ကွန်တီကို ပုတ်ခတ်ရင်း ၊ သူ့ကို ချဲလ်ဆီး ပရိသတ်တွေ လှိုက်လှိုက်လှဲလှဲနဲ့ ကြိုဆိုခဲ့တာကို ဂုဏ်ယူနေတဲ့ ဒီယေဂို ကော်စတာ

မနေ့ည က စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ချဲလ်ဆီး အသင်းဟာ ဒီရာသီ အခြေအနေ မဟန်နေတဲ့ ဝုလ်ဗ် အသင်းကို အခက်အခဲ မရှိ ၃ – ၀ ရလဒ်နဲ့ သက်တောင့်သက်သာ အနိုင်ရခဲ့ပါတယ် ။ ဒီပွဲမှာ ကစားခွင့် ပုံမှန် မရတဲ့ ချဲလ်ဆီး အသင်းသား အချို့ နေရာ ပြန်ရပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ် ။

တဖက်မှာ ချဲလ်ဆီးရဲ့ ဂိုးသွင်းစက်ဟောင်း ဖြစ်တဲ့ စပိန် ဝါရင့်တိုက်စစ်မှူး ဒီယေဂို ကော်စတာ ဟာ စတမ်းဖို့ဒ်ဘရစ်ခ်ျရဲ့ အပြန်ခရီးမှာ ပရိသတ်တွေဆီက သောင်းသောင်းဖြဖြ ကြိုဆိုမှုကို ခံခဲ့ရပါတယ် ။ အထူးသဖြင့် ဒုတိယပိုင်းမှာ ၄င်း လူစားလဲခဲ့ရတဲ့ အချိန် ‘ Diego … Diego ‘ ဆိုပြီး ပရိသတ်တွေ အားလုံးက သံပြိုင် ဟစ်ကြွေးခဲ့ကြပါတယ် ။

ဒီယေဂို ကော်စတာကလည်း ပရိသတ်တွေ အားလုံး ကွင်းတပတ် လက်ခုပ်တီး နှုတ်ဆက်ခဲ့ပါတယ် ။ ကော်စတာ ဟာ ၂၀၁၆ – ၂၀၁၇ ဘောလုံးရာသီ အတွင်း ချဲလ်ဆီး နည်းပြဟောင်း ၊ လက်ရှိ တော့တင်ဟမ် နည်းပြ အန်တိုနီယို ကွန်တီနဲ့ ပဋိပက္ခ အချို့ ရှိခဲ့ပြီး ၊ ဒါက ၄င်းကို ၂၀၁၇ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ စျေးကွက် စစချင်းမှာပဲ အက်သလက်တီကိုသို့ ရောက်သွားစေခဲ့ပါတယ် ။

မနေ့က ပွဲအပြီး ဘရာဇီး အခြေစိုက် ESPN သတင်းဌာနနဲ့ တွေ့ဆုံခဲ့ရာမှာ ကော်စတာ က ချဲလ်ဆီး ပရိသတ်တွေဆီက နွေးထွေးတဲ့ ကြိုဆိုမှု အတွက် ဂုဏ်ယူခဲ့သလို ၊ ပရိသတ်တွေဟာ ၄င်းနဲ့ ဘယ်တော့မှ ညစ်ထွေးတဲ့ ဆက်ဆံရေး မရှိခဲ့ကြောင်း တုန့်ပြန်ရင်း ၊ ကွန်တီကြောင့်သာ ချဲလ်ဆီးကနေ ထွက်ခွာခဲ့ရတာ ဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ် ။

ကော်စတာ က ” ဒါက တကယ် ထူးရှယ် အခိုက်အတန့်ပါ ။ ဒီအသင်းမှာ ကိုယ်လုပ်စရာတဲ့ အလုပ်ကို ပြီးပြီးမြောက်မြောက် လုပ်ဆောင်ခဲ့ပြီး ၊ အမှတ်တရကောင်းတွေနဲ့ ထွက်ခွာခဲ့တယ်လို့ ခံစားရပါတယ် ။ ချဲလ်ဆီး ပရိသတ်တွေဆီက ဒီလို ချစ်ခြင်းမေတ္တာတွေ ရခဲ့ပါတယ် ။ ”

” ဒါပေမယ့် ကျွန်တော်ဟာ သူတို့ဆီက အမြဲတမ်း ချစ်ခြင်းမေတ္တာ ရထားတာပါ ။ ချဲလ်ဆီး ပရိသတ်တွေနဲ့ ပတ်သက်ပြီး ကျွန်တော့မှာ ဘာတခုမှ ဝေဖန် အပြစ်တင်စရာ မရှိပါဘူး ။ ကျွန်တော် ဒီမှာ ရှိနေခဲ့တုန်းက သူတို့ ကျွန်တော့ကို သဘောထား အပြည့်အဝနဲ့ ဆက်ဆံခဲ့ကြတာပါ ။ ”

” ကျွန်တော်နဲ့ ပြဿနာ ရှိတာ ပရိသတ်တွေ မဟုတ်ပါဘူး ။ နည်းပြပါ ။ ကွန်တီပါ ။ ကျွန်တော့မှာ ချဲလ်ဆီး ပရိသတ်တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးသာ ရှိပါတယ် ။ ကျွန်တော် ဒီမှာ ချန်ပီယံ တဦး ဖြစ်ခဲ့တာပါ ။ အဲဒီတုန်းက ကျွန်တော် အသင်းနဲ့ ဒုတိယမြောက် ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ် ။ ”

” ဒါပေမယ့် ကွန်တီဟာ ကျွန်တော့ရဲ့ ကြိုးစား အားထုတ်မှု ၊ အရည်အချင်းတွေကို အသိအမှတ် မပြုခဲ့ပါဘူး ။ ဒီတော့ ကျွန်တော် ဆက်မနေနိုင်ခဲ့ပါဘူး ။ ဒီနေ့ ကျွန်တော် လက်ခံ ရရှိခဲ့တဲ့ ကြိုဆိုမှုတွေဟာ ကျွန်တော် ချဲလ်ဆီး ပရိသတ်တွေနဲ့ မတည့်တာမျိုး ဘယ်သောအခါမှ မရှိခဲ့ဘူး ဆိုတာ ပြသနေပါတယ် ။ ”

” ဒါပေမယ့် ကျွန်တော် အသင်းကနေ မဖြစ်မနေ ထွက်ခွာခဲ့ရပါတယ် ။ ဒါဟာ ပရိသတ်တွေနဲ့ လုံးဝ မဆိုင်ပါဘူး ။ ဒီနေ့မှာ ချဲလ်ဆီး ပရိသတ်တွေဟာ ကျွန်တော့ဖက်က အမြဲရှိနေတဲ့ အကြောင်း ပြသခဲ့ကြပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ကော်စတာ က အသက် ၃၄နှစ် အရွယ်မှာမှ ပရီးမီးယားလိဂ်သို့ တဖန် ပြောင်းရွှေ့လာရခြင်းနဲ့ ပတ်သက်ပြီး ” အခု အသက်အရွယ်မှာမှ ပရီးမီးယားလိဂ်ကို ပြန်လာရလိမ့်မယ်လို့ ကျွန်တော် ဘယ်လိုမှ မထင်ထားခဲ့ပါဘူး ။ ဒါဟာ ကမ္ဘာ့အကောင်းဆုံးလိဂ် ဖြစ်ပါတယ် ။ ”

” ဒီက ပွဲတွေက အမြဲတမ်း အံ့သြဖွယ်ကောင်းပါတယ် ။ အမြဲတမ်း ကွင်းပြည့်ကွင်းလျှံ ရှိပါတယ် ။ ဒါက စိန်ခေါ်မှု အသစ်ပါ ။ မလွယ်မှန်းတော့ ကျွန်တော် သိပါတယ် ။ ဒါပေမယ့် ကျွန်တော် ဒီမှာ အံ့မခန်း အရာ တခုခု လုပ်ပြသွားချင်ပါသေးတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR