ထရိန်နင်မှာ သူ့ကို အံ့အားသင့်စေတဲ့ ချဲလ်ဆီး စတား တဦးရဲ့ အမည်ကို ထုတ်ဖော် ပြောဆိုလိုက်တဲ့ ဇာကာရိုင်းယား

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ Deadline Day မှာ ကစားသမားသစ် ၂ဦး ခေါ်ယူခဲ့ရာ ၊ ထိုအထဲမှာ ယူဗင်တပ်စ် အသင်းကနေ တရာသီ အငှားနဲ့ ရောက်လာတဲ့ ဆွစ်ဇာလန် လက်ရွေးစင် ကွင်းလယ်လူ ဒင်းနစ် ဇာကာရိုင်းယားလည်း တဦး အပါအဝင် ဖြစ်ပါတယ် ။

အသက် ၂၅နှစ် အရွယ်ရှိ ဇာကာရိုင်းယား ဟာ ဒဏ်ရာ မကြာခဏ ရနေတဲ့ ပြင်သစ် လက်ရွေးစင် ဝါရင့် ကွင်းလယ်လူ အန်ဂိုလို ကန်တေနဲ့ ကြံ့ခိုင်မှု ကျလာတဲ့ အီတလီ လက်ရွေးစင် ဝါရင့် ကွင်းလယ်လူ ဂျော်ဂျင်ဟိုတို့ရဲ့ အရန် အဖြစ်နဲ့ ယာယီ ရောက်လာခြင်း ဖြစ်ပါတယ် ။

သို့ပေမယ့် ၎င်းဟာ ပွဲထွက်ခွင့် အစဉ်မှာ နောက်ဆုံးကို ရောက်နေပြီး ၊ အခုထိလည်း တမိနစ်မှ ကစားပေးထားခြင်း မရှိသေးပါဘူး ။ The Athletic နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ဇာကာရိုင်းယား က သူ့လိုပဲ ချဲလ်ဆီးမှာ နေရာ ရဖို့ ရုန်းကန်နေတဲ့ မော်ရိုကို လက်ရွေးစင် တောင်ပံ ကစားသမား ဟာကင် ဇီယက်ချ်ဟာ သူ့ကို ထရိန်နင်မှာ အံ့အားသင့်စေကြောင်း အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

ဇာကာရိုင်းယား က ” ဟာကင် ဇီယက်ချ်လို ဘယ်သန် ကစားသမားမျိုး ကျွန်တော် တခါမှ မမြင်ခဲ့ဖူူးပါဘူး ။ လုံးဝ ရူးလောက်စရာကောင်းပါတယ် ။ နောက်ပြီး အန်ဂိုလို ကန်တေပေါ့ဗျာ ။ သူက အံ့သြဖွယ် ကစားသမား တယောက်ပါ ။ ဒဏ်ရာက ပြန်ကောင်းပြီးနောက် သူ အသင်းနဲ့ ထရိန်နင် နည်းနည်းပါးပါး ဆင်းနေပါပြီ ။ ”

” ကျွန်တော်တို့တွေ အတူတူ လေ့ကျင့်ကြတာကြောင့် ၊ သူ့ရဲ့ အရည်အသွေးကို ကွက်ကွက်ကွင်းကွင်း သိရပါတယ် ။ အန်ဂိုလိုဟာ ကွင်းလယ်လူတိုင်းရဲ့ လေးစားအားကျစရာ ကစားသမား တယောက် ဖြစ်ပါတယ် ။ သူ လုပ်ပြထားတဲ့ အရာတိုင်းက လုံးဝ အံ့သြဖွယ်ပါ ။ သူနဲ့ အတူ တွဲကစားခွင့် ၊ သူ့ဆီကနေ သင်ယူခွင့် ရလို့ ကျွန်တော် အမှန်တကယ် ပျော်ရွှင်မိပါတယ် ။ ”

” သူ့ဆီကနေ သင်ယူလေ့လာလို့ ရတဲ့ မိနစ်တိုင်းကို ကျွန်တော် အကျိုးရှိရှိ အသုံးချသွားမှာပါ ။ ဒါပေမယ့် ဒီမှာက ကစားသမားတိုင်းမှာ အရမ်း အံ့သြဖွယ်ကောင်းတဲ့ အရည်အသွေး ကိုယ်စီ ရှိကြပါတယ် ။ အတူ တွဲလေ့ကျင့်ဖူးတဲ့ အသင်းတွေထဲမှာ ဒီအစုအဖွဲ့က အကောင်းဆုံး စာရင်းဝင်ပါပဲ ။ ”

