အာနိုး နဲ့ ဂိုမက်ဇ် ကို အိပ်မက်ဆိုးတွေ မက်စေခဲ့တဲ့ ဘရာဇီးသားကို ချီးကျူးလိုက်တဲ့ အာတေတာ

အာဆင်နယ် နည်းပြ မီခေးလ် အာတေတာ က လီဗာပူး ကို အနိုင် ရခဲ့တဲ့ ပွဲအပြီးမှာ ဘရာဇီးသား မာတင်နယ်လီ ဟာ ရင်ဆိုင် ကစားရတဲ့သူတိုင်းကို အိပ်မက်ဆိုး မက်အောင် လုပ်နိုင်တဲ့ သူဖြစ်ကြောင်း ချီးကျူး ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ မနေ့က လီဗာပူး အသင်းကို ၃-၂ နဲ့ အနိုင် ကစားပြီး ၉ ပွဲကစား ၈ ပွဲနိုင်နဲ့ အမှတ်ပေး ဇယား ထိပ်ဆုံး ကို ပြန်လည် တက်လှမ်း လာနိုင်ခဲ့ပါတယ် ။ အာဆင်နယ် အသင်း ရဲ့ နိုင်ပွဲမှာ အဓိကကျခဲ့သူတွေကတော့ တောင်ပံ ကစားသမား နှစ်ဦး ဖြစ်တဲ့ မာတင်နယ်လီ နဲ့ ဆာကာ တို့ပါပဲ ။

မာတင်နယ်လီ ဟာ အာဆင်နယ် အတွက် ဦးဆောင်ဂိုးကို သွင်းယူ ပေးခဲ့သလို ဆာကာရဲ့ ပထမဂိုးကိုလည်း ဖန်တီး ပေးခဲ့ပါတယ် ။ ဒါ့အပြင် ဘရာဇီးသားဟာ လီဗာပူး အသင်း ရဲ့ ညာခြမ်း ခံစစ် ကို တောက်လျှောက် ဒုက္ခ ပေးနိုင်ခဲ့ကာ Man of the Match ဆုကိုလည်း ထိုက်ထိုက်တန်တန် ရရှိ သွားခဲ့ပါတယ် ။

ပွဲအပြီးမှာတော့ အာတေတာ က မာတင်နယ်လီ ရဲ့ အနာဂတ် အပေါ် ဘယ်လို မြင်သလဲ ဆိုတဲ့ မေးခွန်းကို ” ကျွန်တော်တို့ မသိပါဘူး ၊သူတို့က အတော်လေး ငယ်ကြပါသေးတယ် ၊ ပြီးခဲ့တဲ့ တစ်နှစ် ဘရန့်ဖိုဒ့် နဲ့ ပွဲမှာ ပွဲထွက် ကစားခဲ့တဲ့ သူ့ရဲ့ခြေစွမ်း နဲ့ ဒီနေ့ ကစားခဲ့တဲ့သူ့ရဲ့ ခြေစွမ်းကို ပြန်မြင်ယောင်ကြည့်လိုက်ပါ ။ ”

” သူ့ရဲ့တိုးတက်လာမှုက အံ့မခန်းပါပဲ ၊ ဒီလို တိုးတက်လာတာကလည်း သူ့ရဲ့ဆာလောင်စိတ် ဆန္ဒ ပြင်းပြမှု အပြင် ပွဲကစားရတာ နဲ့ လေ့ကျင့်ရတာကို နှစ်သက် ခုံမင်မှုတွေကြောင့်ပါပဲ ။ သူ က နေ့ရက်တိုင်း ပိုပို ကောင်းလာအောင် လေ့ကျင့် ပြင်ဆင် နေခဲ့တာပါ ။ ”

” မာတင်နယ်လီ နဲ့ ရင်ဆိုင် ကစားရတာက အိပ်မက်ဆိုး မက်နေရသလို ဖြစ်မယ်လို့ ထင်ပါတယ် ၊ ဆာကာ နဲ့ ဂျေးဇု တို့လည်း အတူတူပါပဲ ၊ သူတို့က တိုက်စစ်မှာ ပြိုင်ဘက်ကို ခြိမ်းခြောက်မှုတွေ လုပ်နိုင်တဲ့ ကစားသမားပါ ၊ ပြိုင်ဘက် အသင်းတွေရော ကစားသမားတွေပါ ကျွန်တော်တို့ အသင်း အပေါ် လေးစားလာကြပြီဆိုတာ သိပါတယ် ။ ”

” မာတင်နယ်လီ က ပြိုင်ဘက် ထိပ်တန်း နောက်ခံ
လူ ၊ ထိပ်တန် အသင်းနဲ့ ရင်ဆိုင် ရတဲ့ ပွဲမှာ ထူးချွန် ကောင်းမွန်လှတဲ့ စွမ်းဆောင်ရည် ပြသွားခဲ့တာပါ ။ တခြား ကစားသမားတွေလိုပဲ သူက ပွဲကို ခြားနားမှု ဖြစ်စေခဲ့တဲ့ ကစားသမားပါ ၊ အခုလိုပွဲမျိုးမှာ ခြေစွမ်းပြပြီး အသင်းအတွက် အကျိုးပြုနိုင်ခဲ့တာက သူ့ရဲ့ ကစားသမားဘ​ဝ နောက်တစ်ဆင့် တက်လှမ်းသွားတာလို့ ဆိုနိုင်ပါတယ် ။ “‘ လို့ ချီးကျူး သွားခဲ့ပါတယ် ။

အသက် ၂၁ နှစ် အရွယ် မာတင်နယ်လီ ဟာ ဒီရာသီမှာ အာဆင်နယ် အတွက် ပရီးမီးယားလိဂ် ၉ ပွဲ ကစား ၄ ဂိုးသွင်း ၊ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ် ထားပါတယ် ။

SM