အာဆင်နယ် ပရိသတ်တွေရဲ့အားပေးပုံ နဲ့ မန်စီးတီး ပရိသတ်တွေရဲ့အားပေးပုံ ဘယ်လို ကွာခြားသလဲ ပြောပြလိုက်တဲ့ ဂျေးဇု

ဂါဘရီယဲလ် ဂျေးဇု က အာဆင်နယ် ပရိသတ်တွေရဲ့ အားပေးပုံ ဟာ မန်စီးတီး ပရိသတ်တွေ နဲ့ အတော်လေး ကွာခြားမှု ရှိတယ်လို့ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ရီယို ဖာဒီနန် နဲ့ အင်တာဗျူးမှာ ပြောကြား သွားခဲ့ပါတယ် ။

ဂျေးဇု ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ မန်စီးတီး အသင်း ကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်း နဲ့ ရောက်ရှိ လာခဲ့သူ ဖြစ်ပါတယ် ။ ဂျေးဇု ဟာ ရာသီကြို ခြေစမ်းပွဲမှာကတည်းက အာဆင်နယ် အတွက် ၅ ပွဲ ကစား ၇ ဂိုးသွင်း ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ် ။

ဘရာဇီး လက်ရွေးစင် ဂျေးဇု ဟာ ရာသီသစ် စတင်ချိန်မှာလည်း အာဆင်နယ် အတွက် ပရီးမီးယားလိဂ် ၈ ပွဲဆက် ပွဲထွက် ကစားထားပြီး ၅ ဂိုးသွင်း ၊ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ် ထားနိုင်ပါတယ် ။ ဂျေးဇု ဟာ မန်စီးတီး အသင်းမှာ super sub သာ ဖြစ်ခဲ့ပေမယ့် အာဆင်နယ် မှာတော့ တိုက်စစ်ကို ဦးဆောင်ရတဲ့ အဓိက ကစားသမား ဖြစ်လို့ နေခဲ့ပါပြီ ။

ဂျေးဇုက ဖာဒီနန် နဲ့ ပြုလုပ်ခဲ့တဲ့ BT Sport အင်တာဗျူး အစီအစဉ်မှာ ” အာဆင်နယ် နဲ့ စာချုပ် လက်မှတ် ရေးထိုးခဲ့တဲ့ ပထမဆုံး နေ့မှာ ကျွန်တော် ဘရာဇီး စားသောက်ဆိုင် တစ်ဆိုင်ဆီ သွားခဲ့ပါတယ် ။ ကျွန်တော် ကားပေါ် မှာ စောင့်ဆိုင်းနေတဲ့ အချိန် အာဆင်နယ်ပရိသတ်တွေ ရောက်လာပြီး အသင်းကနေ ကြိုဆိုကြောင်း ပြောကြပါတယ် ။ ”

” မန်စီးတီး မှာတုန်းကနဲ့ လုံးဝ ကွဲပြား ခြားနားတာ အမှန်ပါပဲ ၊ စီးတီး က ပြီးခဲ့တဲ့ ၁၀ နှစ် ၁၅ နှစ်အတွင်းမှာမှ လိဂ်ပြိုင်ပွဲမှာ လွှမ်းမိုးမှုတွေ အများကြီး လုပ်လာ နိုင်ခဲ့တာပါ ။ အာဆင်နယ် က အဲ့အချိန်မတိုင်ခင် ကတည်းက လွှမ်းမိုးမှု ရှိတဲ့ အသင်းကြီး တစ်သင်း ဖြစ်နေပါပြီ ၊ ဘယ်လို ကွဲပြားခြားနား သလဲဆိုတာ ခင်ဗျားလည်း သိမှာပါဗျာ ။ ”

” သူတို့ရဲ့ကြိုဆိုမှုက နွေးထွေးတယ်လို့ ခံစားမိခဲ့ပါတယ် ၊ အာဆင်နယ် ပရိသတ်တွေက အဆုံးထိ အားပေးကြမယ့်သူတွေပါ ၊ သူတို့ရဲ့ အားပေးမှုက ကျွန်တော့်ကို ယုံကြည်မှုတွေ ပိုရှိစေပါတယ် ၊ စီးတီး ပရိသတ်တွေကြောင့်လည်း ကျွန်တော် ပျော်ရွှင်ရပါတယ် ၊ ဒါပေမယ့် မတူတာကတော့ မတူတာပါပဲဗျာ ။ ”

ဆက်လက်ပြီး ဖာဒီနန် က ကိုယ့်ကိုယ်ကို နံပါတ် ၉ အဖြစ် မြင်သလား နေရာစုံ ကစားတဲ့ တိုက်စစ် ကစားသမား အဖြစ် မြင်သလား လို့ မေးမြန်းခဲ့ရာ ဂျေးဇု က ” မေးခွန်းကောင်း တစ်ခုပါ ၊ ဒါပေမယ့် ခင်ဗျား မေးခွန်းကို ကျွန်တော် တိတိပပ ပြန်မဖြေနိုင်ပါဘူး ၊ ကျွန်တော်က ဂိုးတွေ သွင်းချင်သူပါ ။ ”

” ဂိုးတွေ သွင်းချင်တယ်ဆိုရင် ကျွန်တော် ပြိုင်ဘက် ဂိုးဧရိယာထဲရောက်နေဖို့ လိုပါတယ် ၊ ပြိုင်ဘက် ဂိုးဧရိယာထဲရောက်နေရင် အနောက်ကို အများကြီး ဆင်းမကစား နိုင်ပါဘူး ၊ဘာကြောင့်လဲဆိုတော့ အနောက်ကို ဆင်းတာ တအားများသွားရင် ဂိုးဧရိယာထဲ အချိန်ကိုက် မရောက်တော့တာမျိုး ဒါမှမဟုတ် ရောက်ချိန်မှာ ပါဝါ ကုန်သွားတာမျိုး ဖြစ်နိုင်ပါတယ် ။ ”

” ဒါပေမယ့် တစ်ခါတစ်ရံမှာ တခြား အသင်းဖော်တွေ အတွက် ကျွန်တော် ဖန်တီးမှုတွေ လုပ်နိုင်ပါတယ် ။ ကျွန်တော် က ဒီဘရိုင်းနား မဟုတ်ပါဘူး ၊ အော်ဒီဂတ်လည်း မဟုတ်ပါဘူး ၊ ရှာကာလည်း မဟုတ်ပါဘူး ၊ ဒါပေမယ့် နောက်ပြန်ဆင်းပီး အသင်းကို ကူညီ ပေးနိုင်သူပါ ။ မန်နေဂျာ ရဲ့ဆုံးဖြတ်ချက် အပေါ် မူတည်ပြီး ကွဲပြား သွားတာပါ ပဲ ။ စီးတီးမှာတုန်းက တစ်ခါတစ်လေ အနောက်မှာ ကစားရပါတယ် ၊ အခုတော့ ကျွန်တော် ပုံမှန် ကစားခွင့်လည်း ရနေသလို လွတ်လွတ်လပ်လပ်လည်း ကစားနေရပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM