အာဆင်နယ် – လီဗာပူး အပါအဝင် ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ အတွက် ပေါလ်မာဆန် ရဲ့ ခန့်မှန်းချက်များ

ပရီးမီးယားလိဂ် ရဲ့ ရာသီသစ် ကတော့ ပထမဆုံး ဆယ်ဂဏန်းမြောက် ပွဲစဉ်ကို ရောက်ရှိ လာခဲ့ပါပြီ ။

ဒီတပတ် မှာတော့ အဆင့် ၁ က အာဆင်နယ် နဲ့ လီဗာပူး တို့ ကစားမယ့်ပွဲ ၊ ဂူဒီဆင်ပါ့ခ် က အဲဗာတန် နဲ့ မန်ယူနိုက်တက် ၊ အဆင့် ၄ က ဘရိုက်တန် နဲ့ အဆင့် ၃ က စပါးတို့ရဲ့ ပွဲတွေက ပရိသတ်တွေကို စိတ်ဝင်စား စေမှာပါ ။

အာလင်းဟာလန်း ဘယ်နှဂိုး သွင်းမလဲဆိုတာလည်း အပတ်စဉ် ခန့်မှန်းရတဲ့ မေးခွန်းတခု ဖြစ်လာပါပြီ ။

ဒါကြောင့် ဒီတပတ်ကစားမယ့် ပရီးမီးယားလိဂ် ပွဲတွေ အတွက် ပေါလ်မာဆန် ရဲ့ ခန့်မှန်းချက်တွေကို လေ့လာ ကြည့်လိုက်ကြရအောင် . . . . .

၁ ။ မန်ချက်စတာ စီးတီး – ဆောက်သမ်တန်

ဘယ်နှဂိုး ကြိုက်လဲလို့ မေးရမှာပါ ။ ကျွန်တော် ကတော့ ၄-၀ ပါပဲ ။ ချန်ပီယံလိဂ် တုန်းက ၄၅ မိနစ် အနားရခဲ့တာက အာလင်း ဟာလန်း အတွက် လုံလောက်တဲ့ အားဖြည့်မှု ဖြစ်စေမှာပါ ။

အရှိန်ဟုန်းဟုန်း တောက်လောင် နေတဲ့ ဒီဂိုးမီးတောက်ကို ဘယ်အရာကမှ လက်ရှိမှာ ငြိမ်းသတ်နိုင်မှာ မဟုတ်ပါဘူး ။

ဟတ်ဆန်ဟော့ ရဲ့ ဆောက်သမ်တန် က လေးစားစရာ ကစားပုံ ရှိပါတယ် ။ ဒါပေမယ့် လေးစားတာက ၃ မှတ် နဲ့ အချိုးမကျပါဘူး ။

ကမ္ဘာ့အကောင်းဆုံး ဖြစ်ချင်တဲ့ ဟာလန်း ၊ ဂိုးစံချိန်တွေကို ချိုးဖျက်ဖို့ စိတ်ဆန္ဒပြင်းပြ နေတဲ့ ဟာလန်း ကြောင့်ပဲ အခုပွဲက ထိန်းမနိုင် သိမ်းမနိုင်တွေ ထပ်မြင်ရဦးမှာပါ ။

ခန့်မှန်းချက် – မန်စီးတီး ၄ – ၀ ဆောက်သမ်တန်

၂ ။ ချဲလ်ဆီး – ဝုဗ်

ချဲလ်ဆီး က ပေါ်တာ စိတ်တိုင်းကျ မဖြစ်သေးပါဘူး ။ ချန်ပီယံလိဂ် မှာ သူတို့ နိုင်ခဲ့တာက အေစီမီလန် အစစ်မဟုတ်ပါဘူး ။ ဒါပေမယ့် အနိုင်က အနိုင်ပါပဲ ။

အော်ဘားမီးယန်း က အသင်းသစ် မှာ စပြီး နေရာယူလာပါပြီ ၊ အခုပွဲလည်း သူ့ကို ဟာဗက် ၊ မောင့် တို့ထက် ပိုအားကိုးရမှာပါ ။ ဝုဗ် က နည်းပြသစ် မရသေးဘဲ ဖွဲ့စည်းပုံ ပျက်နေမှာပါ ။ ချဲလ်ဆီး တို့ နိုင်ဖို့ သေချာသလောက် ရှိပါတယ် ။ ဂိုးတော့ အများကြီး မရလောက်ပါဘူး ။ ကော်စတာ ရဲ့ အိမ်ပြန်ခရီးကတော့ မုဒိတာပွားစရာ ဖြစ်လာမှာပါ ။

ခန့်မှန်းချက် – ချဲလ်ဆီး ၂ – ၀ ဝုဗ်

၃ ။ ဘရိုက်တန် – တော့တင်ဟမ် ဟော့စပါး

အာဆင်နယ် ကို ရှုံးတယ် ၊ ဖရန့်ဖတ် နဲ့ ဂိုးမရှိ သရေကျတယ် ၊ စပါး ရဲ့ လက်ရှိ ပုံစံက မကောင်းတဲ့ ဘက်မှာ တည်ငြိမ်နေပါတယ် ။ အခု သူတို့ ရင်ဆိုင်ရမယ့် ဘရိုက်တန် က သူတို့ထက် ပုံစံပိုမှန်နေတဲ့ အသင်းပါ ။

ဒီရာသီမှာ ကူလူဆက်ဗ်စကီး ကို သိပ်မသုံးတာ စပါးကို အားနည်းစေတာပါပဲ ။ သူ ကွင်းထဲမှာ ရှိနေရင် စပါးတို့ ကစားပုံ ပိုကောင်းပါတယ် ။ ရစ်ချလီဆင် လည်း ကောင်းပေမယ့် ကူလူဆက်ဗ်စကီး နဲ့ စဖွင့် ၊ ပြိုင်ဘက်တွေ ပန်းမှ ရစ်ချလီဆင် ကို ပြေးခိုင်းတာက ပိုပြီး ထိရောက်နိုင်မယ်လို့ ထင်ပါတယ် ။

ဒီပွဲမှာ တည်ငြိမ်တဲ့ ဘရိုက်တန် ရဲ့ ကစားပုံကို စပါး ဘယ်လို ရင်ဆိုင်မလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ် ။ ကွန်တီ မှာ ခံစစ်နဲ့ ပတ်သက်ပြီး ၊ တိုက်စစ်မှာ ဘယ်သူတွေကို မှန်မှန်ကန်ကန် သုံးရမယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး ပြဿနာ နည်းနည်း ရှိနေတယ်လို့လည်း ထင်ပါတယ် ။

ပုံစံ မှန်နေတဲ့ အသင်း နဲ့ မသေချာမရေရာတဲ့ အသင်းတို့ ကစားတဲ့ပွဲမှာ ဘာကြောင့် ကျွန်တော် က အိမ်ရှင် ကို အလေးမပေးဘဲ နေရမှာလဲဗျာ ။

ခန့်မှန်းချက် – ဘရိုက်တန် ၂ – ၀ စပါး

၄ ။ အာဆင်နယ် – လီဗာပူး

ဒီတပွဲက တော့တင်ဟမ် နဲ့ ကစားရတာထက် ပိုခက်မှာပါ ။ ဘာလို့လည်း ဆိုတော့ ဒါဘီပွဲ မဟုတ်လို့ ပါပဲ ။ တကယ်လို့ ဒီပွဲကို အာဆင်နယ် နိုင်မယ် ၊ ကမ္ဘာ့ဖလား မတိုင်ခင် အထိ မန်စီးတီး နဲ့ ဒီလိုပုံစံ ( အထက်အောက် အမှတ်အနည်းငယ် ) နဲ့ ဆက်ရှိနေမယ်ဆိုရင်တော့ သူတို့ကို ဒီနှစ် ပရီးမီးယားလိဂ် အတွက် ချန်ပီယံလောင်း တသင်းအဖြစ် သတ်မှတ်ရတော့မှာပါပဲ ။