” ဟုတ်ပါတယ် ။ ယူဗင်တပ်စ်မှာလည်း တကယ် မြင့်မားတဲ့ အရည်အသွေးတွေ ရှိပါတယ် ။ ဒါပေမယ့် ချဲလ်ဆီးဟာ အံ့သြဖွယ်ရာကောင်းတဲ့ အရည်အသွေးမြင့်တဲ့ အသင်း တသင်း ဖြစ်တယ်လို့ ကျွန်တော် ပြောရပါမယ် ။ နောက်ပြီး လေ့ကျင့်ရေး အစီအစဉ်တိုင်းဟာ ခင်ဗျားကို တိုးတက်စေပါတယ် ။ ”

” ကိုယ့်ရဲ့ အရည်အသွေးကို သက်သေပြနိုင်ဖို့ ကျွန်တော် ဒီကို ရောက်လာတာပါ ။ ဒါကြောင့် ဒါက မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်လိမ့်မယ်လို့ ကျွန်တော် ခံစားရတာပါ ။ အရန် ကစားသမား ဖြစ်ရတာက မလွယ်ပါဘူး ။ တခြား အသင်းသားတွေလိုပဲ ကျွန်တော်လည်း ကစားခွင့် ရချင်ပါတယ် ။ ”

” အဆုံးမှာတော့ ခင်ဗျားဟာ အခွင့်အရေး ရတဲ့အခါ ကိုယ့်ကိုယ့်ကို အကောင်းဆုံး သက်သေပြရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဇာကာရိုင်းယား ဟာ နည်းပြဟောင်း သောမတ်စ် တူချယ်ရဲ့ ခေါ်ယူမှု ဖြစ်ပေမယ့် ၊ ယင်းဂျာမန်သားနဲ့ ရက်ပိုင်းသာ အလုပ်တွဲလုပ်ခဲ့ရပြီး ၊ အခုအခါ နည်းပြသစ် ဂရေဟမ် ပေါ်တာ လက်အောက်မှာ လေ့ကျင်နေရပါတယ် ။

ဂရေဟမ် ပေါ်တာနဲ့ ပတ်သက်ပြီးလည်း ဇာကာရိုင်းယား ” နည်းပြသစ်နဲ့ ကျွန်တော် စကားပြောခဲ့ပြီးပါပြီ ။ ဒါပေမယ့် ပထမဆုံး တွေ့ဆုံခဲ့တုန်းက ကျွန်တော် ဘယ်နေရာမှာ ကစားပေးနိုင်မယ် ဆိုတာနဲ့ တယောက် အကြောင်း တယောက် နည်းနည်းပါးပါး သိရုံလောက်ပဲ ပြောခဲ့ကြတာပါ ။ ”

” အဲဒီနောက်ပိုင်းတော့ ကျွန်တော်တို့ စကား ထပ်ပြောဖို့ အချိန်မရခဲ့ပါဘူး ။ ဒါပေမယ့် အနာဂတ် တကွေ့ကွေ့မှာတော့ စကားပြောဖို့ အချိန်ရလာမှာပါ ။ ပထမဆုံး တွေ့ဆုံခဲ့တုန်းက နည်းပြက ကျွန်တော့ရဲ့ ကစားပုံ စတိုင်လ်ကို ကြိုက်တယ်လို့ ပြောခဲ့ပါတယ် ။ ထရိန်နင်မှာ သူဟာ ကစားသမားတိုင်းကို တွန်းအားပေးတာကြောင့် ၊ ဒါက အပေါင်းလက္ခဏာ ဆောင်ပါတယ် ။ ”

” ကမ္ဘာ့ဖလား မတိုင်ခင် ကျွန်တော်တို့ ကစားရမယ့်ပွဲ အများကြီး ရှိပါတယ် ။ အသင်းသားတိုင်း အခွင့်အရေး ရလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ အခွင့်အရေး ရတဲ့အခါ ပိုင်ပိုင်နိုင်နိုင် အသုံးချပြီး ကောင်းကောင်း ကစားပြနိုင်ဖို့သာ လိုတာပါ ။ လောလောဆယ်တော့ အသင်းမှာ နေရာ တနေရာရဖို့ ကျွန်တော် ပြင်းပြင်းထန်ထန် ကြိုးစားနေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR