ရိုနယ်ဒို ရဲ့ ၇၀၀ ပြည့်ဂိုးနဲ့ ဂူဒီဆင်ပါ့ခ် မှာ အောင်ပွဲခံခဲ့တဲ့ သရဲနီ တို့ရဲ့ Rating များ

မန်ချက်စတာ ယူနိုက်တက် အတွက် အဖိုးတန် အဝေးကွင်း နိုင်ပွဲကို ရခဲ့ပါတယ် ။

တန်ဟတ် ဟာ အန်တိုနီ မာစီရယ် ၊ ရက်ဖိုဒ့် နဲ့ အန်တိုနီ တို့ အတွဲ ကို ပွဲထုတ်ခဲ့ ပါတယ် ။ မာစီရယ် ဒဏ်ရာ ရသွားတာက အခုပွဲ ရဲ့ အရေးပါတဲ့ အခိုက်အတန့် ပါပဲ ။ မာစီရယ် နေရာကို လူစားဝင် လာတဲ့ ရိုနယ်ဒို ဟာ ဒီနှစ် ထဲမှာ သူ့ရဲ့ အကောင်းဆုံး ပွဲတပွဲ ကို ကစားသွားခဲ့ပြီး ကိုယ်တိုင် ဂိုးသွင်း နိုင်ခဲ့ ပါတယ် ။

ဒီဂိုး ဟာ ရိုနယ်ဒို အတွက် ကလပ် အသင်း ကစားသမား ဘဝမှာ သွင်းဂိုး ၇၀၀ ပြည့်မြောက် စေခဲ့တာပါ ။ ဘယ်သူမှ ဒီစံချိန် ကို ရိုနယ်ဒို မတိုင်ခင် မရခဲ့ကြဖူး ပါဘူး ။

မနေ့ ညက ကစားခဲ့တဲ့ သရဲနီ တို့ရဲ့ Rating တွေကတော့ –

ဒါးဗစ် ဒဟဲယား – ၇

အီဝိုဘီ ရဲ့ လှပတဲ့ ကန်ချက် အတွက် ဘာမှ မတတ်နိုင်ခဲ့ ပါဘူး ။ ဒါပေမယ့် ဒီတကြိမ်ကလွဲရင် ကျန်တဲ့ ပွဲချိန် တလျောက်မှာ စပိန်သားရဲ့ တည်ငြိမ်မှု ကို မြင်တွေ့ ခဲ့ရ ပါတယ် ။ ကာကွယ်မှုကောင်း အချို့လည်း လုပ်ပြ နိုင်ခဲ့ ပါတယ် ။

ဒီယေဂို ဒါးလော့ – ၇

ဒီမာရိုင် ဂါရေး လို လျှင်မြန်တဲ့ တောင်ပံ ကစားသမားကို ကောင်းကောင်း ထိန်းချုပ် နိုင်ခဲ့ ပါတယ် ။ တိုက်စစ် လိုက်ပါမှုတွေလည်း ကောင်းခဲ့ပြီး ယူနိုက်တက် ရဲ့ ချေပဂိုး မှာ အရေးပါခဲ့ပါတယ် ။

 

လင်ဒီလော့ဖ် – ၇

ခံစစ်မှာ အမှားနည်းခဲ့ပြီး တည်ငြိမ်မှု ရှိခဲ့ ပါတယ် ။ အရမ်း ပြောင်မြောက်တဲ့ စွမ်းဆောင်မှုတော့ မရှိခဲ့ပါဘူး ။

 

လီဆန်ဒရို မာတီနက် – ၈

မနေ့ညက ယူနိုက်တက် ရဲ့ အကောင်းဆုံး ကစားသမား တယောက် ဖြစ်ခဲ့ ပါတယ် ။ နီးလ် မူပေး ကို ကောင်းကောင်း ရင်ဆိုင် နိုင်ခဲ့ပြီး အသင်းကစားကွက် ထဲမှာ လိုက်ပါစီးမြော နိုင်ခဲ့ပါတယ် ။

 

လုခ်ရှော – ၆

မာလာစီယာ ကို အနားပေးထားတဲ့ ဒီပွဲမှာ အင်္ဂလန်သား ဆီက ကျေနပ်အားရ လောက်စရာ ခြေစွမ်းမျိုး မထွက်ခဲ့ ပါဘူး ။ တိုက်စစ်ကို လိုက်ပါမှု များခဲ့ပေမယ့် အဆုံးသတ် ပေးပို့မှု အပိုင်းမှာ လိုအပ်ချက်တွေ ရှိနေ ပါသေးတယ် ။

 

