ဝုလ်ဗ်နဲ့ ပွဲမှာ ပွဲထွက်စာရင်း ၇နေရာ အထိ ဘာကြောင့် အပြောင်းအလဲ လုပ်ခဲ့လဲ ဆိုတာ ရှင်းပြလာတဲ့ ဂရေဟမ် ပေါ်တာ

ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ဝုလ်ဗ် အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲမှာ ကြားရက်က အေစီမီလန် အသင်းနဲ့ ပွဲထွက်စာရင်းနဲ့ အပြောင်းအလဲ ၇နေရာ အထိ လုပ်ခဲ့ပေမယ့် ၊ အခြေအနေ မဟန်နေတဲ့ ဝုလ်ဗ်ကို အေးအေးဆေးဆေးပဲ ၃ – ၀ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ် ။

နည်းပြသစ် ဂရေဟမ် ပေါ်တာဟာ အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ တိုက်စစ်မှူး ပီယာအမ်းမရစ် အူဘားမီးယန်း ၊ တောင်ပံ ကစားသမား ရာဟင်း စတာလင် ၊ ကွင်းလယ်လူ မတ်တီယို ကိုဗာဆစ် ၊ နောက်ခံလူ ရိစ်ဂျိမ်းစ် ၊ ဘန်ချေဝဲလ်နဲ့ သီယာဂို ဆေးလ်ဗားတို့ကို ပွဲထွက်စာရင်းမှာ အသုံးပြုခဲ့ခြင်း မရှိပါဘူး ။

ဒီအစား ယခုနှစ် ရာသီ ပွဲကစားခွင့် နည်းနေတဲ့ တောင်ပံ ကစားသမား ခရစ်တီယန် ပူလီဆစ် ၊ ကွင်းလယ်လူ ကော်နာ ဂေါ်လဂါ ၊ ခံစစ်မှူး ထရက်ဗာ ချာလိုဘာ အစရှိသူတို့ကို နေရာပေးခဲ့ပြီး ၊ ၄င်းတို့ဟာ ရတဲ့ အခွင့်အရေးတွေကို အပြည့်အဝ အသုံးချနိုင်ခဲ့ပါတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ဂရေဟမ် ပေါ်တာ က မီလန်နဲ့ ပွဲမှာ အထူး ခြေစွမ်းပြခဲ့တဲ့ အသင်းသားတွေကို ပွဲဆက်များမှာ စိုးတဲ့ အတွက် ဝုလ်ဗ်နဲ့ ပွဲမှာ အနားပေးခဲ့ခြင်း ဖြစ်ကြောင်း အခုလိုပဲ ရှင်းလင်းခဲ့ပါတယ် ။

ပေါ်တာ က ” သီယာဂိုဟာ ဒီတပတ် အစမှာ အအေးမိဝေဒနာ ကြီးကြီးမားမား ခံစားခဲ့ရပေမယ့် ၊ ကြားရက်က အေစီမီလန်နဲ့ ပွဲကို ပွဲချိန်ပြည့် ကစားပေးသွားခဲ့ပါတယ် ။ ၂ရက်တည်းနဲ့ သူ ပြန်သက်သာလာဖို့ ဆိုတာ အချိန် အရမ်း တိုတောင်းလွန်းပါတယ် ။ ဒီတော့ ဒီနေ့မှာ ကျွန်တော်တို့ သူ့ကို ခေါ်မလာဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ ”

” ဘန်ချေဝဲလ်ကလည်း ကာလရှည် ဒူးအရွတ် ဒဏ်ရာက ပြန်လာထားတာ ဆိုတော့ ၊ ၃ပွဲဆက် ကစားခြင်းက သူ့အတွက် အရမ်းကြီး အဆင်မပြေပါဘူး ။ ဒီတော့ ကျွန်တော်တို့ အတွက် အပါးနပ်ဆုံး လှုပ်ရှားမှုက မာ့ခ်ကူကူရယ်လာကို ဒီနေ့ပွဲမှာ ထုတ်သုံးဖို့ ဖြစ်ခဲ့ပါတယ် ။ ”

” ရိစ်ကလည်း ခြေထောက်ထုံနေတာကြောင့် မနေ့ကအထိ အပြည့်အဝ ပြန်မကောင်းခဲ့ပါဘူး ။ ဒီတော့ ကျွန်တော်တို့ သူ့ကို နားချိန် ပိုပေးဖို့ ဆုံးဖြတ်ခဲ့ပြီး ၊ ပွဲထုတ်တာထက်စာရင် ပွဲပြီးခါနီးမှ သူ့ကို လူစားဝင် ကစားစေတာက ပိုသင့်လျော်မယ်လို့ ယူဆခဲ့မိပါတယ် ။ ”

” အားလုံး သိတဲ့အတိုင်း ၊ ဝက်စ်လေကလည်း ဒဏ်ရာ ရထားပြီး ၊ မတ်တီယိုက ၃ပွဲဆက် ကစားရမယ့် အနေအထား ဖြစ်နေပါတယ် ။ လတ်တလော သူ့မှာ ဒူးပြဿနာ အနည်းငယ် ရှိနေတာကြောင့် ၊ လူစားလဲဖို့ သုံးခဲ့တာက မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်မယ်လို့ ယူဆခဲ့ပါတယ် ။ ဒီအတွက်ကြောင့် ဂျော်ဂျင်ဟိုနဲ့ ရူဘင်နဲ့ကို တွဲပြီး ပွဲထုတ်ပေးခဲ့တာပါ ။ ”

” ရာဟင်းကတော့ ဒီရာသီမှာ ပွဲအများအပြား ကစားပေးထားပါတယ် ။ ဒီတော့ တပွဲတလေ သူ့ကို အနားပေးပြီး ၊ လိုအပ်တဲ့အခါ လူစားလဲ သုံးတာက ကောင်းမယ်လို့ ထင်ခဲ့ပါတယ် ။ အူဘာလည်း ထိုနည်းတူပါပဲ ။ လတ်တလောမှာ သူ ပုံစံကောင်း ရနေတာ မှန်ပေမယ့် ၊ ချဲလ်ဆီးကို မပြောင်းလာခင်က မေးရိုး ဒဏ်ရာ ရထားခဲ့တာပါ ။ ”

” ဒီတော့ သူ့ကို ရာဟင်းလိုပဲ တပွဲတလေ အနားပေးပြီး ၊ လိုတဲ့အခါမှာ အရန်ခုံကနေ လူစားလဲသုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ ဒါပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ချဲလ်ဆီး ဟာ လာမယ့် အင်္ဂါနေ့ည ဆန်စီရိုကွင်းမှာ အေစီမီလန်နဲ့ ထပ်မံ ရင်ဆိုင်ရဖို့ ရှိပါတယ် ။

SPORTS MYANMAR