မနေ့ညကပွဲအတွက် ပေါလ်စခိုး ချီးကျူး ဝေဖန် စာနာ ပေးခဲ့တဲ့ သရဲနီများ

“သူက တကယ် အရည်အသွေးရှိတဲ့ ကစားသမားပါပဲ” လို့ ပေါလ်စခိုး က အန်တိုနီ မာစီရယ် ကို ချီးကျူး ပြောဆိုခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ယမန်နေ့ ညက ယူရိုပါလိဂ် တတိယမြောက် အုပ်စု ပွဲစဉ် အဖြစ် ဆိုက်ပရပ်စ် အခြေစိုက် အိုမိုနီးယား အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့ပြီး ၃-၂ နဲ့ အနိုင် ရရှိခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ နောက်ခံလူ မာလာစီယာ ရဲ့ အမှားကနေ အိမ်ရှင်ကို အဖွင့်ဂိုး ပေးခဲ့ရပြီး နောက်က လိုက်ကစား ခဲ့ရပါတယ် ။

ဒုတိယပိုင်း မှာတော့ ယူနိုက်တက် ဟာ လူစားဝင်လာတဲ့ ရက်ဖိုဒ့် ၊ မာစီရယ် တို့ရဲ့ ဂိုးတွေနဲ့ အိုမိုနီးယား ကို ဦးဆောင်နိုင်ခဲ့ကာ ပွဲပြီးခါနီးမှာ တဂိုး ထပ်ပေးခဲ့ရပြီး ၃-၂ နဲ့ ပွဲသိမ်း နိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

အန်တိုနီ မာစီရယ် ဟာ ရာသီကြို ခြေစမ်းပွဲတွေမှာ ပုံစံကောင်းတွေ ပြသခဲ့ပြီး ရာသီစတင်ချိန် မှာတော့ ဒဏ်ရာရကာ အနားယူခဲ့ရ ပါတယ် ။ ပြီးခဲ့တဲ့ မန်စီးတီး နဲ့ပွဲမှာတော့ မာစီရယ် ဟာ ဒုတိယပိုင်းမှာ လူစားဝင် လာခဲ့ပြီး ယူနိုက်တက် အတွက် ၂ ဂိုး သွင်းပေးခဲ့ပါတယ် ။

မနေ့ညက ပွဲမှာလည်း မာစီရယ် ဟာ ၆၂ မိနစ်မှာ လူစားလဲ ဝင်လာခဲ့ပြီး ၁ မိနစ် အကြာမှာပဲ ယူနိုက်တက် ကို ၂-၁ နဲ့ ဦးဆောင်စေနိုင်မယ့် ဂိုးကို သွင်းယူပေးခဲ့ပါတယ် ။

“သူ ကွင်းထဲဝင်လာပြီး ရှိသမျှ အစွမ်းအကုန် ထုတ်သွားခဲ့ ပါတယ် ။ သူ့ရဲ ဂိုးကလည်း မာစီရယ် ဆိုတဲ့ ကစားသမား ဆီက ကျွန်တော်တို့ မျှော်လင့်ထားတဲ့ အရာမျိုး ပါပဲ ။ သူဟာ ဘယ်လို ကစာသမားဆိုတာ ၊ သူ့မှာ အရည်အသွေး ရှိတယ်ဆိုတာ ယူနိုက်တက် ပရိသတ် အားလုံး သိကြမှာပါ ။ ဒါမျိုး မကြာခဏ မြင်ရဖို့ မျှော်လင့် နေကြမှာပါပဲ”

“လွန်ခဲ့တဲ့ ၁၈ လ လောက်မှာ ဒဏ်ရာတွေကြောင့် သူ တိတ်ဆိတ် နေခဲ့ရပါတယ် ။ အငှားတွေ ထွက်ခဲ့ရ ပါတယ် ။ ယူနိုက်တက် အတွက် ဂိုးတွေ အများကြီး သွင်းပေးနိုင်တဲ့ အလားအလာတွေ သူ့မှာ ရှိပါတယ် ။ အခု မာစီရယ် အခွင့်အရေးတွေ ရလာဖို့ ကျွန်တော် မျှော်လင့် နေပါပြီ” လို့ စခိုးလ် က BT Sports ကနေ သုံးသပ်ရင်း ချီးကျုး ပြောဆိုခဲ့ ပါတယ် ။

ဒါပေမယ့် စခိုး ဟာ မနေ့ညက ပွဲမှာ ပါဝင်ခဲ့ကြတဲ့ ယူနိုက်တက် ရဲ့ တောင်ပံလူတွေ ( ဆန်ချို နဲ့ အန်တိုနီ ) ကိုတော့ ဝေဖန် ပြောဆိုသွားခဲ့ ပါတယ် ။

အခု နွေရာသီကမှ အိုင်ယက်စ် ကနေ ယူနိုက်တက်ဆီ ပြောင်းလာတဲ့ သန်း ၈၀ တန် အန်တိုနီ နဲ့ အသင်းဖော် ဆန်ချို တို့ဟာ ခံစစ်ပိုင်းကို ဆင်းမကူမှုကြောင့် ပြီးခဲ့ဲတဲ့ မန်စီးတီး နဲ့ ပွဲမှာ ကတည်းက ဝေဖန်ခံ ခဲ့ရသူတွေ ဖြစ်ပြီး မနေ့ညက ပထမပိုင်းမှာလည်း ဒီလို အားထုတ်မှုမျိုးတွေ မမြင်တွေ့ ခဲ့ရပါဘူး ။

“အန်တိုနီ က တောင်ပံ ကစားသမားဆိုတာ ဟုတ်ပါတယ် ၊ ဒါပေမယ့် သူ့တာဝန်က ရှေ့မှာချည်း မဟုတ်ပါဘူး ။ ဆန်ချို ဆိုရင်လည်း နောက်ကို ဘယ်တော့မှ ပြန်မဆင်းသလို ပါပဲ ။ နောက်ခံ အစွန်လူတွေ အတွက် အားဖြည့်ပေးဖို့ လိုအပ်ပါတယ် ။ ဒီတာဝန်တွေကို ရှေ့တန်း တောင်ပံလူတွေက ယူရမှာပါ”

“အန်တိုနီ က အထဲကို ချိုးပြီး ကန်ရင်ကန်မယ် ၊ မဝင်ရင် နောက်ပြန်ပေးမယ် ၊ ဒါတွေပဲ သူလုပ် နေပါတယ် ။ အခုထက် ပိုတိုးတက်ဖို့ လိုနေသေးတာတော့ အမှန်ပါပဲ ။ ခြေစွမ်းပိုင်းရော စိတ်ဓါတ် ခံယူချက် အပိုင်းမှာရောပေါ့” လို့ စခိုးလ် က ပြောဆို ဝေဖန် သွားခဲ့ ပါတယ် ။

ဆက်လက်ပြီး မနေ့ညကပွဲမှာ အခွင့်အရေးတွေ လွဲချော်ပြီး ဂိုးကံခေ ခဲ့တဲ့ အသင်းဖော်ဟောင်း ခရစ္စတီယာနို ရိုနယ်ဒို အတွက်လည်း စခိုး က သုံးသပ်ပြောဆို ခဲ့ပါတယ် ။

ယူနိုက်တက် တသင်းလုံးဟာ ဒီရာသီမှာ ပင်နယ်တီ တဂိုးသာ ရထားသေးတဲ့ ရိုနယ်ဒို ကို ဂိုးရအောင် ဝိုင်းဝန်း ဖန်တီးပေးခဲ့ပေမယ့် ပေါ်တူဂီသားကြီး အတွက် ဆိုက်ပရပ်စ်မြေဟာ လာခြင်းကောင်းတဲ့ နေရာမဟုတ်ခဲ့ပါဘူး ။

စခိုးလ် ကတော့ ရိုနယ်ဒို ရဲ့ ကံခေနေမှုတွေဟာ ယာယီသာ ဖြစ်ပြီး တနင်္ဂနွေနေ့မှာ ကစားမယ့် အဲဗာတန် နဲ့ ပွဲမှာ အခွင့်အရေး ရခဲ့ပါက ရိုနယ်ဒို ဂိုးပေါက် ပြန်တွေ့ နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ လာမယ့် ပိတ်ရက်မှာ အဲဗာတန် အသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး ဥရောပ ဝင်ခွင့် ရယူနိုင်ရေး အတွက် ဂူဒီဆင်ပါ့ခ် က ပွဲမှာ ရလဒ်ကောင်း ထွက်ပေါ်ဖို့ လိုအပ်နေ မှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR