မက်ဆီ လွဲဦးမယ့် PSG ပွဲ ၊ ဘရန့်ဖိုဒ့် နဲ့ ဘက်ခမ်း ၊ ချန်ပီယံလိဂ်အကြို ဒဏ်ရာတွေနဲ့ . . . နောက်ဆုံးရ အားကစားသတင်းများ

PSG တိုက်စစ်မှူး မက်ဆီ ဟာ အခု ကြားရက်မှာ ကစားမယ့် ဘင်ဖီကာ နဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ကို ပါဝင်မှာ မဟုတ်ဘူးလို့ သတင်း ထွက်လာခဲ့ ပါတယ် ။

မက်ဆီ ဟာ ဒဏ်ရာ အနည်းငယ် ရှိနေတာကြောင့် ပြီးခဲ့တဲ့ လီဂူးဝမ်း ပွဲစဉ် ကိုလည်း မပါဝင်ဘဲ လွဲချော် ခဲ့သူ ဖြစ်ပါတယ် ။

PSG ဟာ လာမယ့် ပိတ်ရက်မှာ မာဆေး နဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး အဆိုပါပွဲအတွက် မက်ဆီ ကို အားမွေးစေလိုတာကြောင့် ချန်ပီယံလိဂ် ပွဲမှာ ချန်လှပ်သွားဖို့ စိတ်ကူးထားတာလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ချက်တွေ ထွက်ပေါ် နေပါတယ် ။

ရိုးမား တိုက်စစ်မှူးလေး ပေါ်လို ဒိုင်ဘားလား ကတော့ ပြီးခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ ရရှိ သွားတဲ့ ဒဏ်ရာကြောင့် ၈ ပတ်လောက် နားရဖို့ ရှိနေပါတယ် ။ ရိုးမား နည်းပြ မော်ရင်ဟို ကတော့ သူ အားထားရတဲ့ တိုက်စစ်မှူးဟာ ၂၀၂၂ ထဲမှာ ပြန်ကစား နိုင်မှာ မဟုတ်တော့ဘူးလို့ ထုတ်ဖော် ပြောဆို ခဲ့ပါတယ် ။

အေစီမီလန် ရဲ့ လူငယ်ကြယ်ပွင့်လေး ချားလက် ဒီ ကိတ်လယ်ရီ ဟာ မနေ့က လေ့ကျင့်ခန်း အစီအစဉ်ကို မပါဝင် နိုင်ခဲ့တာကြောင့် ချဲလ်ဆီး နဲ့ ကစားမယ့် ချန်ပီယံလိဂ် ပွဲကို ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ ကြားသိရ ပါတယ် ။

ချဲလ်ဆီး အသင်းဘက်မှာတော့ ဟာကင် ဇီယက်ချ် ၊ အန်ဂိုလို ကန်တီ နဲ့ ဝီစလေ ဖိုဖာနာ တို့ ၃ ယောက်ဟာ မီလန် ပွဲအတွက် လေ့ကျင့်ခန်း အစီအစဉ်မှာ မပါဝင်ခဲ့ကြပါဘူးလို့ သိရှိရ ပါတယ် ။

ယူဗင်တပ် ကတော့ ပေါလ်ပေါ့ဘာ ၊ ချီယေဆာ နဲ့ ဒီ ဆစ်ဂလီယို တို့ ၃ ဦးသာ မက္ကာဘီ နဲ့ ပွဲကို လွဲချော် ကြမှာ ဖြစ်ပြီး ဒီမာရီယာ အပါအဝင် ကျန် ကစားသမား အားလုံး စုံစုံလင်လင် ပါဝင်နိုင်မယ်လို့ သိရပါတယ် ။

နာပိုလီ အတွက် သတင်းကောင်း ကတော့ တိုက်စစ်မှူး ဗစ်တာ အိုဆီမမ် ဟာ အသင်း နဲ့ ပြန်လည် လေ့ကျင့်မှု ပြုလုပ် နေပြီး မကြာခင်မှာ ကြံ့ခိုင်မှု အပြည့်နဲ့ ပြန်ကစားနိုင်တော့မယ်လို့ သိရပါတယ် ။

ရီးရဲ မက်ဒရစ် တိုက်စစ်မှူးကြီး ကာရင် ဘန်ဇီးမား ဟာ ဒီကြားရက်မှာ ကစားမယ့် ချန်ပီယံလိဂ် ပွဲကို ပါဝင်ကစားဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှု ရရှိနေပြီလို့ သိရပါတယ် ။

ဒါပေမယ့် တနင်္ဂနွေမှာ ဘာစီလိုနာ နဲ့ ကစားဖို့ ရှိနေတာကြောင့် အန်ဆယ်လော့တီ အနေနဲ့ ဘန်ဇီးမား ကို ထုတ်သုံးဖို့ အလားအလာ နည်းပါးနိုင်ပါတယ် ။

မနှစ်က နဲ အခု ရာသီတွေမှာ အသင်းအတွက် အားထားရသူ တယောက် ဖြစ်တဲ့ တိုက်စစ်မှူး အိုင်ဗန် တိုနီ ကို ဘရန့်ဖိုဒ့် အသင်းက စာချုပ်သစ် ချုပ်ဆိုဖို့ စတင် လုပ်ဆောင် နေပြီလို့ သိရပါတယ် ။

ဘရန့်ဖိုဒ့် – ဘီ အသင်းကို ပြောင်းရွှေ့ လာတဲ့ ဒေးဗစ် ဘက်ခမ်း ရဲ့ သားကြီး ရိုမီရို ဘက်ခမ်း ဟာ ခရူဝီ အသင်းနဲ့ ကစားမယ့် ကွင်းပိတ် ခြေစမ်းပွဲမှာ အသင်းသစ်အတွက် ပထမဆုံး ပါဝင်ကစားမယ်လို့လည်း ကြားသိရ ပါတယ် ။

အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်း ဟာ လာမယ့် ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ( LGBT ထောက်ခံအားပေးမှု ဖြစ်တဲ့ ) သက်တံ့ရောင် ကပ္ပတိန် လက်ပတ်ကို ဝတ်ဆင် သွားမယ်လို့ သိရပါတယ် ။

ကိန်း အပါအဝင် လက်ရွေးစင် အသင်း ၁၀ သင်းရဲ့ အသင်းခေါင်းဆောင်တွေဟာ သက်တံ့ရောင် လက်ပတ်တွေကို ဝတ်ဆင် ကြမှာလို့လည်း သိရပါတယ် ။

မိုက်ကယ်ကာရစ် ကတော့ မစ်ဒယ်ဘရော့ အသင်းရဲ့ နည်းပြ ရာထူးကို ရရှိဖို့ နီးကပ်နေပြီလို့ သတင်းထွက်လာ ခဲ့ပါတယ် ။

မနေ့ညက စတိဗ် ဘရုစ် ကို ထုတ်ပယ် လိုက်တဲ့ ဝက်စ်ဘရွန်း အသင်းဟာ ဟတ်ဒါဖီးလ် အသင်း နည်းပြဟောင်း ကားလိုစ့် ကော်ဘာရန် ကို နည်းပြသစ် အဖြစ် အစားထိုး ခန့်အပ် လိုက်ပြီလို့ သိရှိရ ပါတယ် ။

 

SPORTS MYANMAR