ဘရာဇီး အကျော်အမော်ဟောင်း တဦးကို သူ လေးစားအားကျခဲ့ရကြောင်း ဖွင့်ဟလာတဲ့ ဘရိုဂျာ

အယ်လ်ဘေးနီးယား လက်ရွေးစင် တိုက်စစ်မှူး အာမန်ဒို ဘရိုဂျာဟာ ပြီးခဲ့တဲ့ စနေနေ့ည က ကစားခဲ့တဲ့ ဝုလ်ဗ်ကို ၃ – ၀ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ချဲလ်ဆီး အသင်း အတွက် ပထမဆုံး စီနီယာဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဆောက်သမ်တန် အသင်းသို့ အငှားထွက်ကာ အထူး ခြေစွမ်းပြနိုင်ခဲ့တဲ့ ဘရိုဂျာဟာ ဒီရာသီ ချဲလ်ဆီးမှာ ဆက်နေပေမယ့် ၊ အခုထိတော့ ပွဲထွက်ခွင့် လုံးဝ မရသေးပဲ လူစားဝင် မိနစ်တွေနဲ့သာ ကျေနပ်ထားရပါတယ် ။

သို့ပေမယ့် ဘရိုဂျာဟာ ရတဲ့ အခွင့်အရေးတွေမှာ အကောင်းဆုံး ကြိုးစားခဲ့ပြီး ၊ အခုအခါမှာ ထိုက်တန်တဲ့ သွင်းဂိုး ရလာတာ ဖြစ်ပါတယ် ။ အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ဘရိုဂျာ ဟာ အနာဂတ် ချဲလ်ဆီး အသင်း အတွက် အားထားရမယ့် တိုက်စစ်မှူး အဖြစ် ရည်ရွယ်ခြင်း ခံထားရတာကြောင့် ပြီးခဲ့တဲ့ လပိုင်းကမှ ၆နှစ် စာချုပ် ချုပ်ဆိုနိုင်ခဲ့တာ ဖြစ်ပါတယ် ။

ချဲလ်ဆီး တီဗွီနဲ့ တွေ့ဆုံခဲ့တဲ့ ပွဲပြီး အင်တာဗျူးမှာ ဘရိုဂျာက ဘရာဇီး ဂန္တဝင် တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုဟာ သူ့အနှစ်သက်ဆုံး ကစားသမား ဖြစ်ကြောင်း ဖွင့်ဟရင်း ၊ ဝုလ်ဗ်နဲ့ ပွဲက သွင်းဂိုးမှာ ရော်နယ်ဒိုကို ဘယ်လို အတုယူပြီး သွင်းခဲ့တယ် ဆိုတာကိုလည်း အခုလိုပဲ ရှင်းပြခဲ့ပါတယ် ။

ဘရိုဂျာ က ” ရော်နယ်ဒိုဟာ အခုအချိန် အထိ ကျွန်တော့ အဖေရဲ့ အမြဲတမ်း အကြိုက်ဆုံး ကစားသမား ဖြစ်ပါတယ် ။ ရော်နယ်ဒို ကစားတာကို သူ အချိန်တိုင်း ကြည့်ခဲ့ပြီး ၊ ကျွန်တော့ကို ရော်နယ်ဒိုလို ပုံစံ ကစားစေချင်တာပါ ။ YouTube ပေါ်က ရော်နယ်ဒိုရဲ့ သွင်းဂိုး ၊ စကေး ဗီဒီယိုတွေ ကျွန်တော့ကို သူအမြဲ ပြပြီး ၊ ၂ယောက်တူတူ ကြည့်ဖြစ်ပါတယ် ။ ”

” ကျွန်တော် ကိုယ်တိုင်လည်း ရော်နယ်ဒို ကစားတာကို လေ့လာဖြစ်ပြီး ၊ သူ လုပ်ပြခဲ့ဖူးတဲ့ ဘောလုံး အလှကွက် ၊ ကစားပုံ စတိုင်လ်တွေ ဖန်တီးဖို့ ကြိုးစားပါတယ် ။ ကျွန်တော် ဒီနေရာကို ရောက်လာဖို့ အဖေက ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ် ။ ”

” ဒီနေ့ပွဲက သွင်းဂိုးကလည်း ရော်နယ်ဒို စတိုင်လ် အဆုံးသတ်မျိုး ဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ် ။ ကိုဗာဆီက အမိုက်စား ပေးပို့မှု ရခဲ့ပြီးနောက် ၊ ရှေ့ကနေ နေရာလွတ်ဆီ ကျွန်တော် ပြေးထွက်ခဲ့ပါတယ် ။ အဲဒီနောက် ညာခြမ်းထဲ ပြန်ချိုးဝင်ခဲ့ပြီး ၊ ဂိုးသမားရဲ့ ဘယ်ခြမ်းထောင့်ကို အပိုင် ကန်သွင်းနိုင်ခဲ့ပါတယ် ။ ”

” ကျွန်တော်ဟာ ကိုယ်နဲ့ အတူ လေ့ကျင့်ခဲ့ဖူးတဲ့ တိုက်စစ်မှူးတိုင်းနဲ့ အမြဲတမ်း ဂိုးသွင်း လေ့ကျင့်ခဲ့ပါတယ် ။ သူတို့ ကစားတာတွေကို ထရိန်နင်မှာ ကြည့်ရှုရင်း ၊ ဟိုနည်းနည်း ဒီနည်းနည်း လေ့လာသင်ယူခဲ့ရပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ဘရိုဂျာ က နည်းပြသစ် ဂရေဟမ် ပေါ်တာနဲ့ ပတ်သက်ပြီး ” သူဟာ အရမ်း သဘောကောင်းတဲ့ ပုဂ္ဂိုလ် တဦး ဖြစ်ပြီး ၊ စကားပြောရတာ လွယ်ကူတဲ့သူလည်း ဖြစ်ပါတယ် ။ ကျွန်တော်နဲ့ တွေ့တဲ့အခါတိုင်း အကူအညီ လိုတဲ့ အချိန် သူ့ဆီ လာဖို့ ပြောပါတယ် ။ ဒီလိုမျိုး cameo အခွင့်အရေးမျိုးတွေ ရတဲ့အခါ နည်းသည် များသည်ဖြစ်စေ အကောင်းဆုံး ပေးဆပ်ပါ ။ ”

” ဒါဆိုရင် နောက်ထပ် အခွင့်အရေးတွေက ထပ်ရောက်လာပါလိမ့်မယ် ။ သူဟာ ကြီးကျယ်တဲ့ မန်နေဂျာ တဦး ဖြစ်ပြီး ၊ သူနဲ့ အတူ အလုပ်လုပ်ရတာရော အသင်းသား အားလုံးနဲ့ အတူ အလုပ်လုပ်ရတာ အရမ်းကောင်းပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR