ဂိုး ၇၀၀ ပြည့် တိုက်စစ်မှူးကြီးနဲ့ ပတ်သက်ပြီး ဖွင့်ဟပြောဆိုလာခဲ့ကြတဲ့ တန်ဟတ် ၊ ဖာနန်ဒက်စ် နဲ့ ဖာဒီနန်

တနင်္ဂနွေနေ့ ညက ပွဲဟာ မန်ချက်စတာ ယူနိုက်တက် အတွက် ၃ မှတ်ထက် ပိုတဲ့ပွဲ ဖြစ်ခဲ့ ပါတယ် ။

ဒီပွဲမှာ အန်တိုနီ က ယူနိုက်တက် အတွက် အဖွင့် ၃ ပွဲ ( အမှတ်ပေး ) ဆက်တိုက် ဂိုးသွင်း နိုင်တဲ့ မှတ်တမ်းကို စိုက်ထူ နိုင်ခဲ့သလို ရီးရဲ ကနေ ပြောင်းလာပြီး အရန်ခုံ အထိုင် များနေရတဲ့ ကက်စမဲရိုး ကလည်း ပွဲထွက်စာရင်းမှာ ပါလာခဲ့ပြီး Man of the Match ရတဲ့ထိ ပုံစံကောင်း ပြခဲ့ ပါတယ် ။

ဒါပေမယ့် အားလုံးရဲ့ အထက် မှာတော့ ခရစ္စတီယာနို ရိုနယ်ဒို ရဲ့ ၇၀၀ ပြည့် သွင်းဂိုးက ရှိနေခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ ရာသီသစ် မစခင်က ကလပ် အသင်းသား ဘ၀ မှာ ၆၉၈ ဂိုး သွင်းယူထားခဲ့ ပါတယ် ။ ဒီရာသီ မှာ ပေါ်တူဂီသားကြီး ရုန်းကန် ခဲ့ရပြီး ရှရစ် နဲ့ ပွဲက ပင်နယ်တီ ဂိုး တကြိမ်က လွဲရင် နောက်ထပ် ဂိုးပေါက် ရှာမတွေ့ ခဲ့ပါဘူး ။

မနေ့ညက ပွဲမှာတော့ ရိုနယ်ဒို ဟာ ဒဏ်ရာ ရသွားတဲ့ မာစီရယ် ရဲ့ နေရာကို ဝင်ကစား ခဲ့ပြီး ပထမပိုင်း ပြီးခါနီးမှာ ဘယ်ခြေ နဲ့ ဂိုးသွင်းယူ ပေးခဲ့ ပါတယ် ။

ဒီဂိုးဟာ ရိုနယ်ဒို ကို ကလပ် အသင်း ကစားသမားဘဝမှာ ဂိုး ၇၀၀ ပြည့်မြောက် သွားစေခဲ့ ပါတယ် ။ ဒါမျိုး အရင်က ဘယ်သူမှ မလုပ်နိုင်ခဲ့ ပါဘူး ။

ရိုနယ်ဒို ရဲ့ ကလပ် ရော နိုင်ငံအသင်းမှာပါ အသင်းဖော် အဖြစ် ကစားနေတဲ့ ဘရူနို ဖာနန်ဒက်စ် က မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေဟာ ရိုနယ်ဒို ဂိုး ရာပြည့် သွင်းနိုင်ခဲ့မှုအပေါ် အလွန် ဝမ်းမြောက် ပျော်ရွှင် ခဲ့တယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

 

“ရိုနယ်ဒို က ဂိုးပေါက် ရှာတွေ့ နိုင်ဖို့ အစွမ်းကုန် ကြိုးစား နေခဲ့တာပါ ။ ကံခေ တာတွေရော ပြိုင်ဘက် ဂိုးသမားတွေ လက်စွမ်းပြခဲ့တာတွေရောကြောင့်သာ ဂိုးမရ ခဲ့တာပါ ။

အခု သူ ၇၀၀ မြောက် ဂိုးကို သွင်းနိုင်ခဲ့လို့ ကျွန်တော်တို့ အားလုံး အရမ်း ဝမ်းသာ ခဲ့ကြပါတယ် ။

အသင်းကလည်း နိုင်ခဲ့ပါတယ် ။ ခရစ္စတီယာနို အတွက်တော့ ၂ ထပ်ကွမ်း ပျော်ရွှင်မှုပါပဲ” လို့ ဖာနန်ဒက်စ် က ပွဲအပြီးမှာ ပြောဆိုခဲ့ ပါတယ် ။

