လိဒ် ကို ပြောင်းဖို့ အလားအလာနည်းလာတာဟာ ဂတ်ပို ကို မန်ယူနိုက်တက်ဆီ ရောက်ရှိလာစေနိုင်မလား

ခရစ္စတယ် ပဲလေ့စ် ကို အဝေးကွင်းမှာ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ ရှုံးနိမ့် အပြီးမှာတော့ ဂျက်ဆီ မာ့ရှ် ရဲ့ လိဒ်ယူနိုက်တက် တို့ နိုင်ပွဲ ပျောက်ခဲ့မှုဟာ ၅ ပွဲ အထိ ရှိလာခဲ့ ပါတယ် ။

ပဲလေ့စ် နဲ့ ပွဲမှာ နွေရာသီတုန်းက ခေါ်ယူထားတဲ့ လူသစ် ၄ ယောက်ဟာ လိဒ် အတွက် ပွဲထွက် ခဲ့ပြီး ကျန် ၂ ဦး ကတော့ အရန်ခုံမှာ ပါဝင်ခဲ့ကြပါတယ် ။

ဒါပေမယ့် ရလဒ်တွေက လိဒ် ရဲ့ နွေရာသီ အင်အား ဖြည့်တင်းမှုတွေဟာ ထင်ထားသလောက် မဖြစ်ခဲ့ဘူး ဆိုတာကို ဖော်ပြလို့ နေခဲ့ပါတယ် ။

ဒီအချိန် မှာတော့ နွေရာသီတုန်းက လိဒ်တို့ မရခဲ့ဲတဲ့ ကိုဒီ ဂတ်ပို ဟာ နယ်သာလန်လိဂ် မှာ ပုံစံကောင်းတွေ ပြသလို့ နေပါတယ် ။

လိဒ် ဟာ ဂတ်ပို ကို အပြောင်းအရွှေ့ နောက်ဆုံးချိန် အထိ ကြိုးစားခဲ့သလို Transfer ပိတ်သွားချိန်မှာလည်း လာမယ့် ဇန်နဝါရီ မှာ ခေါ်ယူ နိုင်ရေး အတွက်လည်း ကြိုတင်သဘောတူညီမှု ရယူနိုင်ဖို့ ဆက်လက် လုပ်ဆောင်ခဲ့ ပါတယ် ။

ဒါပေမယ့် လားရာချင်း ဆန့်ကျင်နေတဲ့ လိဒ် နဲ့ ဂတ်ပို တို့ရဲ့ အခြေအနေတွေက ၂၃ နှစ်သားလေးရဲ့ လိဒ် ကစားသမား ဖြစ်လာနိုင်ချေ ကို တပတ်ပြီး တပတ် လျော့ကျစေခဲ့ ပါတယ် ။

ဂတ်ပို ဟာ ဒီရာသီ နယ်သာလန်လိဂ် မှာ PSV အတွက် ၁၀ ပွဲမှာ ၇ ဂိုး သွင်းယူပေးထားခဲ့ပြီး အသင်းဖော်တွေ အတွက် ၅ ကြိမ် ဖန်တီးပေးထားခဲ့ ပါတယ် ။

မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်း နဲ့အတူ Goal contribution လုပ်နိုင်မှု အကောင်းဆုံး ကစားသမားတွေ အဖြစ် ရပ်တည်နေသူပါ ။

ပြိုင်ပွဲစုံ က မှတ်တမ်း ( ကလပ် + နိုင်ငံ ) မှာဆိုရင် ဂတ်ပို က ပိုကောင်းတဲ့ ကစားသမားတောင် ဖြစ်လို့ နေပါတယ် ။

၂၀၂၂-၂၃ ရာသီအတွင်း ၁၈ ပွဲ ကစားရာမှာ ၁၄ ဂိုး သွင်းပြီး ၁၁ ဂိုး အထိ ဖန်တီးပေးထားခဲ့တာပါ ။

ဂတ်ပို ဟာ လူးဝစ် ဗန်ဟား ရဲ့ နယ်သာလန် လက်ရွေးစင် အသင်းမှာ False 9 ပုံစံ ပါဝင် ကစားပေး နေပြီး ခြေစွမ်းပြ ဂိုးတွေသွင်း နိုင်တာကြောင့် လာမယ့် ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် လိမ္မော်ရောင် အသင်းမှာ ပါဝင်ခွင့်ရဖို့ သေချာနေပြီ ဖြစ်ပါတယ် ။

