ဂိုး ၇၀၀ ပြည့်တဲ့ ရိုနယ်ဒို ၊ အမြင့်ပျံဆဲ အာဆင်နယ် ၊ ဝေဖန်မပြတ်တဲ့ VAR ၊ ၂ မှတ်ဖြတ်လိုက်တဲ့ နာပိုလီ ၊ ပုံစံကောင်းကို ဆက်ထိန်းထားတဲ့ ဘာဆာ တို့နဲ့ . . . နံနက်ခင်း အားကစားသတင်းများ

ယမန်နေ့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ မှာတော့ အဆင့် ၁ နေရာက အာဆင်နယ် ဟာ အိမ်ကွင်းမှာ လီဗာပူး အသင်းကို ၃-၂ နဲ့ အနိုင် ရရှိခဲ့ ပါတယ် ။

အာဆင်နယ် အတွက် မာတင်နယ်လီ နဲ့ ဆာကာ တို့က ဂိုးတွေ သွင်းယူပေးခဲ့တာပါ ။ ဒီနိုင်ပွဲကြောင့် အာဆင်နယ် ဟာ စနေတုန်းက အဆင့် ၁ နေရာကို ယာယီ သိမ်းပိုက်ထားတဲ့ မန်စီးတီးကို ပြန်ကျော်တက်ပြီး ထိပ်ဆုံးမှာ ဆက်လက် ရပ်တည် နိုင်ခဲ့ ပါတယ် ။

လီဗာပူး ကတော့ ပွဲရှုံးရုံမက အားထားရတဲ့ လူးဝစ် ဒီယာ့ဇ် ပါ ဒဏ်ရာ ရသွားတာကြောင့် ပိုမို ခက်ခဲတဲ့ ခရီးကို ဖြတ်သန်းရတော့မှာပါ ။

ဒီယာ့ဇ် ဟာ ဒူးဒဏ်ရာ ရခဲ့တာ ဖြစ်ပြီး သေချာမစစ်ဆေး ရသေးပေမယ့် ရက်သတ္တပတ် အနည်းငယ်တော့ နားရဖို့ သေချာသလောက် ရှိနေပြီး လာမယ့် အပတ်မှာ ရင်ဆိုင်ရမယ့် မန်စီးတီး နဲ့ ပွဲကို လွဲဖို့ အလားအလာ များပြားနေပါတယ် ။

လီဗာပူး နည်းပြကြီး ကလော့ ကတော့ သူတို့ဟာ ဒီနှစ် ပရီးမီးယားလိဂ် ဖလား လုပွဲကနေ ထွက်ခွာ ခဲ့ရပါပြီလို့ အာဆင်နယ် ကို ရှုံးတဲ့ ပွဲအပြီးမှာ ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ကတော့ အဲဗာတန် ကို အဝေးကွင်းမှာ ၂-၁ နဲ့ နိုင်ခဲ့ ပါတယ် ။ ဒီပွဲမှာ ယူနိုက်တက် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒို ဟာ အသင်းအတွက် ဒုတိယဂိုး ကို သွင်းပေးခဲ့ပြီး သူ့ရဲ့ ကလပ် အသင်း ကစားသမား ဘ၀ သွင်းဂိုး အရေအတွက် ကို ၇၀၀ ပြည့်မြောက် သွားစေခဲ့ ပါတယ် ။

ဒီတပတ် မှာလည်း VAR သုံးသပ် ဆုံးဖြတ်ချက်တွေ အပေါ် ဝေဖန်မှုတွေ ပြင်းထန်ခဲ့ကြပြီး အာဆင်နယ် နဲ့ လီဗာပူး တို့ပွဲက ၂ ဘက် အသင်းသားတွေ အချင်းများ ရန်ဖြစ်မှုကို FA က စုံစမ်း စစ်ဆေးသွားမယ်လို့ သိရပါတယ် ။

