‘ ချဲလ်ဆီးနဲ့ ပွဲအပြီး ကျွန်တော် ဒေါသထွက်နေခဲ့တာပါ ‘ – အသင်းဟောင်းကို ဆန်စီရိုမှာ လက်စားပြန်ချေမယ်လို့ ဆိုလိုက်တဲ့ တိုမိုရီ

ယနေ့ညမှာ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ် ၄တွေ ကစားဖို့ ရှိနေပြီး ၊ ဆန်စီရိုမှာ ထိပ်တိုက် တွေ့ဆုံမယ့် အေစီမီလန် – ချဲလ်ဆီး ပွဲလည်း တပွဲ အပါအဝင် ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ အပတ် စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ဒီ၂သင်း ထိပ်တိုက် ရင်ဆိုင်ခဲ့ကြရာ ၊ ချဲလ်ဆီးက မီလန်ကို ၃ – ၀ ရလဒ်နဲ့ ပြတ်ပြတ်သားသား နိုင်ခဲ့ပါတယ် ။

ထိုပွဲမှာ ချဲလ်ဆီး ကစားသမားဟောင်းတွေ ဖြစ်ကြတဲ့ တိုက်စစ်မှူး အိုလီဗီယာ ဂျရူးနဲ့ ခံစစ်မှူး ဖီကာယို တိုမိုရီတို့ အသီးသီး ပွဲထွက်ကစားခဲ့ကြပေမယ့် ၊ စတမ်းဖို့ဒ်ဘရစ်ခ်ျ အပြန်ခရီး မလှခဲ့ပါဘူး ။ အထူးသဖြင့် တိုမိုရီဆိုရင် ချဲလ်ဆီးရဲ့ ဒုတိယ ဦးဆောင်ဂိုးမတိုင်ခင် အသင်းဖော်ဟောင်း ရိစ်ဂျိမ်းစ်ရဲ့ ဖြတ်တင်ဘောကို ပိုင်ပိုင်နိုင်နိုင် မရှင်းနိုင်ခဲ့ပါဘူး ။

 

ပြီးခဲ့တဲ့ စနေနေ့က ဆန်စီိရိုမှာ ကစားခဲ့တဲ့ စီးရီးအေပွဲမှာတော့ မီလန်တို့ ယူဗင်တပ်စ်ကို ၂ – ၀ နဲ့ အနိုင်ရခဲ့ရာ ၊ တိုမိုရီက အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ် ။ မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ တိုမိုရီ က အသင်းဟောင်း ချဲလ်ဆီးကို လက်စား ပြန်ချေဖို့ သူ ဘယ်လောက်အထိ စိတ်ဆန္ဒပြင်းပြနေလဲ ဆိုတာ အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

ိတိုမိုရီ က ” ချဲလ်ဆီးနဲ့ ပွဲအပြီး ကျွန်တော် ဒေါသထွက်နေခဲ့တာပါ ။ ဒီတော့ ကျွန်တော် ယူဗင်တပ်စ်နဲ့ ပွဲမှာ ကျွန်တော် အသားကုန် ပေးဆပ်ချင်ခဲ့ပြီး ၊ ဂိုးသွင်းအပြီးမှာလည်း ကျွန်တော့ ခံစားချက်တွေကို ထုတ်ပြခဲ့ပါတယ် ။ ချဲလ်ဆီးနဲ့ ပွဲက ဆိုးရွားတဲ့ စွမ်းဆောင်ရည်ကို အဲဒီပွဲမှာ ကျွန်တော် ပယ်ထုတ်ချင်ခဲ့ပါတယ် ။ ”

” ဒီတော့ ကျွန်တော် ကိုယ့်ရဲ့ ခံစားချက် အစစ်အမှန်ကို ထုတ်ပြခဲ့ပါတယ် ။ ကျွန်တော်တို့ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာတုန်းက ကစားပုံ မကောင်းတာ သိထားပါတယ် ။ ဒါဟာ ကျွန်တော်တို့ရဲ့ ပဲုံမှန် စွမ်းဆောင်ရည် မဟုတ်ခဲ့ပါဘူး ။ ဒါကြောင့် ယူဗီနဲ့ ပွဲမှာ အဲဒီရလဒ်ဆိုးကို တုန့်ပြန်ပြဖို့ အရေးကြီးခဲ့ပါတယ် ။ ”

” ဘောလုံးမှာ ခင်ဗျားကို ဒုတိယ အခွင့်အရေး အမြဲ ပေးတတ်ပါတယ် ။ ဒီတခါတော့ ပိုကောင်းတဲ့ စွမ်းဆောင်ရည် ကျွန်တော်တို့ မဖြစ်မနေ ပြသရပါမယ် ။ ဘာလှုံ့ဆော်မှုမှ ကျွန်တော်တို့ မလိုပါဘူး ။ ဒီအတွက် ကျွန်တော်တို့ ပိုပြီးတော့တောင် တွန်းအားပေးဖို့ ကြိုးစားသွားမှာပါ ။ ”

” ကျွန်တော်တို့ ကွင်းတွင်းမှာ အရာအားလုံး ပေးဆပ်ကစားသွားပါမယ် ။ လက်ကျန်ပွဲ အားလုံးကို ကျွန်တော်တို့ နိုင်ချင်ပါတယ် ။ ပြီးခဲ့တဲ့ အဝေးကွင်း အရှုံးရလဒ်ကနေ ကျွန်တော်တို့ မဖြစ်မနေ သင်ခန်းစာ ယူရပါမယ် ။ အခု ကိုယ့်အိမ်ကွင်း ပရိသတ်တွေရဲ့ ရှေ့မှောက်မှာ သက်သေပြဖို့ အခွင့်အရေး ကျွန်တော်တို့ ရနေပါပြီ ။ ”

” မီလန်ဟာ ထိပ်တန်း ကလပ် တသင်း ဖြစ်ပြီး ၊ ဒီမှာ ကစားရတာကို ကျွန်တော် ဂုဏ်ယူပါတယ် ။ ကျွန်တော်တို့ဟာ အင်အား တောင့်တင်းတဲ့ ကလပ် တသင်း ဖြစ်ပြီး ၊ ကိုယ့်ရဲ့ အဆင့်အတန်းကို မြှင်တင်ရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ တိုမိုရီ ဟာ အင်္ဂလိပ်လူမျိုး ခံစစ်မှူးတွေ အနက် ပရိသတ်တွေ အကြိုက် ကစားသမား ဖြစ်ပေမယ့် ၊ လက်ရွေးစင် နည်းပြ ဂါရတ် ဆောက်ဂိတ်ဟာ ပြီးခဲ့တဲ့ international break မှာ ၄င်းကို အံ့အားသင့်ဖွယ် ရွေးချယ်ခဲ့ခြင်း မရှိပါဘူး ။ ဒီအတွက်ကြောင့် ကာတာ ကမ္ဘာ့ဖလားမှာ တိုမိုရီ တယောက် လိုက်ပါခွင့် ရမလား ဆိုတာတွေနဲ့ ပတ်သက်ပြီး မရေရာမှုတွေ ရှိနေပါတယ် ။

ဒါနဲ့ ပတ်သက်ပြီး တိုမိုရီ က ” လက်ရွေးစင် အသင်းနဲ့ ကမ္ဘာ့ဖလား ဆင်နွှဲခွင့် ရဖို့ အတွက်ဆို လက်ကျန် ပွဲတိုင်းဟာ ကျွန်တော့ အတွက် သက်သေပြဖို့ အခွင့်အရေးတွေ ဖြစ်ပါတယ် ။ ဆောက်ဂိတ်က ကျွန်တော့်ကို လက်ရှိ ပုံစံအတိုင်း ဆက်ကစားဖို့နဲ့ သူ ကျွန်တော် ကစားတဲ့ ပွဲတိုင်း စောင့်ကြည့်နေကြောင်း ပြောပါတယ် ။ ”

” ကျွန်တော် ကိုယ်တိုင်လည်း ကွင်းတွင်း ကိုယ့်ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသသွားမှာပါ ။ အမှန်အတိုင်း ဝန်ခံရရင် ကျွန်တော်လည်း ကာတာ ကမ္ဘာ့ဖလားဆီ သွားချင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR