သတိထားရမယ့် ဘာဆာ နဲ့ ၊ နောက်တဆင့်စောစောတက်နိုင်မယ့်သူတွေနဲ့ . . . ချန်ပီယံလိဂ် ပွဲစဉ် ၄ အခြေအနေ

ချန်ပီယံလိဂ် ရဲ့ စတုတ္ထမြောက် အုပ်စု ပွဲစဉ် ဖြစ်တဲ့ ပွဲစဉ် ၄ ကတော့ လက်စားချေပွဲစဉ်လို့ ဆိုနိုင်ပါတယ် ။

ဘာလို့လည်း ဆိုတော့ ဒီပွဲဟာ ပွဲစဉ် ၃ တုန်းက တွေ့ခဲ့တဲ့ အတွဲတွေကို အိမ်ကွင်း-အဝေးကွင်း ပြောင်းပြန်လှန်ပြီး ပြန်ကစား စေတာမလို့ပါ ။

ပုံမှန် ဆိုရင်တော့ ၁၆ သင်းဆင့် အတွက် ပွဲစဉ် ၅ လောက်မှသာ သေချာ ရုပ်လုံး ပေါ်လေ့ ရှိတာပါ ။

အချို့ ပုံစံ အရမ်းကောင်းတဲ့ အသင်းတွေကတော့ ဒီပွဲစဉ်အပြီးမှာပဲ ရှုံးထွက် လက်မှတ်တွေကို ရယူနိုင်တတ် ကြပါတယ် ။

ဒီတပတ် ပွဲတွေထဲမှာ စိတ်ဝင်စားဖို့ အကောင်းဆုံး ကတော့ ဘာစီလိုနာ ပါပဲ ။ နွေရာသီမှာ လူသစ်တွေ ၊ လူကောင်းတွေ အများကြီး အားဖြည့်ထားတဲ့ ဘာစီလိုနာ ဟာ လာလီဂါ မှာ လက်ရှိ ချန်ပီယံ ရီးရဲ နဲ့ အပြိုင်ကြဲ နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ဥရောပ မှာတော့ ထင်သလို မဖြစ်လာသေးပါဘူး ။

ဘာဆာ ဟာ ဘိုင်ယန်မြုးနစ် ၊ အင်တာမီလန် တို့ နဲ့ တအုပ်စုတည်း ကျခဲ့ပြီး ၃ ပွဲ ကစားပြီးသည်အထိ နိုင်ပွဲ ၁ ပွဲသာ ရရှိထားပါတယ် ။ အခု အပတ်မှာ ပွဲစဉ် ၃ တုန်းက ရှုံးထားတဲ့ အင်တာမီလန် ကို အိမ်ကွင်းမှာ ပြန်လည် ရင်ဆိုင်ရမှာပါ ။ ဒီပွဲဟာ ဘာစီလိုနာ အတွက် လက်စားချေပွဲ တခုထက် အများကြီး အရေးပါနေမှာ အသေအချာ ပါပဲ ။

အုပ်စု အေ မှာ ၉ မှတ်ပြည့်နဲ့ ဦးဆောင်နေတဲ့ နာပိုလီ တို့ ဒီတပတ်မှာ အိုင်ယက်စ် ကို ထပ်ပြီး အနိုင်ရခဲ့မယ် ဆိုရင် ရှုံးထွက် အဆင့်ကို ရောက်သွားတော့မှာပါ ။ နယ်သာလန် ကွင်းထိ သွားပြီး ဂိုးဒါဇင်ဝက် သွင်းထားတဲ့ နာပိုလီ ၊ ချန်ပီယံလိဂ် မှာ ဂိုးအများဆုံး သွင်းထားတဲ့ နာပိုလီ ၊ လူစုံတက်စုံ ဂိုးသွင်း တတ်တဲ့ နာပိုလီ အတွက် ဒီလို စောစောစီးစီး အုပ်စုတက်ဖို့ဆိုတာ ထိုက်တန်တဲ့ ဆုလာဘ်လို့ သတ်မှတ်ရမှာပါ ။

လီဗာပူး ကတော့ ရိန်းဂျားစ် ကို ထပ်နိုင်လိုက်ရင် ပွဲစဉ် ၅ နဲ့ နောက်တဆင့် တက်ဖို့ အလားအလာ ကောင်းသွားမှာပါ ။ ပရီးမီးယားလိဂ် က ခါးသက်မှုတွေကို မေ့ပစ်ဖို့ ဆိုရင် ဒီအခွင့်အရေးက အကောင်းဆုံး ပါပဲ ။

အုပ်စုဘီ မှာ အံ့အားသင့်စရာတွေ ဖြစ်ပေါ်နေပါတယ် ။ ၃ ပွဲပြီးချိန်မှာ ကလပ် ဘရုဂျ် လို အသင်းက အုပ်စု ပထမ နေရာမှာ ၉ မှတ်ပြည့်နဲ့ တက်ထိုင် နေပြီး ဝါရင့်ကြီး အက်သလက်တီကို မက်ဒရစ် က အုပ်စု အောက်ဆုံးကို ရောက်လို့ နေပါတယ် ။

ဒီတပတ်ဟာ ဒီယေဂို ဆီးမြွန်းနီ အတွက်ရော ကလပ် ဘရုဂျ် အတွက်ပါ အရေးကြီးပါတယ် ။ ဝမ်ဒါ မက်ထရို ပိုလီတန်နို မှာ ကစားမယ့် ဒီပွဲမှာ ဘယ်လ်ဂျီယံ ကလပ် က သရေ အနိမ့်ဆုံး ကစားနိုင်ခဲ့ရင် ဘရုဂျ် တို့ ၁၆ သင်းဆင့်ကို အိပ်မက် မက်နိုင်ပါပြီ ။

အေတီကို အတွက် ကံကောင်းနေတာက ကျန်တဲ့ ၂ သင်း ( ပေါ်လို ၊ လေဗာကူဆင် ) တို့ကလည်း ၃ မှတ်စီ ရထားကြတာပါ ။ ပွဲစဉ် ၆ အထိ အကျိတ်အနယ် ဖြစ်နိုင်ပြီး ဒုတိယ နေရာလောက်နဲ့ အက်သလက်တီကို တို့ တက်နိုင်ချေ ရှိနေပါသေးတယ် ။

အုပ်စု စီ တော့ နူးကမ့် က ဘာစီလိုနာ – အင်တာမီလန် ပွဲက အရေးပါပြီး အဆုံးအဖြတ် ဖြစ်လာမှာပါ ။ ဘိုင်ယန် အတွက် ဗစ်တိုးရီးယား ပလာဇန် က အခက်ခဲ ဖြစ်စေမှာ မဟုတ်ပါဘူး ။ အင်တာ သာ ဘာစီလိုနာ ကို နိုင်သွားမယ် ဆိုရင် ဇာဗီ တို့ အတော်ကြီး ဒုက္ခရောက်သွားနိုင်ပါတယ် ။ ဘာဆာ သာ နိုင်ခဲ့ရင်တော့ ဒုတိယ နေရာ အတွက် အားပြိုင်ပွဲကို ဆက်ပြီး စောင့်ကြည့်ရမှာပါ ။

စိတ်ဝင်စားဖို့ ကောင်းပြီး အမှတ်မကွာတဲ့ အုပ်စု ဒီ ကတော့ ဒီတပတ်မှာလည်း နောက်တဆင့်အတွက် အဖြေ ထွက်ဦးမှာ မဟုတ်ပါဘူး ။ စပါး ကတော့ ဖရန့်ဖတ် ကို အိမ်ကွင်း ၊ စပို့တင်း က မာဆေး ကို အိမ်ကွင်းတွေမှာ ဧည့်ခံရမှာပါ ။ ပွဲစဉ် ၆ အထိ ကြည့်ရမယ့် အုပ်စုနောက်တခု ပါပဲ ။

အုပ်စု အီး မှာလည်း အဆင့် ၁ က ၅ မှတ်ရထားတဲ့ ဆဲလ်ဘာ့ဂ် နဲ့ အဆင့် ၄ က ၃ မှတ်ရထားတဲ့ ဇာဂရပ်တို့ အကြားက အမှတ်ကွာဟချက် ကျဉ်းမြောင်းမှု ဟာ နောက်ဆုံးချိန် အထိ ဆက်သွားရမယ့် အားပြိုင်မှုကို ကြိုတင် ဖော်ပြ နေသလိုပါပဲ ။

ဒီတပတ်မှာ ချဲလ်ဆီး က ပွဲစဉ် ၃ တုန်းက နိုင်ထားတဲ့ အေစီမီလန် ကို အီတလီ မြေမှာ သွားပြီး ကစားရမှာပါ ။ သရေလောက် ရခဲ့ရင်တောင် ပေါ်တာ တို့ နောက်တဆင့် အတွက် အခြေအနေ ကောင်းနိုင်ပါတယ် ။

လက်ရှိ ချန်ပီယံ ရီးရဲ ကတော့ ဒီတပတ် မှာ ရှက်တာ ဒိုးနက် နဲ့ ကစားရမှာပါ ။ နိုင်ရင် ၁၂ မှတ် နဲ့ ရှုံးထွက် အဆင့်ကို တက်ပါပြီ ။ နိုင်ဖိ့ုလည်း အလားအလာ အများကြီး ရှိပါတယ် ။ တခု သတိထားရမှာက လာမယ့် တနင်္ဂနွေမှာ ပိုအရေးကြီးတဲ့ ဘာဆာ နဲ့ ပွဲ ရှိနေတာပါပဲ ။ လူစုံထုတ်နိုင်ချေ နည်းပါတယ် ။

မန်စီးတီး က ကိုပင်ဟေဂင် ကို သရေ ကစားလိုက်ရင်တောင်မှ ဒေါ့မွန် – ဆီဗီးလား ပွဲ အဖြေကို ကြည့်ပြီး ရှုံးထွက် လက်မှတ်ကို ရနိုင်ပါတယ် ။ အနိုင် ကစားလိုက်ရင်တော့ ဘာကိုမှ ထည့်တွက်စရာ မလိုတော့ပါဘူး ။ ဒေါ့မွန် ကလည်း အိမ်ကွင်းမှာ ဆီဗီးလား ကို နိုင်ခဲ့မယ် ဆိုရင် ပွဲစဉ် ၄ အပြီးမှာပဲ Group G က စိတ်ဝင်စားစရာ လုံး၀ ကင်းမဲ့သွားမှာပါ ။

 

ပွဲစဉ် ၃ မှာ PSG တို့ ဘင်ဖီကာ ကို မနိုင်လိုက်တာက ယူဗင်တပ် ကို သွားထိခိုက် စေခဲ့ပါတယ် ။ အီတလီ ထိပ်သီး ဟာ အခု ပွဲစဉ်မှာ ရှေ့တပတ် တုန်းက နိုင်ထားတဲ့ မက္ကာဘီ ဟိုင်ဖာ နဲ့ ပြန်ရင်ဆိုင် ရမှာ ဖြစ်ပြီး ထပ်နိုင်ဖို့ သေချာသလောက် ရှိနေပါတယ် ။ ဒါပေမယ့် ဘင်ဖီကာ နဲ့ ၄ မှတ်ထိ ကွာဟနေတာကို လျော့ချဖို့ ကတော့ ပေါ်တူဂီ ကလပ် နဲ့ ထိပ်တိုက်တွေ့ပြီး အနိုင်ယူနိုင်မှာပဲ ဖြစ်လာတော့မှာပါ ။

 

SPORTS MYANMAR