ဒီလို ကောင်းမွန်တဲ့ ပုံစံ ၊ ထိပ်တန်းအဆင့် သွင်းဂိုး နဲ့ ဖန်တီးမှု မှတ်တမ်းတွေ ၊ လက်ရွေးစင် အသင်းနဲ ကမ္ဘာ့ဖလား ပါဝင် ယှဉ်ပြိုင် အစွမ်းပြခွင့် ရရှိမှုတွေဟာ ဂတ်ပို ကို လိဒ် ထက် ပိုမြင့်တဲ့ လှေကားထစ်ကို လှမ်းတက်သင့်ပြီ ဆိုတဲ့ စိတ်ကူးတွေကို ဖြစ်လာစေမှာ အသေအချာပါပဲ ။

ဒီအတွက် အဆင်သင့် ဖြစ်လာနိုင်တာကတော့ မန်ချက်စတာ ယူနိုက်တက်ပါ ။

ဂတ်ပို ဟာ ယူနိုက်တက် နည်းပြကြီး အဲရစ် တန်ဟတ် နှစ်သက်တဲ့ ကစားသမား တယောက် ဖြစ်ပြီး တန်ဟတ် နယ်သာလန် ကနေ အင်္ဂလန် ကို ပြောင်းလာချိန်မှာ ခေါ်ယူပေးဖို့ တောင်းဆို ခံရတဲ့ ကစားသမား တယောက်လည်း ဖြစ်ခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ အပြောင်းအရွှေ့ ပိတ်ဖို့ ရက်အနည်းငယ် အလိုမှာ အန်တိုနီ နဲ့ ဂတ်ပို တို့ ၂ ယောက်ကို ခေါ်ယူဖို့ စတင် လှုပ်ရှား ခဲ့ပြီး အိုင်ယက်စ် ဘက်က အန်တိုနီ အတွက် တောင်းဆိုတဲ့ ငွေပမာဏဟာ များပြားလှတာကြောင့် ဂတ်ပို ကိုပါ ခေါ်ယူဖို့ အခက်တွေ့ စေခဲ့ရပါတယ် ။

ဒါပေမယ့် အခုချိန်ထိ ဂတ်ပို ဟာ တန်ဟတ် ရဲ အစီအစဉ်ထဲမှာ ရှိနေဆဲ ဖြစ်ပြီး ဇန်နဝါရီမှာ ထပ်မံ ကြိုးစား လာဖွယ် ရှိနေပါတယ် ။

အန်တိုနီ မာစီရယ် ရဲ့ ယုံစားလို့ မရတဲ့ ကြံ့ခိုင်မှု အခြေအနေ ၊ အကျဘက်ကို အများကြီး ရောက်နေသလို တန်ဟတ် လည်း ပွဲထုတ်မသုံးတော့တဲ့ ရိုနယ်ဒို တို့ကြောင့် ယူနိုက်တက် တိုက်စစ်မှာ ရက်ဖိုဒ့် တယောက်သာ ဒေါင်ဒေါင်မြည် တိုက်စစ်မှူး အဖြစ် ရှိလို့ နေပါတယ် ။

ဒါကြောင့် ဂတ်ပို အနေနဲ့ ယူနိုက်တက် ကိုသာ ပြောင်းလာဖြစ်ခဲ့မယ် ဆိုရင် အရန်ခုံမှာ အချိန်ဖြုန်းရနိုင်ချေ နည်းပါးပြီး ပွဲထွက်ခွင့် နဲ့ ထိုက်တန်ကြောင်း သက်သေပြဖို့ မိနစ်တွေ အများအပြား ရနိုင်ချေ ရှိနေပါတယ် ။

တကယ်လို့ ဂတ်ပို သာ လာမယ့် နိုဝင်ဘာ ကနေ ဒီဇင်ဘာ အတွင်း ကစားမယ့် ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြ နိုင်ခဲ့မယ် ဆိုရင်တော့ ယူနိုက်တက် သာ မကဘဲ အခြား ဥရောပ ထိပ်သီး အသင်းတွေကပါ မျက်စိကျလာမှာပါ ။

ဂတ်ပို ရဲ့ အနာဂါတ် လမ်းကတော့ စိတ်ဝင်စားစရာတွေ အပြည့်နဲ့ ဖြစ်နေပါပြီ ။ ဒီအထဲမှာ လိဒ် ရဲ့ ပုံရိပ် ကတော့ တဖြည်းဖြည်း ပျောက်ကွယ်စပြုလို့ နေပါပြီ ။

 

SPORTS MYANMAR