ဒီတပတ် အတွက် ကြည့်ချင်စရာ ပွဲကောင်းများ

ရက်သတ္တပတ်တခု ရဲ့ နောက်ဆုံးပိတ်ရက် ကို ရောက်ရှိလို့ လာပြန်ပါပြီ ။ တနည်းပြောရရင်တော့ နောက်ထပ် အမှတ်ပေး ပွဲစဉ်တခု ရောက်ရှိလာတာပါ ။

ဒီတပတ်မှာ ထိပ်သီးလိဂ်တွေ အနက်က အသင်းကြီးချင်း ၊ အသင်းကောင်းချင်း ထိပ်တိုက်တွေ့ဆုံတဲ့ ပွဲတွေကို စုစည်း ဖော်ပြပေးလိုက်ပါတယ် ။

၁ ။ ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ရဲ့ ပွဲစဉ် ၁၀ မှာ စိတ်ဝင်စားဖို့ ကောင်းတဲ့ ပွဲကောင်း ၂ ပွဲ ရှိနေပါတယ် ။ တပွဲက အာဆင်နယ် နဲ့ လီဗာပူး တို့ရဲ့ အီးမရိတ် က စီးချင်းထိုးပွဲပါ ။ အဆင့် ၁ ကနေ အမြင့်ပျံနေတဲ့ အာဆင်နယ် နဲ့ ဒီရာသီမှာ ခြေယိုင် နေတဲ့ လီဗာပူးတို့ရဲ့ ပွဲမှာ ဘယ်သူက အသာစီး ရသွားမလဲ ဆိုတာ စိတ်ဝင်စားဖို့ တကယ်ကောင်းပါတယ် ။

အရင်နှစ်တွေတုန်းက အသင်းကြီးတွေဟာ ဂန်းနားတို့ရဲ့ အားနည်းချက် ဖြစ်ခဲ့ပါတယ် ။

အခုရာသီမှာ သူတို့ မန်ချက်စတာ ယူနိုက်တက် ၊ တော့တင်ဟမ် ဟော့စပါး တို့နဲ့ ကစားလို့ ပြီးပါပြီ ။ တပွဲကို ၃-၁ နဲ့ ရှုံးပြီး နောက်တပွဲကို ၃-၁ နဲ့ နိုင်ထားပါတယ် ။ ပဲစားပဲကြေ ပါပဲ ။ အခု သူတို့ကို လီဗာပူးနဲ့ ထပ်မံ စမ်းသပ်ရတော့မှာပါ ။

အာဆင်နယ် အတွက်က စမ်းသပ်မှုတခုဆိုပေမယ့် လီဗာပူး အတွက်တော့ သေရေးရှင်ရေးတမျှ အရေးကြီးမှာပါ ။ ဒီပွဲသာ ထပ်ရှုံးခဲ့ရင် အဆင့် ၁ နဲ့ ၁၄ မှတ်ထိ ကွာသွားမှာပါ ။ စောစောစီးစီး EPL ဖလားကို ဘိုင့်ဘိုင် ခေါ်လိုက်ရသလို ဖြစ်သွားမှာ အသေအချာပါပဲ ။ ဒါမျိုး ကလော့ အဖြစ်ခံမလား ၊ လီဗာပူး ရဲ့ မတည်ငြိမ်တဲ့ Form ကရော စိတ်သွားတိုင်း ကိုယ်ပါခွင့် ပြုနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ ။

ဒုတိယပွဲကတော့ ဘရိုက်တန် နဲ့ တော့တင်ဟမ် ဟော့စပါး တို့ ကစားမယ့် ပွဲပါ ။ အဆင့် ၃ နဲ့ အဆင့် ၄ က ပွဲမှာ ဘယ်သူမှားမလဲ ကြည့်ရမှာပါပဲ ။ နည်းပြ အပြောင်းအလဲ ဖြစ်ခဲ့ပေမယ့် ဘရိုက်တန် က လီဗာပူး နဲ့ ပွဲမှာ အံ့အားသင့်အောင် လုပ်ပြ ခဲ့ပြီးပါပြီ ။ အခု ကွန်တီ ရဲ့ အလှည့်ပါ ။

စပါးက ခုထိ မျက်စိစုံမှိတ်ပြီး ပုံအပ်လို့ မရသေးပါဘူး ။ ဒီပွဲကို နိုင်ချင်လည်း နိုင်သွားနိုင်သလို ယုံကြည်မိရင် တောက်တခေါက်ခေါက်နဲ့ ဖြစ်ကျန်ရစ်အောင်လည်း ညံ့ချင် ညံ့ပြနိုင်ပါတယ် ။

ဘရိုက်တန် ကတော့ သူတို့ရဲ့ ဟန်အတိုင်း ရိုးရိုး ရှင်းရှင်း ကစားပြီး ကြောက်ဖို့ ကောင်းအောင် လုပ်ပြနေဦး မှာပါပဲ ။ ဒီရာသီမှာ ဘရိုက်တန် ကို EPL Dark Horse အဖြစ် ခန့်မှန်းထားတာတွေ တကယ်မှန်နေမလား ၊ ဒီပွဲမှာ အိမ်အလည်လာတဲ့ ကွန်တီ နဲ့ ကြက်ဖတွေကို ဘယ်လို ဧည့်ခံလွှတ်လိုက်မလဲ ဆိုတာ စိတ်ဝင်စားဖို့ အရမ်းကောင်းနေမှာ အမှန်ပါပဲ ။

၂ ။ စီးရီးအေ

ဒီတပတ်မှာတော့ လက်ရှိ ချန်ပီယံ အေစီမီလန် နဲ့ ယူဗင်တပ် တို့ရဲ့ ထိပ်တိုက်တွေ့ပဲ ရှိပါတယ် ။

ယူဗင်တပ် ဒီရာသီမှာ ရလဒ်တွေ မတည်ငြိမ်ဘဲ တာထွက် မကောင်းခဲ့ပါဘူး ။ ဒါပေမယ့် နောက်ဆုံး ၂ ပွဲ ကို အနိုင်ရမှု နဲ့ အတူ လမ်းကြောင်းပေါ် ပြန်တက်စ ပြုလာပါပြီ ။

အေစီ ကတော့ ကြားရက်က ချန်ပီယံလိဂ် မှာ ချဲလ်ဆီး ကို ရှုံးထားပါတယ် ။

လက်ရှိမှာ အေစီက ၁၇ မှတ် နဲ့ အဆင့် ၅ ၊ ယူဗင်တပ် က ၁၃ မှတ်နဲ့ အဆင့် ၇ မှာ ရှိနေကြပါတယ် ။ ထိပ်ဆုံးက နာပိုလီ ၊ အတ္တလန်တာ တို့နဲ့ အမှတ်မပြတ်ဖို့ အခုပွဲကို ၂ သင်းစလုံး အနိုင်ရဖို့ အားထုတ်ကြမှာပါ ။

ကစားသမားကောင်းတွေ အပြည့်နဲ့ ပွဲဖြစ်လို့ စိတ်ဝင်စားဖို့ ကောင်းမှာကတော့ အသေအချာပါပဲ ။

၃ ။ ဘွန်ဒစ်လီဂါ

ဘွန်ဒစ်လီဂါ ရဲ့ ဒီတပတ်ကတော့ Der Klassiker ပါပဲ ။

ဘိုင်ယန် နဲ့ ဒေါ့မွန် တို့ ကစားကြမှာပါ ။ ဂျာမန် ဘာသာ အရဆိုရင်တော့ သူတို့ရဲ့ El Clasico ( ဂန္ထဝင်မြောက်တဲ့ပွဲ ) ပေါ့ဗျာ ။

ထိပ်ဆုံးက ယူနီယံ ဘာလင် ရှေ့တပတ်တုန်းက ရှုံးခဲ့တာကြောင့် ဘိုင်ယန် တို့ အဆင့် ၁ ကို လိုက်မီဖို့ အခွင့်အရေး ရလာခဲ့ပါတယ် ။ အခု ဒီအခွင့်အရေး မှာ ဒေါ့မွန်က လာပြီး ပိတ်ဆို့ နှောက်ယှက်ဖို့ ကြိုးစား ရတော့မှာပါ ။

၂ သင်းစလုံးက ၁၅ မှတ်စီ နဲ့ အထက်အောက် ရှိနေပါတယ် ။ လူအင်အား ကတော့ ဘိုင်ယန် က အသာကြီး ပါပဲ ။ ဒါပေမယ့် ဒေါ့မွန် ကွင်းမှာ ပရိသတ်အား အပြည့်ရှိတာတော့ မေ့ထားလို့ မရပါဘူး ။

ဂျုဒ် ဘယ်လင်ဂမ် နဲ့ ဘိုင်ယန်က စူပါစတား တအုပ်တို့ အားပြိုင်ကြမယ့်ပွဲမှာ အင်္ဂလန်သားလေး ဘက်က ဘယ်သူရှိနေမှာလဲဗျာ .

လာလီဂါ နဲ့ ပြင်သစ် လီဂူး တို့မှာတော့ အသင်းကြီးချင်း ထိပ်တိုက်တွေ့တာတွေ မရှိပါဘူး ။ နောက်တပတ် မှာတော့ အားလုံး စိတ်ဝင်စားကြမယ့် El Clasico ရှိပါတယ် ။ လောလောဆယ်တော့ ဒီတပတ်ကိုပဲ အရင် စီးမြောခံစား ကြပါဦးစို့ဗျာ . . . . . ။

 

SPORTS MYANMAR