ဒီလို ဖြစ်ဖို့ဆိုရင် လက်ရှိ အားကိုးရတဲ့ ကစားသမားတွေကို ကြံ့ခိုင်မှု ပြည့်အောင် လုပ်ပေးထားဖို့ လိုပါမယ် ။ အသင်းမှာ အာတီတာ အပေါ် ယုံကြည်မှု ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေက မေးခွန်းထုတ်စရာ မလိုအောင် အဆင်ပြေ ကောင်းမွန်နေပါပြီ ။

လီဗာပူး က ချန်ပီယံလိဂ် မှာ ရိန်းဂျားစ် ကို နိုင်ထားပါတယ် ။ သက်တောင့်သက်သာ ပါပဲ ။ ဒါပေမယ့် အာဆင်နယ် က ရိန်းဂျားစ် မဟုတ်သလို လီဗာပူး ရဲ့ ပုံစံမတည်ငြိမ်မှု ကလည်း အခုပွဲကို အာဆင်နယ် ဘက် အလေးပေးဖို့ တွန်းအားပေး နေသလိုပါပဲ ။

အာဆင်နယ် ကို ပိုကြိုက်မိပါတယ် ၊ ဒါပေမယ့် စပါးနဲ့ ပွဲကလောက် မသေချာပါဘူး ။ သရေဖြစ်ရင်ဖြစ် မဖြစ်ရင် အာဆင်နယ် နိုင်ချေများပါတယ် ။

ခန့်မှန်းချက် – အာဆင်နယ် ၂ – ၁ လီဗာပူး

၅ ။ အဲဗာတန် – မန်ချက်စတာ ယူနိုက်တက်

အဲဗာတန် ပုံစံပြန်မှန် လာပါပြီ ။ ဖရန့် လမ်းပတ် ပုံသွင်းနေတဲ့ အတိုင်း တဖြည်းဖြည်း ရုပ်လုံးပေါ်လာပြီလို့ ပြောရမှာပါ ။ ဒါကြောင့် ဒီတပွဲသူတို့ မန်ချက်စတာ ယူနိုက်တက် ဆီက အမှတ်ခွဲယူ နိုင်မယ်လို့ ထင်မိတာပါ ။

ယူနိုက်တက် အတွက် မေးချင်တာက ရိုနယ်ဒို ကို အခုပွဲမှာ တန်ဟတ် အခွင့်အရေး ထပ်ပေးဦးမလား ဆိုတာပါ ။ ကျွန်တော် ကတော့ မထင်ပါဘူး ။ မန်စီးတီး နဲ့ ပွဲတုန်းက ရိုနယ်ဒို ရဲ့ ဂုဏ်ကို ငဲ့ပြီး လူစားလဲ မထည့်ခဲ့တာလို့ တန်ဟတ် ပြောပါတယ် ၊ ဒါပေမယ့် ကျွန်တော် ကတော့ ဂုဏ်သိက္ခာဟာ တန်ဟတ် ပထမဦးစားပေး စဉ်းစားတဲ့ အရာ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ် ။

အခုပွဲလည်း ရိုနယ်ဒို အရန်ခုံမှာပဲ ရှိနေမှာပါ ။ ဒါပေမယ့် ဒါက ရလဒ်ကို ဘယ်လိုမှ ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး ။

ခန့်မှန်းချက် – အဲဗာတန် ၁ – ၁ မန်ချက်စတာ ယူနိုက်တက်

အခြားပွဲစဉ် ခန့်မှန်းချက်များ –

၆ ။ နယူးကာဆယ် ၂ – ၁ ဘရန့်ဖိုဒ့်

၇ ။ ဘုန်းမောက် ၁ – ၃ လက်စတာ စီးတီး

၈ ။ ဝက်စ်ဟမ်း ၂ – ၀ ဖူလ်ဟမ်

၉ ။ ခရစ္စတယ် ပဲလေ့စ် ၂ – ၀ လိဒ်

၁၀ ။ နော်တင်ဟမ် ဖောရက်စ် ၁ – ၂ အက်စတွန် ဗီလာ

 

SPORTS MYANMAR