အာဆင်နယ် Vs လီဗာပူး ပွဲမှာ ဘယ်အသင်း ဂိုးပြတ် အနိုင်ရသွားမလဲ ဆိုတာ ခန့်မှန်းလိုက်တဲ့ ဂါးလက်စ်

ဝီလီယံဂါးလက်စ် က လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် အာဆင်နယ် အသင်း နဲ့ လီဗာပူး အသင်းပွဲကို ကြိုတင် ခန့်မှန်း သုံးသပ် သွားခဲ့ပါတယ် ။ အာဆင်နယ် နဲ့ လီဗာပူး နှစ်သင်းဟာ ဒီရာသီမှာ ရလဒ်ပိုင်း ဆန့်ကျင်ဘက် ဖြစ်နေတဲ့ အသင်း နှစ်သင်းပါ ။ အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် ၈ ပွဲမှာ ၇ ပွဲ နိုင်ပြီး အမှတ်ပေး ဇယား ထိပ်ဆုံးမှာ ရပ်တည် နေပါတယ် ။

မနှစ်က ဖလားလေးလုံး လမ်းကြောင်းပေါ်မှာ ရှိခဲ့ပြီး အက်ဖ်အေဖလားနှင့် ခါရာဘောင်းဖလား ရခဲ့တဲ့လီဗာပူး အသင်းကတော့ ဒီရာသီမှာ အံ့အားသင့်ဖို့ ကောင်းလောက်အောင် ရလဒ်တွေ ဆိုးရွားနေပြီး နိုင်ပွဲ ၂ ပွဲ ပဲ ရထားကာ အမှတ်ပေး ဇယား အဆင့် ၉ အထိ ရောက်နေပါတယ် ။

အာဆင်နယ် ၊ စပါး နဲ့ ချဲလ်ဆီး သုံးသင်းစလုံးမှာ ကစားခဲ့ဖူးတဲ့ ဂါးလက်စ် က Genting Casino မှာ အာဆင်နယ် Vs လီဗာပူး ပွဲအပေါ် ” ကျွန်တော့် ခန့်မှန်းချက်တွေက ပိုကောင်း ပိုမှန်လာတယ်ဆိုတာ ခင်ဗျားတို့လည်း သိကြမှာပါ ။ ကျွန်တော်ကတော့ အာဆင်နယ် အသင်း အနိုင်ရမယ်လို့ ဆိုချင်ပါတယ် ၊ အာဆင်နယ် အသင်း ၃-၁ နဲ့ နိုင်မယ်လို့ ထင်ပါတယ် ၊ နှစ်သင်းစလုံး ဖွင့်ကစားကြမယ့် ပွဲပါ ။ ”

” အာဆင်နယ်ရေ ငါ့ကို စိတ်ပျက်အောင်တော့ မလုပ်ပါနဲ့ကွာ ၊ လီဗာပူး အရင်ခြေစွမ်းပြန်မရသေးတာကို သူတို့ အခွင့်ကောင်း ယူရမှာပါ ၊ အမ်းမရိတ်ကွင်းမှာ အာဆင်နယ် အသင်းသာ လီဗာပူး ကို အနိုင် မကစားနိုင်ရင် အကြီးအကျယ် စိတ်ပျက်စရာလို့ ကျွန်တော်ကတော့ ထင်ပါတယ် ။ အထူးသဖြင့် တော့တင်ဟမ် ကို အနိုင်ရထားတဲ့ အချိန်မှာပေါ့ဗျာ ။ ”

” ဒီရာသီ လီဗာပူးအသင်းရဲ့ စွမ်းဆောင်ရည်ကို ကြည့်ကြည့်ပါ ၊ ပြီးခဲ့တဲ့ တစ်ပတ် ဘရိုက်တန် နဲ့ ပွဲကိုပဲ ကြည့်ရုံနဲ့ သိနိုင်ပါတယ် ၊ သူတို့ကို အနိုင်ယူဖို့က အခု အချိန်မှာ အကောင်းဆုံးပါပဲ ၊ လီဗာပူး က ဒီရာသီ ရုန်းကန် နေရပါတယ် ။ ”

” ဘရိုက်တန် နဲ့ ပွဲက သူတို့ရဲ့ စွမ်းဆောင်ရည် အပေါ် မအံ့ဩ မိပါဘူး ၊ ဘာကြောင့်လဲဆိုတော့ ဒီရာသီမှာ လီဗာပူး က အရင်ကနဲ့ မတူတော့တဲ့ အခြေအနေမျိုး ဖြစ်နေတာကြောင့်ပါ ၊ ဒီရာသီမှာ မာနေး မရှိတော့ သူတို့ အသင်းက အတော်လေး အားနည်း သွားစေပါတယ် ၊ ခံစစ် ကစားပုံလည်း အတော်လေး ဆိုးရွား နေတာပါ ။ ”

” အာနိုး လည်း ရုန်းကန် နေရပါတယ် ၊ လီဗာပူး အသင်းရဲ့ ပြဿနာက ပေးလိုက်ရတဲ့ဂိုးတိုင်းက အာနိုး ဘက်ကချည်း ဖြစ်နေတာပါပဲ ။ သူက အရမ်းရှေ့တက် ကစားလွန်းနေပါတယ် ၊ သူက တိုက်စစ် လိုက်ပါမှု အားကောင်းပါတယ် ၊ ဖြတ်တင်ဘောတွေ ကောင်းသလို အခွင့်အရေးတွေလည်း ဖန်တီး ပေးနိုင်ပါတယ် ၊ ဒါပေမယ့် ခံစစ် ကစားရချိန်မှာတော့ သူ အတော် အားနည်းပါတယ် ။ ”

” သူ့ရဲ့ စွမ်းဆောင်ရည်အပေါ် ကျွန်တော် မအံ့ဩပါဘူး ၊ ပြီးခဲ့တဲ့နှစ်တွေ တုန်းက သူက တိုက်စစ်လိုက်ပါချိန်မှာ ဂိုးဖန်တီးမှုတွေ ရနေတာကြောင့် လူတွေက သူ့အားနည်းချက်ကို သိပ်မမြင် ဖြစ်နေခဲ့တာပါ ၊ သူ ဦးစားပေး အလုပ်က ခံစစ် မှာ တာဝန်ကျေဖို့ပါ ၊ သူ့ရဲ့ အမှားကြောင့် ပေးလိုက်ရတဲ့ဂိုးက ဘယ်လောက်တောင် ရှိနေပြီလဲ ၊ ပွဲတွေ နိုင်နေရင်တော့ ဘယ်သူမှ သူ့အမှားကို ​ပြောကြမှာ မဟုတ်ပါဘူး ။ ”

” လီဗာပူး က အရမ်းကောင်းခဲ့ပြီး ဖလားတွေ အောင်မြင်မှုတွေ နိုင်ပွဲတွေ ရခဲ့ပါတယ် ၊ သူ့ရဲ့ဂိုးဖန်တီးမှု အရေအတွက်ကလည်း အံ့မခန်း ပါပဲ ၊ ဒါပေမယ့် သူ့ရဲ့ အမှားတွေက အဲ့အချိန်ကတည်းက ရှိနေတာပါ ၊ အခု အချိန်က အာဆင်နယ် အတွက် လီဗာပူး နဲ့ ကစားဖို့ အချိန်ကောင်းပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM