာ ၂ရက်ပဲ နားခဲ့ရတာကြောင့် အခြေအနေက နည်းနည်းဆိုးခဲ့သလို ၊ ဆက်တိုက်ကြီး သူ့ကို အသုံးပြုဖို့ မသင့်လျော်ပြန်ပါဘူး ။ ဒါပေမယ့် သူ အခု ပြန်ကောင်းလာပါပြီ ။ ”

” သူဟာ ကွင်းတွင်းကွင်းပြင် အားရစရာကောင်းတဲ့ စွမ်းဆောင်ရည်တွေ ပြသထားပါတယ် ။ သူဟာ ခေါင်းဆောင် တဦးပါ ။ သူဟာ ထိပ်တန်း ပရော်ဖက်ရှင်နယ် ပုဂ္ဂိုလ် တဦးပါ ။ သူနဲ့ အတူ အလုပ်လုပ်ရတာ ကျွန်တော့ အတွက် နှစ်လိုဖွယ်ကောင်းပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ပေါ်တာ က ယနေ့ည မီလန်မှာ ကစားမယ့် ချန်ပီယံလိဂ် Big Match နဲ့ ပတ်သက်ပြီးလည်း ” ဒါဟာ ကျွန်တော်တို့ အတွက် စိန်ခေါ်မှု တရပ် ဖြစ်ပါတယ် ။ ဒီနေရာက အံ့သြဖွယ်ကောင်းပါတယ် ။ အေစီမီလန်ဟာ ပြီးခဲ့တဲ့ အပတ်က ကျွန်တော်တို့ အိမ်ကွင်း အားသာချက်ကို အသုံးချခဲ့သလိုမျိုး ထပ်တူထပ်မျှ ကြိုးပမ်းလာနိုင်ပါတယ် ။ ”

” ဒါဟာ အင်အားညီမျှတဲ့ အသင်းကောင်း ၂သင်း ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပါတယ် ။ ဒီတော့ အံ့သြဖွယ် ပွဲတပွဲ ဖြစ်လာမယ့် အတွက် ကျွန်တော် ဒီပွဲကို စောင့်မျှော်နေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR