သူ့အသင်းဟောင်း အေစီမီလန်ကို ဂိုးပြတ်နိုင်ခဲ့တဲ့ ချဲလ်ဆီးရဲ့ ခြေစွမ်း အပေါ် သုံးသပ်လိုက်တဲ့ ကာကာ

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲ တပွဲမှာ ချဲလ်ဆီး အသင်းဟာ အေစီမီလန် အသင်းကို ၃ဂိုးပြတ် အနိုင်ရခဲ့တာကြောင့် ၊ ဒီရာသီ ပထမဆုံး အုပ်စုတွင်း နိုင်ပွဲ ရှာနိုင်ခဲ့ပါတယ် ။ ဒါဟာ ယခုနှစ် ရာသီ ချဲလ်ဆီးရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်လို့ သတ်မှတ်ရနိုင်ပါတယ် ။

အေစီမီလန်ဖက်ကတော့ လူမစုံခဲ့တာ မှန်ပေမယ့် ၊ ချန်ပီယံလိဂ် ပွဲတပွဲ အသွင်မျိုးနဲ့ မကစားနိုင်ခဲ့သလို ၊ ကစားသမား အများစုရဲ့ ခံယူချက်က အားနည်းနေခဲ့ပါတယ် ။ ချဲလ်ဆီးကတော့ ဒီနိုင်ပွဲကြောင့် ယုံကြည်မှု အချို့ ထပ်ရခဲ့ပြီး ၊ အုပ်စုကနေ ကျော်လွန်ဖို့ အလားအလာ ရှင်သန်ခဲ့ပြီ ဖြစ်ပါတယ် ။

beIN Sport နဲ့ တွေ့ဆုံခဲ့ရာမှာ အေစီမီလန် ကွင်းလယ်လူဟောင်း ရီကာဒို ကာကာက ချဲလ်ဆီးဟာ အခွင့်အရေး အများကြီး မဖန်တီးနိုင်ခဲ့ပေမယ့် ၊ အဆုံးသတ်ပုံ ကောင်းခဲ့ကြောင်း ချီးကျူးရင်း ၊ အေစီမီလန်ရဲ့ တိုက်စစ်နဲ့ ကွင်းလယ် ဟန်ချက်ပျက်နေပုံကို အခုလိုပဲ ဝေဖန်သွားခဲ့ပါတယ် ။

ကာကာ က ” ချဲလ်ဆီးက ဒီရလဒ်နဲ့ ထိုက်တန်ပါတယ် ။ သူတို့ဟာ ပွဲကို တည်တည်ငြိမ်ငြိမ်နဲ့ တချိန်လုံး ကစားနိုင်ခဲ့ပါတယ် ။ အခွင့်အရေး အများကြီး မဖန်တီးနိုင်ခဲ့ပေမယ့် ၊ ရတဲ့ အခွင့်အရေးတွေကို ကောင်းကောင်း အသုံးချသွားခဲ့ပါတယ် ။ မီလန်က ပေးခဲ့ရတဲ့ အခွင့်အရေးတွေမှာ အများစုက ကစားသမားတွေရဲ့ အမှားကြောင့် ဖြစ်ပါတယ် ။ ”

” အရေးပါတဲ့ ကစားသမား တချို့ကို ဆုံးရှုံးလိုက်ရတာ မီလန် အတွက် နစ်နာခဲ့ပေမယ့် ၊ သူတို့ဟာ တပွဲလုံးကို ညံ့ဖျင်းခဲ့တာပါ ။ အပြုသဘောဆောင်တဲ့ လှုပ်ရှားမှု ဘာတခုမှ မရှိခဲ့သလို ၊ ဆိုးရွားတဲ့ ရလဒ် အပြင် ၊ ပထမပိုင်း ပြီးခါနီးမှာ ရာဖေးလ် လီယောင်ကြောင့် ရခဲ့တဲ့ အခွင့်အရေး တခုပဲ သူတို့ လုပ်နိုင်ခဲ့ပါတယ် ။ ”

” ကျွန်တော့ အမြင်မှာ သူတို့ရဲ့ ကွင်းလယ်နဲ့ တိုက်စစ် အကြား နားလည်မှု ပျက်နေသလိုပါပဲ ။ ဘာလို့လဲဆိုတော့ ဂျရူးဟာ ဒီနေ့ပွဲမှာ ဘာအခွင့်အရေးမှ မရခဲ့လို့ပါ ။ သူ့ဆီကို ဘောလုံး ပံ့ပိုးမှု လုံးဝ မရှိခဲ့ပါဘူး ။ မီလန်သာ ဒီနှစ်မှာ ချန်ပီယံလိဂ်မှာ ကောင်းကောင်း ဆက်ပြိုင်ချင်တယ်ဆိုရင် ၊ ချဲလ်ဆီးကို နောက်အပတ် ကျော်ဖြတ်နိုင်ဖို့ လိုပါတယ် ။ ”

” ဒါ့အပြင် ယူဗင်တပ်စ်နဲ့လည်း ကစားဖို့ ရှိသေးတာကြောင့် ၊ ဒါဟာ မီလန် အတွက် အရေးပါတဲ့ ၁၀ရက်တာ ကာလ ဖြစ်လာမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ချဲလ်ဆီး နောက်ခံလူဟောင်း ဖရန့် လီဘို့ဖ်ကတော့ ခြင်္သေ့ပြာတို့ရဲ့ ကစားပုံက ပြီးပြည့်စုံမှုနဲ့ အဝေးကြီးမှာ ရှိနေသေးတယ်လို့ သုံးသပ်ခဲ့ပါတယ် ။

လီဘို့ဖ် က ” ပြီးခဲ့တဲ့ အပတ်က ချဲလ်ဆီးရဲ့ ကစားပုံက ပျင်းစရာကောင်းခဲ့ပါတယ် ။ မနေ့က ပွဲမှာလည်း ပျင်းစရာကောင်းခဲ့သေးတယ် ဆိုပေမယ့် ၊ အနည်းဆုံးတော့ အေစီမီလန်ကို ဂိုးပြတ်နိုင်ခဲ့တာဆိုတော့ ပျော်စရာကောင်းခဲ့ပါတယ် ။ ဒါဟာ တော့တင်ဟမ်နဲ့ ပွဲ နောက်ပိုင်း ချဲလ်ဆီးဆီကနေ ကျွန်တော် ကြိုးစားအားထုတ်မှု တခုခု မြင်ခဲ့ရတာ ဖြစ်ပါတယ် ။ ”

” မေဆင်မောင့်က သူ့ရဲ့ အကောင်းဆုံး ပုံစံဆီ ရောက်လာတယ် ၊ ရိစ်ဂျိမ်းစ်က တဂိုးသွင်း တဂိုးဖန်တီးပြီး အံ့သြဖွယ် စွမ်းဆောင်ရည် ပြခဲ့တယ် ၊ သီယာဂို ဆေးလ်ဗားကလည်း အရမ်းကောင်းခဲ့ပါတယ် ။ အဆုံးမှာတော့ ချန်ပီယံလိဂ်ပွဲ တပွဲကို ၃ဂိုးပြတ်နိုင်ခဲ့တာဆိုတော့ အိုကေပါတယ် ။ ဒါပေမယ့် မီလန်မှာ ဒဏ်ရာ ပြဿနာ အချို့ ရှိနေခဲ့တာပါ ။ ”

” ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အလုပ် ကိုယ်ပြီးစီးအောင် လုပ်ခဲ့တာကြောင့် အနည်းဆုံးတော့ ဒီအတွက် ဝမ်းမြောက်ပေးရမှာပါ ။ ချဲလ်ဆီးရဲ့ ကစားပုံက ပြီးပြည့်စုံတယ် ဆိုတဲ့ အနေအထားနဲ့ အဝေးကြီးမှာပါ ။ ဒါပေမယ့် နောက်တပွဲ မလာခင် အထိတော့ ကျွန်တော့ကို အနည်းဆုံး ဖျော်ဖြေမှု ပေးခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR