အမှတ်ပေးဖလားကို စိန်ခေါ်နိုင်စွမ်းရှိတယ်ဆိုတာကို အမ်းမရိတ်မှာ သက်သေပြခဲ့တဲ့..အာဆင်နယ် ၃-၂ လီဗာပူး ပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာ ၅ ချက်

လီဗာပူး မန်နေဂျာ ယာဂန်ကလော့ဟာ နောက်ထပ် ခက်ခဲတဲ့ ညနေခင်းကို ဖြတ်သန်းခဲ့ရပြီး ၎င်းရဲ့ အသင်းဟာ အာဆင်နယ်ကို အဝေးကွင်းမှာ ၃-၂ နဲ့ ရှုံးသွားခဲ့ပါတယ်။ လီဗာပူးဟာ မာတင်နယ်လီ ဆာကာ တို့ရဲ့ ဂိုးတွေကို နှစ်ကြိမ်တိုင်တိုင် ပြန်လည် ချေပနိုင်ခဲ့ပေမယ့်လည်း ပွဲချိန် ၇၆ မိနစ်က ဆာကာရဲ့ ဂိုးကတော့ အနိုင်ဂိုး ဖြစ်သွားခဲ့ပါတယ်။ လီဗာပူးဟာ ဒီရှုံးပွဲကြောင့် အဆင့် ၁၀ နေရာကို ရောက်သွားခဲ့ပြီး အာဆင်နယ်ကတော့ မန်စီးတီးကို ကျော်ကာ ဇယားထိပ်ကို ပြန်တက်လာခဲ့ပါတယ်။

ဒီပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာတွေကတော့…

၁။ နေရာတစ်နေရာအတွက် စိုးရိမ်စရာ ဖြစ်လာတဲ့ ထရန့်

ထရန့်ဟာ ခံစစ်ပိုင်းထက်စာရင် တိုက်စစ်ကစားမှာ အကျိုးပြုမှုက အများကြီး ပိုမိုခဲ့တာကြောင့် ၎င်းရဲ့ အားနည်းချက်ဟာ တောက်လျောက် လျစ်လျူရှုခံလာခဲ့ရပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ ၎င်းရဲ့ တိုက်စစ် ခံစစ် ကစားဟန်‌တွေ အားလုံးဟာ တစ်ယောက်ယောက်ရဲ့ ‌နှုတ်ယူမှု ခံရသလို ဖြစ်နေပြီး လီဗာပူးကို ထိခိုက်မိတွေ ရှိနေစေပါတယ်။ အာဆင်နယ်ရဲ့ အဖွင့်ဂိုးမှာ အလက်ဇန်းဒါးအာနိုးရဲ့ အမှားလည်း ပါဝင်နေပြီး ခံစစ်ကစားရာမှာ expose ဖြစ်နေခဲ့ကာ မာတင်နယ်လီက အိုဒီဂတ်ရဲ့ မျှောဘောကနေ တစ်မိနစ်မှာပဲ အဖွင့်ဂိုး ရယူခဲ့ပါတယ်။

ဂန်းနားတို့ရဲ့ ဒုတိယဂိုးမှာတော့ ၎င်းနဲ့ ဟန်ဒါဆန်တို့ရဲ့ အမှားတွေက ထင်ရှားလှပါတယ်။ ကလော့ဟာ ပထမပိုင်း အပြီးမဖှာ ၎င်းကို ဂိုးမက်ဇ်နဲ့ လူစားလဲ သွားခဲ့ပြီး ဒါဟာ အစောပိုင်းမှာ ရခဲ့တဲ့ ဒဏ်ရာအပြင် ၎င်းရဲ့ ကစားပုံနဲ့လည်း သက်ဆိုင်မှာ ဖြစ်ပါတယ်။ လီဗာပူးဟာ လာမည့်အပတ်မှာ ဟာလန်း ဦးဆောင်တဲ့ မန်စီးတီးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ကလော့ အနေနဲ့ ညာနောက်ခံလူ နေရာမှာ ဘယ်သူ့ကို သုံးသွားမလဲဆိုတာ စိတ်ဝင်စားစရာ ပါပဲ။

၂။ သွေးအေးခဲ့တဲ့ ဆာကာ
ပွဲချိန်နှောင်းပိုင်းကို ရောက်လာတာကြောင့် အာဆင်နယ်ရဲ့ perfect အိမ်ကွင်းမှတ်တမ်းက ကျိုးပျက်တော့မယ်လို့ ထင်ခဲ့ရပါတယ်။ ဒါပေမယ့် အာဆင်နယ်ရဲ့ ဆက်တိုကါ ဖိအားပေးမှုတွေအောက်မှာ လီဗာပူးရဲ့ ခံစစ်ကစားပုံဟာ ယိုင်နဲ့လာခဲ့ပြီး ဂျီဆုကို တီယာဂို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် အာဆင်နယ်တို့ ဒုတိယပိုင်း ကစားဟန်နဲ့ ထိုက်တန်စွာ ပင်နယ်တီ ရခဲ့ပါတယ်။

လီ‌ဗာပူးအတွက် ဒီပင်နယ်တီ ပြစ်ဒဏ်ဟာ အနည်းငယ် ပြင်းထန်တဲ့ပုံပေါ်ပြီး ဧည့်သည်အသင်းရဲ့ အပြင်းအထန် စောဒကတက်မှုတွေကြောင့် နှစ်ဘက် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကာ ပင်နယ်တီ ကန်ဖို့ အချိန်ကြန့်ကြာခဲ့ပါတယ်။ ပထမပိုင်း ပြီးခါနီး တစ်ဂိုးသွင်းထားခဲ့တဲ့ ဆာကာကတော့ သူ့ရဲ့ အခိုက်အတန့်ကို ခေါင်းအေးအေးနဲ့ စောင့်ဆိုင်းနေခဲ့ပါတယ်။ ဒီအခိုက်အတန့် ရောက်လာချိန်မှာတော့ ဆာကာဟာ ဂိုးသမား ညာဘက်ထောင့်ကို သွေးအေးစွာနဲ့ အဆုံးသတ်ခဲ့ပြီး ဂန်းနားတို့အတွက် အနိုင်ဂိုး ရယူပေးခဲ့ပါတယ်။

၃။ ‌ခြေကုန်နေတဲ့ ကွင်းလယ်
ဟန်ဒါဆန်နဲ့ တီယာဂို တို့ဟာ ငယ်တော့တာ မဟုတ်ပါဘူး။ အာဆင်နယ်လို ငယ်ရွယ်ပြီး တက်ကြွတဲ့ အသင်းနဲ့ ရင်ဆိုင်ရာမှာ ၎င်းဆို့ဟာ မနေ့ကလူတွေလို ဖြစ်သွားခဲ့ပါတယ်။ ဒါ့အပြင် လီဗာပူးရဲ့ ကွင်းလယ်မှာ ကလော့အတွက် ရွေးချယ်စရာကလည်း နည်းပါးလှပါတယ်။ နွေရာသီက တကယ် အားကိုးရမယ့် ကွင်းလယ်လူ တစ်ဦးကို ခေါ်ယူခဲ့သင့်ပြီး အခုချိန်မှာတော့ အရေအတွက်သာ များနေပြီး ကြံ့ခိုင်မှုရုန်းကန်နေရတဲ့ ကစားသမားတွေက များနေပါတယ်။

လီ‌ဗာပူးရဲ့ ၄-၄-၂ ကစားကွက်ကလည်း ထိပ်တန်းအသင်းနဲ့ပွဲမှာ အလုပ် မဖြစ်ဘူးဆိုတာ အမ်းမရိတ်မှာ မြင်ခဲ့ရပါတယ်။ ဖာဘင်ညို ပုံစံကောင်း ပျောက်နေတာကလည်း ကလော့အတွက် စိတ်ပျက်စရာ ဖြစ်နေပြီး အယ်လီယော့လို energy ကောင်းကောင်းနဲ့ ကစားနိုင်တဲ့သူမျိုးကို ဒီလိုပွဲမျိုးမှာ သုံးသင့်ပါတယ်။

၄။ ဇယားထိပ် ပြန်ရောက်လာခဲ့တဲ့ ဂန်းနား

မန်စီးတီးရဲ့ ဇယားထိပ်မှာ ဦး‌ဆောင်နေမှုက ၂၄ နာရီသာသာပဲ ခံခဲ့ပြီး ဂန်းနားတို့ဟာ လီဗာပူးကို အနိုင်ကစားကာ ထိပ်ဆုံးနေရာကို ပြန်ယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်က စပါး ၊ ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ ဒုတိယနေရာ ရခဲ့တဲ့ လီဗာပူးကို အနိုင်ယူခဲ့ပြီးနောက် အာတီတာရဲ့ အသင်းဟာ သူတို့ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်စွမ်း ရှိနေပြီဆိုတာကို ယုံကြည်နေပြီ ဖြစ်ပါတယ်။

အာဆင်နယ်ကို အကောင်းဆုံး တည်ဆောက်ကာ ယခုလို လျှင်မြန်စွာ တိူတက်လာအောင် လုပ်ပေးထားတဲ့ အာတီတာ ကလည်း ချီးကျူးမှု‌တွေနဲ့ တကယ် ထိုက်တန်မှု ရှိပါတယ်။ ဂန်းနားတို့ဟာ တကယ့်ကို on fire ဖြစ်နေတာကြောင့် ဒါကို ဆက်လက်ထိန်းထားနိုင်ခဲ့မယ်ဆိုရင် ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ အိမ်မက်ကို မက်ထားလို့ ရပါတယ်။

၅။ ဂိုးပြန်ရခဲ့တဲ့ နူးနက်
တာထွက်ဆိုးရွားနေကာ အဓိက ကစားသမားတွေ ပုံစံကောင်း ပျောက်နေပြီး တာထွက်ဆိုးရွားနေတဲ့ အသင်းမှာ ကစားသမားသစ် ဒါဝင်နူးနက် ရုန်းကန်နေရတာဟာ အံ့ဩစရာတော့ မဟုတ်ပါဘူး။ နူးနက် ကိုယ်တိုင်ကလည်း အသင်းသစ်မှာ အသားကျအောင် ကြိုးစားနေရတဲ့ အပြင် ဟာလန်းနဲ့ နှိုင်းယှဉ်မှု ပေါင် ၈၅ သန်း ဆိုတဲ့ ပြောင်းရွေ့ကြေးကြောင့် ဖိအားက များနေပြီး ဒါကို ကြိုးစားဖြေရှင်းနေရဆဲ ဖြစ်ပါတယ်။

အာဆင်နယ်နဲ့ ပွဲမှာတော့ နူးနက်ဟာ ဂိုးပေါက်ပြန်လည် တွေ့ရှိခဲ့ပြီး ဒီယက်ရဲ့ ဖြတ်တင်ဘောကို အကောင်းဆုံး ပိတ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးတို့ ဒီပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့် performance အရ နူးနက်အနေနဲ့ ဒီနေ့‌ခြေစွမ်းအပေါ် ကျေနပ်မှု ရှိနေမှာပါ။

WM