ယူနိုက်တက် နည်းပြ အဲရစ်တန်ဟတ် ကလည်း ကလပ် အသင်းသားဘဝမှာ ဂိုး ၇၀၀ အထိ သွင်းယူ နိုင်ဖို့ ဆိုတာ တကယ့်ကို ပြောင်မြောက်တဲ့ အရည်အသွေး ဖြစ်တယ်လို့ ထုတ်ဖော် ချီးကျုး ခဲ့ပါတယ် ။

 

မာစီရယ် ဒဏ်ရာ ရသွားတာကြောင့် ရိုနယ်ဒို ဟာ လာမယ့် ယူရိုပါလိဂ် ၊ နယူးကာဆယ် နဲ့ ပရီးမီးယားလိဂ် ပွဲတွေမှာ ပွဲထွက် ကစားခွင့် ရဖို့ အလားအလာကောင်း နေပြီဖြစ်ပါတယ် ။

“တကယ့်ကို ချီးကျုးစရာပါပဲ ။ ဂိုး ၇၀၀ ဆိုတဲ့ အရေအတွက် ကပါ ။ ဒီရာသီမှာ ပရီးမီးယားလိဂ် အတွက် ပထမဆုံးဂိုး ( ရိုနယ်ဒို ရဲ့ ) ဆိုရင်လည်း ဟုတ်ပါတယ် ။ ကွင်းထဲမှာ သူ ကစားသွားတဲ့ ပုံစံ ကလည်း ကောင်းပါတယ် ။ သူ့အတွက် ကျွန်တော် တကယ် ပျော်ရွှင်ရ ပါတယ် ။ ဒီအခိုက်အတန့် ကို သူ စောင့်ခဲ့ရတာပါ ။ နောက်ထပ် ဂိုးတွေ ထပ်လာမယ်လို့ မျှော်လင့် ထားပါတယ်” လို့ ထုတ်ဖော် ချီးကျုး သွားခဲ့ ပါတယ် ။

ရုပ်သံ တင်ဆက် သုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ တချိန်က ရိုနယ်ဒို ရဲ့ အသင်းဖော်ဟောင်း ရီယို ဖာဒီနန် ကလည်း တိုက်စစ်မှူးကြီးရဲ့ ဇွဲလုံ့လဟာ စံပြုထိုက်တဲ့ အရာ ဖြစ်တယ်လို့ ပြောဆိုရင်း ဂိုး ၇၀၀ အတွက် ဂုဏ်ပြု ပေးသွားခဲ့ ပါတယ် ။

“အမြဲတမ်း ရှေ့ကို ဆက်လျောက်ဖို့ ကျွန်တော်တို့တွေ ပြောတတ်ကြပါတယ် ။ ရိုနယ်ဒို က အဲ့ဒါရဲ့ အကောင်းဆုံး ဥပမာပါပဲ ။ သူ့မှာ စိတ်ပျက်စရာ အခိုက်အတန့်တွေ ရှိခဲ့တယ် ဒါပေမယ့် သူ ရှေ့ဆက်ပြီး ဂိုး ၇၀၀ မြောက်တဲ့ အထိ ရောက်လာ နိုင်ခဲ့ ပါပြီ ။ ပိုပြီး ကောင်းခဲ့တာက ဒီဂိုးက ယူနိုက်တက် အတွက် အဆုံးအဖြတ် ဖြစ်စေခဲ့ တာပါပဲ”

“တစုံတယောက် က သူ့အပေါ် သံသယ ဝင်လာပြီ ဆိုရင် ရိုနယ်ဒို က အဲ့ဒိ သံသယကို ချေဖျက် ပြလိုက်တာပါပဲ ။ သူက ပရော်ဖက်ရှင်နယ် တယောက်ပါ ။ ပြဿနာ တခု မဟုတ်ပါဘူး ။ ကိစ္စတွေကို သူ ကောင်းကောင်း ကိုင်တွယ် နိုင်ပါတယ် ။ အရန်ခုံကနေ ထလာပြီး သူ လုပ်ရမယ့် အရာကို လုပ်ပြ သွားခဲ့ ပါတယ်” လို့ ဖာဒီနန် က ချီးကျူး ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ဒီနိုင်ပွဲကြောင့် အမှတ်ပေး ဇယားမှာ တဆင့်တက်ပြီး အဆင့် ၅ နေရာကို ရရှိ လာခဲ့ ပါတယ် ။

လာမယ့် ကြားရက်မှာတော့ ယူနိုက်တက် ဟာ ယူရိုပါလိဂ် ပွဲစဉ် အဖြစ် အိုမိုနီယာ အသင်းကို အိမ်ကွင်းမှာ လက်ခံ ကစားရမှာ ဖြစ်ပြီး နောက်တပတ် ပိတ်ရက် မှာတော့ နယူးကာဆယ် နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို ယှဉ်ပြိုင် ကစား သွားရမှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR