အာဆင်နယ် vs လီဗာပူးတို့ ပွဲစဉ်မှာ အံ့ဖွယ်ရလဒ်ကို မြင်ရမယ်လို့ ဆိုခဲ့တဲ့ ခရစ်ဆက်တန်ရဲ့ ပရီးမီးယားလိဂ် ခန့်မှန်းချက်များ

ချဲလ်ဆီး vs ဝုဖ်

ရာသီအစပိုင်းမှာတင် ဘရူနိုလာဂျာကို ထုတ်ပယ်လိုက်တဲ့ ဝုဖ်ရဲ့ ဆုံးဖြတ်ချက်ဟာ အနည်းငယ် ပြင်းထန်လှပါတယ်။ သူတို့ဟာ သွင်းဂိုးပိုင်းမှာ ပြသနာတွေ ရှိနေပါတယ်။ ဒါပေမယ့် တိုက်စစ်ကစားသမားတွေ ဒဏ်ရာရနေချိန်မှာ ဒီလို ဖြစ်နေတာ ကတော့ သူ့ရဲ့ အမှား မဟုတ်ပါဘူး။ ဒီအချိန်မှာ ဝုဖ်ဟာ မန်နေဂျာ မရှိ ဖြစ်နေပါတယ်။ ဒီပွဲမှာ သူတို့ နိုင်လိမ့်မယ်လို့ ကျွန်တော် မမြင်မိပါဘူး။

ချဲလ်ဆီးဟာ ဂရေဟမ်ပေါ်တာရဲ့ လက်အောက်မှာ တဖြည်းဖြည်း အသားကျလာခဲ့ပြီး အူဘာမီယန်း ကလည်း ဂိုးတွေ သွင်းယူနေပါပြီ။ ဒ့ါကြောင့် ချဲလ်ဆီးတို့ ဒီပွဲမှာ သက်တောင်သက်သာနဲ့ နိုင်သွားမယ်လို့ မြင်မိပါတယ်။

ခန့်မှန်းချက် : ၂-၀

မန်စီးတီး vs ဆောက်သမ်တန်
ဆောက်သမ်တန်ဟာ မန်နေဂျာ ဟတ်ဆန်ဟူတယ်ကို ရာထူးကနေ ထုတ်ပယ်လိမ့်မယ်ဆိုတဲ့ ကောလဟာလ သတင်းတွေ ကျယ်ပြန့်စွာ ထွက်ပေါ်နေပါတယ်။ စိန့်ဟာ ပြီးခဲ့တဲ့ ရာသီက မန်စီးတီးနဲ့ အိမ်ကွင်း အဝေးကွင်း သရေကျခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဒီလိုမျိုး မဖြစ်နိုင်တော့ပါဘူး။ ဂွာဒီယိုလာရဲ့ အသင်းဟာ ဂိုးတွေ အများကြီး သွင်းယူနေပါတယ်။ ဒါပေမယ် ပွဲတွေဆက်တိုက် ကစားရမှာ ဖြစ်တာကြောင့် စီးတီးဟာ အနိုင်ရဖို့ သေချာတယ်ဆိုရင် အဓိကလူတွေကို အနားပေးပြီး ကစားအားလျော့သွားမှာပါ။

ဒီအတွက်ကြောင့် မန်စီးတီးတို့ ဂိုးတွေ အများကြီးနဲ့ နိုင်မယ်လို့ ကျွန်တော် မထင်ပါဘူး။ စီးတီးတို့ ၄ ဂိုးလောက် မြန်မြန် သွင်းယူသွားမယ်လို့ ကျွန်တော် မြင်မိပါတယ်။ အဲဒီနောက် လက်ကျန်ပွဲချိန်တွေမှာ အင်အားကို ခြွေတာကစားသွားမှာပါ။

ခန့်မှန်းချက် : ၄-၀

ဘရိုက်တန် vs စပါး
ဘရိုက်တန်ဟာ ဒီအချိန်မှာ အကောင်းဆုံး ကစားနေတာကြောင့် ဒီပွဲစဉ်ဟာ ခန့်မှန်းရ ခက်ခဲပါတယ်။ ထရိုဆန့်ဟာ အန်ဖီးမှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့ပြီး ဒီဇာဘီ ကလည်း ပထမဦးဆုံး ပွဲစဉ်မှာ သူ့ရဲ့ အရည်အသွေးကို ပြသခဲ့ပါတယ်။ စပါးဟာ ဒီအချိန်မှာ ကစားပုံက ကောင်းမွန်ခြင်း မရှိတဲ့ အပြင် ဂိုးသွင်းအားလည်း ကျဆင်းနေပါတယ်။ သူတို့ဟာ တိုက်စစ် အားသန် ကစားနိုင်ပေမယ့် တန်ပြန်တိုက်စစ်ကိုပဲ အဓိက အားပြုနေပါတယ်။ ဒါပေမယ့် ဘရိုက်တန်ရဲ့ တိုက်စစ် အသားပေး ကစားဟန်ဟာ စပါးနဲ့ ဗျူဟာနဲ့ အံ၀င်ခွင်ကျ ဖြစ်နိုင်ပါတယ်။

ခန့်မှန်းချက် : ၁-၁

အာဆင်နယ် vs လီဗာပူး
အာဆင်နယ်တို့ ပြီးခဲ့တဲ့ အပတ်က စပါးကို အနိုင်ယူခဲ့ပုံဟာ တအားကို ကောင်းလှပါတယ်။ ဂန်းနားတို့ဟာ ကစားပုံ ကောင်းနေတဲ့အပြင် ယုံကြည်မှုလည်း ရှိနေပါတယ်။ လက်ရှိ ကျွန်တော့်ရဲ့ အမြင်အရတော့ လီဗာပူးဟာ လမ်းကြောင်းမှန်ပေါ်မှာ မရှိသေးပါဘူး။ ကလော့ရဲ့ အသင်းဟာ ကြားရက်က ရိန်းဂျားနဲ့ ပွဲစဉ်မှာ သက်တောင့်သက်သာ အနိုင်ကစားခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ခံစစ်ပိုင်းဟာ စမ်းသပ်မှု မခံခဲ့ရပါဘူး။ ဆာကာ နဲ့ ဂျီဆု တို့ဟာ အမ်းမရိတ်မှာ လီဗာပူးကို ကောင်းကောင်း အန္တရာယ် ပေးနိုင်မှာပါ။

လီဗာပူးတို့ ဂိုးသွင်းနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် လီဗာပူးဟာ ဒီရာသီ အဝေးကွင်းမှာ ရုန်းကန်နေရတာကြောင့် အာဆင်နယ်ရဲ့ တိုက်စစ်ကို ထိန်းသိမ်းနိုင်လိမ့်မယ်လို့ မထင်မိပါဘူး။ အာဆင်နယ်တို့ ဂိုးပြတ် နိုင်သွားမှာပါ

ခန့်မှန်းချက် : ၄-၁

အဲဗာတန် vs မန်ယူနိုက်တက်
အဲဗာတန်ဟာ ဆောက်သမ်တန်နဲ့ ပွဲစဉ်မှာ အကောင်းဆုံး ပုံစံကို ပြသနိုင်ခဲ့ခြင်း မရှိခဲ့ပေမယ့် အနိုင်ရလဒ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဗာတန်ဟာ ကောင်းမွန်တဲ့ လက္ခဏာတစ်ချို့ကိုတော့ ပြသထားခဲ့ပါတယ်။ သူတို့ဟာ ပေးဂိုးနည်းပါးနေပြီး ဒီရာသီ လိဂ်ပွဲစဉ် ၈ ပွဲမှာ ၇ ဂိုးပဲ ပေးထားရပါတယ်။ သူတို့ဟာ အခွင့်အရေးတွေ အများကြီး မဖန်တီးနိုင်ပေမယ့် ခံစစ်ပိုင်းကြောင့် အမြဲတမ်း ပွဲအတွင်းမှာ ရှိနေမှာပါ။

ယူနိုက်တက်ဟာ မန်ချက်စတာဒါဘီမှာ ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် စီးတီးဟာ ဘယ်အသင်းကို မဆို ဒီလိုမျိုး လုပ်နိုင်စွမ်းရှိပါတယ်။ ယူနိုက်တက်ဟာ တန်းဟတ်ရဲ့ လက်အောက်မှာ တိုးတက်မှု တစ်ချို့ ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ မန်စီးတီးနဲ့ ပွဲမတိုင်မီ သူတို့ ၄ ပွဲဆက် နိုင်လိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့ပါဘူး။ သူတို့ဟာ စီးတီးနဲ့ ပွဲကို ရှုံးနိမ့်ခဲ့ပြီးနောက် အကျပ်အတည်းထဲကို ပြန်ရောက်သွားပြီလို့ ကျွန်တော် မထင်ပါဘူး။ အဲဗာတန်ဟာ အိမ်ကွင်းပရိတ်သတ်အားနဲ့ မန်ယူနိုက်တက်ကို ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်သွားမယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်။ ဒါပေမယ့် သရေတစ်မှတ်စီ ခွဲယူပြီး ကျေနပ်ရလိမ့်မယ်လို့ ထင်မိပါတယ်။

ခန့်မှန်းချက် : ၁-၁

အခြားပွဲစဉ်များ

ဘုန်းမောက် ၁-၂ လက်စတာ
နယူးကာဆယ် ၂-၁ ဘရန့်ဖို့ဒ်
ခရစ်စတယ်ပဲလေ့စ် ၁-၀ လိဒ်
၀က်ဟမ်း ၂-၁ ဖူဟမ်
နော့တင်ဟမ်ဖောရက်စ် ၀-၁ ဗီလာ

SM