အာဆင်နယ် ကစားသမား ၂ ဦးဟာ ကမ္ဘာပေါ်က ခံစစ်တိုင်းကို ပြသနာတွေ ပေးနိုင်တယ်လို့ ဆိုလိုက်တဲ့ မာဖီ

ဒန်နီမာဖီက အာဆင်နယ် တိုက်စစ် ကစားသမား ၂ ဦး ဖြစ်တဲ့ ဘူကာယိုဆာကာ နဲ့ ဂါဘရီရယ်မာတင်နယ်လီ တို့ဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ ခံစစ်တိုင်းကို ပြသနာတွေ ပေးနိုင်မယ့် သူတွေ ဖြစ်တယ်လို့ ဂန်းနားတို့ လီဗာပူးကို ၃-၂ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ် အပြီးမှာ ချီးကျူး လိုက်ပါတယ်။ ဂန်းနားတို့ဟာ မနေ့ညက အမ်းမရိတ်မှာ လီဗာပူးကို အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာကို ပြန်လည် တက်လှမ်းလာခဲ့ပါတယ်။

မာတင်နယ်လီဟာ ပွဲအစ တစ်မိနစ်မှာတင် အာဆင်နယ် အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီး ဒါ၀င်နူးနက်က ပြန်လည် ချေပခဲ့ပေမယ့်လည်း ဆာကာက ပထမပိုင်း မပြီးခင်မှာ ဦးဆောင်ဂိုး ထပ်သွင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အာဆင်နယ်ရဲ့ ကစားအား ပိုကောင်းလာခဲ့ပေမယ့်လည်း လီဗာပူး အတွက် ဖာမီနိုက ချေပဂိုး သွင်းယူခဲ့ပြီး ပွဲချိန် ၇၆ မိနစ်မှာ အာဆင်နယ်တို့ ပင်နယ်တီ ရခဲ့ကာ ဆာကာ ကပဲ အနိုင်ဂိုး သွင်းယူခဲ့ပါတယ်။

မာဖီကတော့ အာဆင်နယ် ကစားသမား ၂ ဦးကို ချီးကျူး ပြောဆိုလိုက်ပြီး match of the day အစီအစဉ်မှာ ယခုလို ပြောသွားခဲ့ပါတယ်။

“အံ့ဖွယ် ကစားသမားတွေဟာ ယုံကြည်မှု အပြည့်နဲ့ ကစားတဲ့ အခါမှာ တစ်ခါတစ်ရံ analysis လုပ်ရတာဟာ လွယ်ကူမှု ရှိနိုင်ပါတယ်။ အမှန်ပါပဲ။ ပွဲရဲ့ အခန်းကဏ္ဍမှာ ကျွန်တော်တို့ အနေနဲ့ နည်းစနစ်တွေ ဒါမှမဟုတ် အမှားတွေကို အမြဲတမ်း ထောက်ပြ ပြောဆိုလေ့ရှိပေမယ့်လည်း ဒီနေ့မှာတော့ အာဆင်နယ်ဟာ အပေါင်းလက္ခဏာဆောင်တဲ့ အရာတွေချည်းပဲ လုပ်ပြခဲ့ပါတယ်။ လူငယ်ကြယ်ပွင့့် ၂ ဦး ဖြစ်တဲ့ ဆာကာ နဲ့ မာတင်နယ်တီ တို့ဟာ ဘယ်တောင်ပံ ညာတောင်ပံ ကနေ ဥရောပ ဒါမှမဟုတ် ကမ္ဘာ့ဘောလုံးလောကရဲ့ ဘယ်ခံစစ်ကို မဆို ပြသနာတွေ ပေးနိုင်မှာပါ။

အရမ်းကောင်းတဲ့ ကစားသမားတွေဟာ ပြိုင်ဘက် အသင်းတွေကို အမှားကျူးလွန်အောင် တွန်းအားပေးနိုင်ပါတယ်။ သူတို့ဟာ တကယ့်ကို တားမရ ဆီးမရ ပါပဲ။ သူတို့ရဲ့ ကစားဟန်ဟာ တအားကို တိုက်ရိုက်ကျပြီး ဒီအချိန်မှာ အရမ်းကို ယုံကြည်မှု ပြည့်ဝနေကြပါတယ်။ သိတဲ့အတိုင်းပဲ ပွဲအစ ၁ မိနစ်မှာတင် ဂိုးပေးလိုက်ရတာ ကတော့ လီဗာပူး အတွက် ဆိုးရွားတဲ့ တာထွက် ဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်မှာ လီဗာပူး ခံစစ် ကစားသမားတွေကို ကောင်းကောင်း ဒုက္ခပေးတဲ့ ဒီကစားသမား ၂ ဦး ရှိနေပါတယ်။

သူတို့ဟာ လျှင်မြန်ရုံတင် မကပါဘူး။ အရည်အသွေးကလည်း ကောင်းမွန်ပြီး အဆုံးသတ်ပိုင်းလည်း ကောင်းနေပါတယ်။ ပြေးလွှားရမယ့် နေရာလွတ်တွေကို မြင်တက်သလို မှန်ကန်တဲ့ pass တွေလည်း လုပ်နေပြီး ဆုံးဖြတ်ချက်ကောင်းတွေလည်း ချနေပါတယ်။ ဒီအချိန်မှာ ကျွန်တော် အာဆင်နယ်နဲ့ ပက်သက်တဲ့ အရာအားလုံးကို နှစ်သက်ပါတယ်။ သူတို့ဟာ ဟန်ချက်ညီနေပြီး ကောင်းမွန်တဲ့ set-up ရှိနေကာ ဒါဟာ ဆာကာ နဲ့ မာတင်နယ်လီ တို့ကို လွတ်လပ်စွာ ကစားစေပြီး ပြသနာတွေ ဖြစ်စေပါတယ်။

သူတို့မှာ ဒီလို လူငယ် ကစားသမားတွေ အပြင် အတွေ့အကြုံရှိ ကစားသမားတွေနဲ့လည်း ပေါင်းစပ်ထားပါတယ်။ အာတီတာ ဆီမှာ ကိုယ်ပိုင်ကစားဟန် ရှိနေပါတယ်။ ကစားသမား အားလုံးဟာ ကိုယ့်အလုပ်ကို သိကြပါတယ်။ ဒါပေမယ့် အရေးကြီးဆုံးကတော့ သူတို့ဟာ လွတ်လပ်စွာနဲ့ ကစားနေနိုင်တာပါ။ လူငယ်ကစားသမားတွေကို မန်နေဂျာက လွတ်လပ်စွာ ဖော်ပြခွင့် ပေးလိုက်မယ်ဆိုရင် အခွင့်အရေးကောင်းက ရှိနေမှာပါ။”

ဒါပေမယ့်လည်း မာဖီက မန်စီးတီးရဲ့ အင်အားကြောင့် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဖလားကို အမှန်တကယ် စိန်ခေါ်နိုင်လောက်မှာ မဟုတ်ဘူးလို့ ယူဆနေပါတယ်။

မာဖီက “ဒီအချိန်မှာတော့ သူတို့ဟာ မန်စီးတီးရဲ့ အဓိက ပြိုင်ဘက်လို ဖြစ်နေပါတယ်။ သူတို့ ပရီးမီးယားလိဂ်ဖလားကို အမှန်တကယ် စိန်ခေါ်နိုင်လိမ့်မယ်လို့တော့ ကျွန်တော် မမြင်မိပါဘူး။ အဓိက အကြောင်းရင်းက ရှင်းပါတယ်။ သူတို့ဟာ အကောင်းဆုံး ပွဲထွက် ၁၁ ယောက်ကို ကြံ့ခိုင်မှုပြည့်ဝနေအောင် တစ်ရာသီလုံး ထိန်းထားနိုင်မှာ မဟုတ်လို့ပါ။

စီးတီးကတော့ ဒီလို လုပ်ဖို့ မလိုအပ်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့မှာ အရည်အသွေးမြင့် ကစားသမား များစွာ ရှိနေလို့ပါ။ အကယ်၍ အာဆင်နယ်ရဲ့ အဓိက ကစားသမား ၂ ဦး ၃ ဦးလောက် နာသွားခဲ့မယ်ဆိုရင် သူတို့မှာ တူညီတဲ့ အရန်အင်အား မရှိပါဘူး။” လို့ ဆိုသွားပါတယ်။

SM