အဲဗာတန်နဲ့ ပွဲစဉ်မှာ ယူနိုက်တက် ကစားသမား ၂ ဦးကို ချန်လှပ်ပစ်ရန် တန်းဟတ်ကို တိုက်တွန်းလိုက်တဲ့ ပေါလ်စခိုးလ်

ပေါလ်စခိုးလ်က လာမည့် တနင်္ဂနွေနေ့ အဲဗာတန်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ခရစ်စတီယာနိုရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းမှာ မားကပ်ရပ်ဖို့ဒ် ၊ အန်သိုနီမာစီရယ် တို့နဲ့အတူ ပွဲထွက်ခွင့် ရသင့်တယ်လို့ ပြောလိုက်ပါတယ်။ ရော်နယ်ဒိုဟာ မနေ့ညက အိုမိုနီးယားနီကိုရှားကို ၃-၂ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ယူနိုက်တက် အတွက် မိနစ် ၉၀ ပြည့် ကစားသွားခဲ့ပေမယ့် ဂိုးရှေ့မှာတော့ ရုန်းကန် နေခဲ့ရပါတယ်။

မန်ယူနိုက်တက်ဟာ ပထမပိုင်းမှာ ၁-၀ နဲ့ ရှုံးနေခဲ့ပေမယ့်လည်း လူစား၀င် ကစားသမားတွေ ဖြစ်ကြတဲ့ မားကပ်ရပ်ဖို့ဒ် (၂ ဂိုး) နဲ့ မာစီရယ် တို့ရဲ့ ဂိုးတွေနဲ့ အတူ ဆိုက်ပရပ်မှာ အနိုင်ရရှိခဲ့ပါတယ်။ စခိုးလ်က အန်သိုနီ နဲ့ ဂျေဒွန်ဆန်ချို တို့ဟာ အိုမိုနီးယားနဲ့ ပွဲမှာ ခြေစွမ်း မပြနိုင်ခဲ့ကြတာကြောင့် ရော်နယ်ဒို မာစီရယ် နဲ့ ရပ်ဖို့ဒ် တို့ဟာ အဲဗာတန်နဲ့ ပွဲစဉ်မှာ ပွဲထွက်ကစားခွင့် ရသင့်တယ်လို့ ယုံကြည်နေပါတယ်။

အဲဗာတန်နဲ့ ပွဲစဉ်မှာ ရော်နယ်ဒို အနေနဲ့ ပွဲထွက် ကစားခွင့် ရနိုင်မယ်လို့ ထင်သလားဆိုတဲ့ မေးခွန်းကို စခိုးလ်က “ကျွန်တော်ကတော့ ရော်နယ်ဒို တနင်္ဂနွေနေ့မှာ ပွဲထွက်ခွင့် ရမယ်လို့ မြင်မိပါတယ်။ အိုမိုနီးယားနဲ့ ပွဲစဉ်မှာ လူစား၀င် ကစားသမား ၂ ဦး ဖြစ်တဲ့ ရပ်ဖို့ဒ် နဲ့ မာစီရယ် တို့ဟာ ရော်နယ်ဒိုနဲ့ အတူ တိုက်စစ်မှာ အကောင်းဆုံး တွဲဖက် ကစားသွားခဲ့တာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။

ခရစ်စတီယာနို အတွက် ကစားခွင့် ရနိုင်မယ့် ပွဲစဉ် အများအပြားတော့ မရှိပါဘူး။ ဒါပေမယ့် အဲဗာတန်နဲ့ ပွဲစဉ် ကတော့ ဒီပွဲစဉ်တွေထဲက တစ်ခု ဖြစ်နိုင်ပါတယ်။ ဂွတ်ဒီဆင်ပက်ဟာ ကြီးမားတဲ့ ကွင်းမဟုတ်ပါဘူး။ သူ့အနေနဲ့ နေရာစုံ ပြေးလွှားနေဖို့ မလိုအပ်ပါဘူး။ channels တွေကြားမှာသာ အလုပ်လုပ်သွားရမှာပါ။ ရပ်ဖို့ဒ် နဲ့ မာစီရယ် တို့လို တောင်ပံတိုက်စစ် ကစားသမား ၂ ဦးဟာ လက်ရှိမှာ သွင်းဂိုးတွေ ရနေပါတယ်။

ဒီနေ့မှာ ပွဲထွက် ကစားခွင့်ရခဲ့တဲ့ ကောင်လေး ၂ ဦး ဖြစ်တဲ့ ဆန်ချို နဲ့ အန်သိုနီ တို့ထက် စာရင် မာစီရယ် နဲ့ ရပ်ဖို့ဒ် တို့ အတွဲက ပိုပြီး အန္တရာယ် ပေးနိုင်တယ်လို့ ထင်ပါတယ်။ ရပ်ဖို့ဒ် နဲ့ မာစီရယ် တို့ဟာ ပြိုင်ဘက်ကို ပိုမို ခြိမ်းခြောက်နိုင်တဲ့ အရည်အသွေး ပိုရှိတယ်လို့ ကျွန်တော် မြင်မိပါတယ်။ သူတို့ဟာ ခန့်မှန်းရ ခက်ခဲပြီး လျှင်မြန်တဲ့သူတွေ ဖြစ်ကာ နောက်ခံလူတွေ အနေနဲ့ သူတို့နဲ့ ရင်ဆိုင်ရမှာကို ကြောက်ရွံ့နေမှာပါ။

ခရစ်စတီယာနိုဟာ ဒီညမှာ အခွင့်အရေးတွေ အများကြီး ရခဲ့ပါတယ်။ ဒါပေမယ့် သူ အသုံးမချနိုင်ခဲ့ပါဘူး။ ဒါဟာ သူ့ရဲ့ ညတော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ခရစ်စတီယာနို အတွက် ဒါမျိုးဟာ အကြာကြီး ဖြစ်နေမှာ မဟုတ်ပါဘူး။ လာမည့် တနင်္ဂနွေနေ့မှာ သူ အခွင့်အရေး ရလာတဲ့အခါ ဂိုးသွင်းနိုင်မှာပါ။” လို့ ပြောလိုက်ပါတယ်။

SM