အာတေတာ အပေါ် သူ့ရဲ့အမြင် ပြောင်းလဲသွားခဲ့ပြီလို့ ဝန်ခံရင်း အာဆင်နယ် ချန်ပီယံ ဖြစ်နိုင်တဲ့ အခြေအနေ တစ်ရပ်ကို အရွှန်းဖောက်လိုက်တဲ့ ပီယာစ့်မော်ဂန်

အင်အားကြီး ပြိုင်ဘက် လီဗာပူး အသင်း ကို အနိုင်ရလိုက်တာဟာ အာဆင်နယ် နဲ့ နည်းပြ အာတေတာ အပေါ် ရှိနေခဲ့ကြတဲ့ သံသယတွေ အတော်များများကို လျော့ပါး သွားစေ ခဲ့ပါတယ် ။ မနေ့က အာဆင်နယ် အသင်းဟာ သူတို့ ပရီးမီးယားလိဂ်မှာ မနိုင်တာကြာပြီ ဖြစ်တဲ့ လီဗာပူး ကို ၃-၂ နဲ့ အနိုင် ရသွားခဲ့တာပါ ။

အာဆင်နယ် အသင်း ဟာ နိုင်ပွဲကြောင့် မန်စီးတီး အသင်းထံ ယာယီ လွှဲပြောင်းပေးထားရတဲ့ အဆင့် ၁ နေရာကိုလည်း ပြန်လည် ရယူနိုင်ခဲ့ပါတယ် ။ အာဆင်နယ် အသင်း ဟာ ပရီးမီးယားလိဂ် မှာ ၉ ပွဲ ကစား ၈ ပွဲ နိုင် ၁ ပွဲ ရှုံး ရှိထားပြီး ၊ အိမ်ကွင်းမှာ ရာနှုန်းပြည့် နိုင်ပွဲ ရယူ ထားပါတယ် ။

မနေ့က ပွဲအပြီးမှာတော့ အာဆင်နယ် ပရိသတ် တစ်ဦး ဖြစ်ပြီး ရိုနယ်ဒိုရဲ့ အမာခံ ပရိသတ် တစ်ဦး လို့ နာမည်ကြီးတဲ့ ရုပ်သံ အစီအစဉ် တင်ဆင်သူ ပီယာစ့်မော်ဂန် ​​​က နည်းပြ အာတေတာ ရဲ့ လုပ်ငန်းစဉ် လုံးဝ ယုံကြည်မှု ရှိနေပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား လာခဲ့ပါတယ် ။

မော်ဂန် ဟာ အရင်တုန်းက အာတေတာ ကို အစဉ်တစိုက် ဝေဖန်ခဲ့ဖူးသူ ဖြစ်သလို ၊ အူဘာ ကို ပထုတ် လိုက်တဲ့ အပေါ် အပြင်းအထန် ပြောဆို ခဲ့ဖူးသူပါ ။ ဒါ့အပြင် ရိုနယ်ဒို ကို ခေါ်ယူဖို့လည်း အာဆင်နယ် အသင်းကို မကြာခဏ တိုက်တွန်းလေ့ ရှိသူ တစ်ဦး ဖြစ်ပါတယ် ။

လီဗာပူး ကို အနိုင် ရတဲ့ ပွဲအပြီးမှာ မော်ဂန် က ” မီခေးလ် အာတေတာရေ .. ငါ အခု ဒီကနေ ခင်ဗျားရဲ့လုပ်ငန်းစဉ် ကို ယုံကြည်မှု အပြည့်ရှိကြောင်း တရားဝင် ကြေညာ မောင်းခတ် လိုက်ချင်တယ်ကွာ ၊ ခင်ဗျားက အခု အာဆင်နယ် အသင်း ကို စွဲမက်စရာ ကောင်းတဲ့အသင်း တစ်သင်း ဖြစ်အောင် တည်ဆောက် ပြထားပါတယ် ။ ”

” အသင်းတစ်သင်းလုံးက အားမာန် ၊ အရှိန်အဟုန် ပါဝါ ၊ ကြိးစားအားထုတ်မှု ၊ အနိုင်ရလိုစိတ် ပြင်းပြမှု အပြည့် ကစားနေကြပါတယ် ၊ အသင်းရဲ့ ကစားပုံရော အသင်းသားတွေရဲ့စိတ်ဓတ်ခံယူချက်ကိုရော ကြိုက်တယ်ကွာ ။ မီခေးလ်ရေ ခင်ဗျား အပေါ် သံသယတွေ ရှိခဲ့ဖူးပါတယ် ၊ ဒါပေမယ့် အခုနောက်ထပ် လုံးဝ ရှိမှာ မဟုတ်တော့ပါဘူး ၊ ဆက်ကြုံးကြမယ်ကွာ ။ ”

” ပွဲပြီးသွားပြီ ၃-၂ နဲ့ ငါတို့ အသင်းနိုင်တယ် ။ သိပ်ကောင်းတဲ့ပွဲ ၊ သိပ်အားရဖို့ကောင်းတဲ့ အာဆင်နယ် ရဲ့ ခြေစွမ်း ၊ မီခေးလ် အာတေတာ ရဲ့ထူးချွန် ပြောင်မြောက်တဲ့ နည်းစနစ် တွေနဲ့ သိပ်ကောင်းတဲ့ နိုင်ပွဲတစ်ပွဲပါပဲ ။ ”

” ငါတို့ အသင်း အခု အမှတ်ပေးဇယား ထိပ်ဆုံး ပြန်ရောက်လာပါပြီ ၊ ငါတို့သာ ရှေ့လျှောက် ဒီလို ဆက်ကစားနိုင်ရင် ( နောက်ပြီး ဟာလန်းသာ ဘောလုံး ဆက်မကစားဘဲ Marvel Movie Star လုပ်မယ်ဆိုရင် ) အမှတ်ပေး ဖလားရနိုင်ပါတယ် ။ ” လို့ သူ့ရဲ့တွစ်တာ အကောင့်မှာ ရေးသား သွားခဲ့ပါတယ် ။

SM