အီတလီ စီးရီးအေ မှာတော့ အဆင့် ၁ က နာပိုလီ ဟာ ဒီတပတ်မှာလည်း အဝေးကွင်းမှာ ၄-၁ နဲ့ ဂိုးပြတ် နိုင်ပွဲ ကို ဖော်ဆောင်ခဲ့ ပါတယ် ။ နာပိုလီ နဲ့ အမှတ်တူ နေတဲ့ အတ္တလန်တာ ကတော့ ဒီတပတ် မှာ အူဒီနီးစ် နဲ့ ၂ ဂိုးစီ သရေကျ ခဲ့တာကြောင့် အဆင့် ၁ နဲ့ ၂ မှတ် ကွာဟ သွားခဲ့ရပါတယ် ။

ရိုးမား ဟာ လက်ချီ အသင်းကို အိမ်ကွင်းမှာ ၂-၁ နဲ့ အနိုင်ရခဲ့ ပါတယ် ။ ဒါပေမယ့် အားထားရတဲ့ တိုက်စစ်မှူး ဒိုင်ဘားလား ဒဏ်ရာ ရသွားခဲ့ပြီး အာဂျင်သားရဲ့ အခြေအနေဟာ ပြင်းထန်ပုံ ရတယ်လို့ နည်းပြ မော်ရင်ဟို က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

စပိန် လာလီဂါ မှာတော့ ဘာစီလိုနာ ဟာ ဆယ်လ်တာဗီဂို အသင်းကို အိမ်ကွင်းမှာ ၁-၀ နဲ့ အနိုင် ကစားခဲ့ပြီး အဆင့် ၁ ကို ဆက်လက် ထိန်းထား ခဲ့ပါတယ် ။ ဘာဆာ အတွက် တလုံးတည်းသော ဂိုးကိုတော့ လူငယ်လေး ပက်ဒရီ က သွင်းယူပေးခဲ့တာပါ ။

ဘာစီလိုနာ နဲ့ အက်သလက်တီကို မက်ဒရစ် တို့ အကြားက အန်တွိုင် ဂရစ်ဇ်မန်း ရဲ့ အပြီးသတ် ပြောင်းရွှေ့မှု ဟာ အလုံးစုံ ပြီးမြောက် ခဲ့ပြီ ဖြစ်ကြောင်း ဘာဆာ ဒါရိုက်တာ အလီမာနီ က ထုတ်ဖော် အတည်ပြု သွားခဲ့ပါတယ် ။

PSG ကို ကိုင်တွယ် ခဲ့ဖူးတဲ့ ပြင်သစ် ခံစစ်မှူးဟောင်း လောရင့် ဘလန့် ဟာ လိုင်ယွန် အသင်း နည်းပြသစ် ဖြစ်လာမယ်လို့လည်း သိရှိရ ပါတယ် ။

ဒေါ့မွန် နဲ့ ကစားခဲ့တဲ့ ပွဲမှာ ဒဏ်ရာ ရခဲ့တဲ့ အယ်လ်ဖွန်ဆို ဒါးဗိစ် ဟာ ဦးခေါင်းခွံ ဒဏ်ရာ ဖြစ်ပေါ် ခဲ့တယ်လို့ ဘိုင်ယန်မြုးနစ် အသင်းဘက်က အတည်ပြု ပေးခဲ့ပြီး ဘယ်လို ကုသမှု ခံယူကာ ဘယ်လောက် နားရမယ်ဆိုတာ ကိုတော့ ဆက်လက် မထုတ်ပြန် သေးပါဘူး ။

ပဲလေ့စ် နဲ့ ကစားပြီး ပြန်လာတဲ့ လိဒ်ယူနိုက်တက် အသင်းသားတွေဟာ လေဆိပ် ကို ဆိုက်ရောက်လာချိန်မှာ ရာဘာလောင်ကျွမ်းနံ့မျိုး ရရှိ ခဲ့တာကြောင့် လေယာဉ်ပေါ် ကနေ ကတိုက်ကရိုက် ဆင်းပြေးခဲ့ကြရတယ် လို့လည်း ကြားသိရ ပါတယ် ။

မန်စီးတီး နဲ့ အဲဗာတန် ခံစစ်မှူးဟောင်း လက်စကော့ က Black Lives Matter လှုပ်ရှားမှု ကို ထောက်ခံတဲ့ လုပ်ရပ် ဖြစ်တဲ့ ပွဲမစခင် ဒူးထောက်မှု ကို ဆက်လက် လုပ်ဆောင်ဖို့ တိုက်တွန်း ပြောဆိုခဲ့ပေမယ့် ရီယို ဖာဒီနန် ကတော့ ဒီအဆို ကို သဘောမတူခဲ့ဘူးလို့ အကြံပြုခဲ့ ပါတယ် ။

ဘရန့်ဖိုဒ့် တိုက်စစ်မှူး တိုနီ ကလည်း သူဟာ ရုပ်သေးရုပ် တခု မဟုတ်ကြောင်း နဲ့ ဒူးထောက်လှုပ်ရှားမှု ကို သဘောမကျသူ ဖြစ်ကြောင်း ဖွင့်ဟပြောဆို သွားခဲ့ပါတယ် ။

ချဲလ်ဆီး ကို ဘာစီလိုနာ ကနေ ပြောင်းရွှေ့ လာတဲ့ တိုက်စစ်မှူးကြီး အော်ဘားမီးယန်း ဟာ လန်ဒန် ကလပ် ကနေ လာမယ့် နွေရာသီမှာ ပြန်လည် ထွက်ခွာဖို့ ရှိတယ်လို့လည်း သတင်းတခု ထွက်ပေါ် လာခဲ့ ပါတယ် ။

ရီးရဲမက်ဒရစ် နဲ့ စပိန် လက်ရွေးစင် ဂိုးသမားကြီး အိုင်ကာ ကာဆီးလက် က သူ ဟာ ဂေး တယောက် ဖြစ်ကြောင်းကို မနေ့က တွစ်တာ မှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ် ။ မိနစ်ပိုင်း အကြာမှာ အဆိုပါ စာ ကို ပြန်ဖျက် သွားခဲ့ပြီး သူ့ရဲ့ အကောင့်ကို ဟက် ခံခဲ့ရကြောင်း ပြောဆိုခဲ့ ပါတယ် ။

ဂေးလ် ဘောလုံးသမားတယောက် ဖြစ်တယ်လို့ ထုတ်ဖော် ဝန်ခံထားတဲ့ ဂျို့ရှ် ကာဗယ်လို ကတော့ ကာဆီးလက် နဲ့ ပူလ်ယိုး ( ငါတို့ ဇာတ်လမ်းကို ပြောပြဖို့ အချိန်တန်ပြီ အိုင်ကာ ဟု တွိ ရေးသားပြီး ပြန်ဖျက်ခဲ့တဲ့ စပိန် ခံစစ်မှူး ) တို့ ကို ဝေဖန်ခဲ့ပြီး ဒါဟာ ဂေး တွေအပေါ် လေးစားမှုမရှိတဲ့ လုပ်ရပ်ထက်တောင် လွန်ကဲ သွားပြီလို့ ပြောဆိုခဲ့ ပါတယ် ။

ဝုဗ် အသင်းဟာ စပိန် နဲ့ ဆီဗီးလား နည်းပြဟောင်း လိုပီတီဂွီ ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ပြင်ဆင် နေပေမယ့် နည်းပြကြီး ရဲ့ မိသားစု ကိစ္စ အချို့ကြောင့် ကြန့်ကြာနေကာ ယခု အပတ်ကုန်အထိ ကြေညာနိုင်ဖို့ မသေချာသေးဘူးလို့ သိရှိရ ပါတယ် ။

ယူရို ၂၀၂၄ ပြိုင်ပွဲ အတွက် ခြေစစ်ပွဲ အဆင့် မဲခွဲမှုကို မနေ့က ပြုလုပ် သွားခဲ့ပါတယ် ။ ဂျာမနီ က အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမယ့် ဒီပြိုင်ပွဲ အတွက် ခြေစစ်ပွဲ အဆင့်မှာ အင်္ဂလန် နဲ့ အီတလီ တို့ နောက်တကြိမ် ထပ်ဆုံ ခဲ့ပြီး နယ်သာလန် နဲ့ ပြင်သစ် တို့လည်း တအုပ်စုတည်း ကျရောက် ခဲ့ကြပါတယ် ။

 

SPORTS MYANMAR