ကက်စမဲရိုး – ၇

ရိုနယ်ဒို ရဲ့ ၇၀၀ ပြည့် ဂိုးကို ဖန်တီးပေးခဲ့ပြီး မနေ့ညက ပွဲရဲ့ Man of the Match ရခဲ့ပါတယ် ။ ကွင်းလယ် ခံစစ်သမား ဖြစ်ပေမယ့် တိုက်စစ်အထိ လိုက်ပါပြီး ခေါင်းတိုက်ချက် ကနေ ဂိုးရလုနီး ဖြစ်ခဲ့ ပါတယ် ။

ခရစ်ရှန် အဲရစ်ဆင် – ၇

အဲဗာတန် ကစားသမားတွေရဲ့ ပိတ်ဆို့မှု ကို ခံခဲ့ရ ပေမယ့် ဒိန်းမတ်သားကြီး ကတော့ သူ့ရဲ့ အရည်အသွေး ကို အကျမခံ ခဲ့ပါဘူး ။ ယူနိုက်တက် တိုက်စစ်တွေ ရဲ့ လမ်းကြောင်း စတင်ရာ ဖြစ်ခဲ့ပါတယ် ။

 

အန်တိုနီ – ၇

အရေးပါတဲ့ ချေပဂိုးကို သွင်းပြီး မှတ်တမ်းကောင်း တခုကို စိုက်ထူနိုင်ခဲ့ပါတယ် ။ ဒုတိယပိုင်း က ထိုးဖောက်မှု တွေကလည်း အားရာစရာပါ ။

ဘရူနို ဖာနန်ဒက်စ် – ၆

ဖာနန်ဒက်စ် ခြေထပ်မပေါ် ခဲ့ပါဘူး ။ ဒါပေမယ့် ဂူအိုင်းရဲ့ အမှားကို အကောင်းဆုံး အသုံးချ ၊ ခံစစ်ကနေ တိုက်စစ်ကို ကူးပြောင်းပေးပြီး ချေပဂိုး အတွက် အစပြု ပေးခဲ့ပါတယ် ။

မားကပ် ရက်ဖိုဒ့် – ၇

အငြင်းပွားဖွယ် ဂိုးကို ပယ်ဖျက် မခံခဲ့ရဘူး ဆိုရင် အခုထက် အမှတ်ပိုရမယ့်သူပါ ။ တိုက်စစ်မှာ ပုံစံကောင်း ရခဲ့ပြီး ကက်စမဲရိုး ကပ်လွဲခဲ့တဲ့ ခေါင်းတိုက်ချက် အတွက် ဖန်တီးသူ ဖြစ်ခဲ့ ပါတယ် ။

 

အန်တိုနီ မာစီရယ် – ၆

ချေပဂိုး ကို ဖန်တီးပေးခဲ့ ပေမယ့် ဒဏ်ရာနဲ့ စောစော ထွက်သွားခဲ့ရတာက ပြင်သစ်သား အတွက် ထိုးနှက်ချက် ဖြစ်စေခဲ့ပါတယ် ။

 

လူစားဝင် ကစားသမားများ –

ခရစ္စတီယာနို ရိုနယ်ဒို – ၈

ကလပ် အသင်းသားဘ၀ ဂိုး ၇၀၀ ပြည့်ကို သွင်းယူခဲ့ပါတယ် ။ ဒီဂိုးဟာ ယူနိုက်တက် ကိုလည်း ၃ မှတ် ရစေခဲ့တာပါ ။ ရက်ဖိုဒ့် ရဲ့ ခွင့်ပြု မခံခဲ့ရတဲ့ ဂိုးကိုလည်း ဖန်တီးမှု ပြုလုပ် ပေးခဲ့ပါတယ် ။ တိုက်စစ် လိုက်ပါပြီး ချိတ်ဆက် ကစားပေးမှုတွေ ကလည်း အမှတ်ပေးသင့်တဲ့ အရာတွေပါ ။ နောက်ဆုံးတော့ ရိုနယ်ဒို တယောက် သူ နဲ့ ထိုက်တန်တဲ့ ချီးမွမ်းမှုတွေ ကို ပြန်ရခဲ့ ပါပြီ ။

တော်မီနေး – ၅

မနေ့ညက ယူနိုက်တက် ကစားသမားတွေ ထဲမှာ စွမ်းဆောင်မှု အညံ့ဆုံးလို့ ပြောလို့ရပါတယ် ။ အဝါကတ်ပါ ထိသွားတာကြောင့် နောက်တပတ် ပွဲကို ( နယူးကာဆယ် နဲ့ ) မပါရတော့ ပါဘူး ။

 

ရာဖေးဗာရန်း – ၆ တို့ ဖြစ်ကြပါတယ် ။

 

SPORTS MYANMAR